နမ့်ခမ်းရှိ သက်တမ်းနှစ် ၆၀၀ ကျော်ခန့်ရှိ သရက္ခန်ပင်
ဂင်းနစ်စံချိန်ဝင်ရန် ဒေသခံများ မျှော်လင့်နေကြောင်း သိရ
ဂင်းနစ်စံချိန်ဝင်ရန် ဒေသခံများ မျှော်လင့်နေကြောင်း သိရ
နမ့်ခမ်းမြို့ အနောက်ဘက် မိုင် ၂၀ ခန့် ကွာဝေးသော တောင်ပေါ်ဒေသဖြစ်သည့် မန်းပူးရွာတွင် သက်တမ်း နှစ် ၆၀၀ အထက်ရှိသော သရက္ခန်ပင် (ဒေသအခေါ် ကျောက်ခက်ပန်းပင်)ကို ဂျပန် သစ်တောပညာရှင်များ၏ လာရောက်လေ့လာမှုကြောင့် ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်ရန် ဒေသခံများ မျှော်လင့်လျက် ရှိကြောင်း သိရသည်။
''ဒီသစ်ပင်က ကျွန်တော်တို့ ရွာစတည်ကတည်းက စိုက်ခဲ့တာလို့ ကြားဖူးပါတယ်။ ဘိုးဘွားတွေ လက်ထက်ကတည်းက ဆိုတော့ သစ်ပင်ရဲ့ သက်တမ်းကို အတိအကျ မပြောနိုင်ပါဘူး။ ဂျပန်ပညာရှင်တွေ ခန့်မှန်းတာကတော့ ဒီသစ်ပင်က နှစ် ၆၀၀ အထက်ရှိမယ်လို့ ခန့်မှန်းသွားပါတယ်။ ကမ္ဘာ့ဂင်းနစ် စံချိန်တင်ဖို့ လာလေ့လာတာလို့ ပြောပါတယ်''ဟု ဒေသခံတစ်ဦး ကပြောသည်။
အဆိုပါ သရက္ခန်ပင်ကို ဒေသတွင် မင်္ဂလာပန်းအဖြစ် ၎င်းအပင်၏ သစ်ရွက်သစ်ခက်များကို အသုံးပြုလေ့ ရှိသလို လူနေအိမ်များတွင် ပင်ပု အလှပန်းပင်များအဖြစ် ပန်းအိုးများဖြင့် အိမ်၏အလှကို တန်ဆာဆင်လေ့ ရှိကြသော်လည်း ယခုကဲ့သို့သော အပင်ကြီးကို မတွေ့ဖူးကြကြောင်း၊ အဆိုပါ အပင်သည် သက်တမ်း ၁၀ နှစ် အရွယ်တွင် အပင်အမြင့်မှာ သုံးပေ၊ လေးပေသာရှိပြီး ယခုအပင်သည် ပင်စည်လုံးပတ် ၁၆ ပေ ရှိကြောင်း သိရသည်။
''ဒီအပင်ကို တရုတ်နိုင်ငံက ယွမ် ၁၀ သိန်းနဲ့ လာဝယ်ပါတယ်။ ကျွန်တော်တို့ မရောင်းပါဘူး။ ဘိုးဘွားအမွေမို့ပါ။ သရက္ခန်သားကို ဘုရားဆင်းတုတွေ ထုလုပ်တယ်လို့ သိရတယ်''ဟု ဒေသခံတစ်ဦးက ပြောပါသည်။ သရက္ခန် အပင်မျိုးမှ သက်တမ်းကြာ အပင်ကြီးမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ဤတစ်ပင်တည်းသာရှိပြီး အလားတူအပင်မျိုး ပြင်ဦးလွင်တွင် တစ်ပင်ရှိကြောင်း ဂျပန်ပညာရှင်များက ပြောကြားသည်။
Source from http://www.news-eleven.com



0 comments:
Post a Comment