ဒီတစ်ပတ် မျက်နှာဖုံးရှင် က မိုးကုတ်သူလေးပါ။
အသံလေးချိုချို အေးအေးလေးနဲ့ သီချင်းဆိုတတ်တဲ့ အဆိုတော် N ကိုင်ရာပါ။
ဂီတလောကထဲကို ရောက်လာတာ သိပ်မကြာသေးပါဘူး။ အခုမှ ၃-၄ နှစ်ပဲ ရှိပါသေးတယ်။
Nကိုင်ရာဟာ တစ်ကိုယ်တော်ခွေ မထုတ်ရသေးပေမယ့် စုပေါင်းသီဆိုတဲ့ ခွေတွေနဲ့ ရှိုပွဲတွေ တော်တော်များများမှာ တွေ့ နေရပါတယ်။ Nကိုင်ရာနဲ့ တွေ့ဆုံခိုက် " ကိုင်ရာ အခု ဘယ်တွေလုပ်နေသလဲ " လို့ မေးကြည့်တော့- မနေ့ကမှ မြစ်ကြီးနားမှာ Show ဆိုပြီး ပြန်လာတာ။
ဖေဖော်ဝါရီလ ၂ ရက်နေ့ကျရင် ပြည်ပမှာ သွားဆိုဖို့ ရှိတယ်လို့ ပြောပြပါတယ်။
မေး ။ ။ ဘယ်နိုင်ငံမှာ သွားဆိုမှာလဲ
ဖြေ ။ ။ မလေးရှားမှာပါ။
မေး ။ ။ ဘယ်သူတွေပါသေးလဲ
ဖြေ ။ ။ 8 Ladies Show ပါ။ မကော်နီရယ်၊ ချစ်ငယ် (မေခလာ) ရယ်၊ မဖြူဖြူကျော်သိန်းရယ်၊ ချစ်သူဝေရယ်၊ Lဆိုင်းဇီရယ်၊ ရေဗက္ကဝင်းရယ်၊ သဇင်ရယ်နဲ့ ကိုင်ရာရယ်ပါ။
မေး ။ ။ ကိုင်ရာ အနေနဲ့ပြည်ပရှိုး ဘယ်နှခုလောက် ဖျော်ဖြေပြီးပြီလဲ
ဖြေ ။ ။ ၆ ခုလောက်ရှိပြီ။
မေး ။ ။ ကိုင်ရာ စုပေါင်းဆိုတဲ့ခွေ ဘယ်နှခွေလောက် ဆိုပြီးသွားပြီလဲ
ဖြေ ။ ။ ၇ ခွေ၊ ၈ ခွေလောက်ရှိပြီ။
မေး ။ ။ ကိုင်ရာရဲ့ တစ်ကိုယ်တော် ခွေကရော ဘယ်တော့လောက် ထွက်ဖို့ရှိမလဲ
ဖြေ ။ ။ ကိုင်ရာ ကြိုးစားပြီး လုပ်နေပါတယ်။ ၂၀၁၁ ခုနှစ် အကုန်လောက်မှာ ထွက်ဖြစ်အောင် ကြိုးစားနေပါတယ်။
မေး ။ ။ ကိုင်ရာရဲ့ ကျန်းမာရေး အခြေအနေကိုရော ပြောပြပေးပါ
ဖြေ ။ ။ မြစ်ကြီးနား Show ပွဲပြီးတော့ မိုးကုတ်ကို ခဏပြန်လည်တယ်။ အဲဒီမှာ အရမ်းအေးတော့ အအေးပတ်ပြီး ဖျားလာတယ်။
မေး ။ ။ ကိုင်ရာမှာ တခြား ဘာဝေဒနာတွေရှိသေးလဲ
ဖြေ ။ ။ ဖျားတာလောက်ပဲ ရှိပါတယ်။ ကြီးကြီးမားမား ဘာမှမဖြစ်ဖူးပါဘူး။
မေး ။ ။ ဒါဆိုရင် ကျန်းမာဖို့အတွက် ဂရုစိုက်တာတွေရော ရှိလား
ဖြေ ။ ။ ကိုင်ရာက ချဉ်၊ ငန်၊ စပ် တွေ ကြိုက်တော့ အဲဒါ တွေကိုတော့ သတိထားပြီး စားရတယ်။ ပြီးတော့ ကိုယ်က အဆိုတော် တစ်ယောက်ဆိုတော့ အသံအတွက် ဂရုစိုက်ရသေးတယ်။ လည်ချောင်းမနားအောင် ရေခဲရေမသောက်ဘူး။ ရေခဲမုန့်ကြိုက်ပေမယ့် တစ်ခါတလေမှ စားတယ်။ အခု မလေးရှားသွားရင်တော့ ဆေးစစ်မယ်လို့ စဉ်းစားထားပါတယ်...လို့ ပြောပြခဲ့ပါတယ်။
လူတစ်ယောက် ခုခံအားနည်းနေ တဲ့အချိန်လည်းဖြစ်၊ လေထုထဲမှာ ဖုန်၊ မှုန်နှင့်အဏုဇီဝပိုးမွှားများ
စသည်တို့ ပါဝင်သော လေကို အသက်ရှူမိတဲ့ အခါဆိုရင် Pharyngitis လို့ခေါ်တဲ့ လည်ချောင်းနာခြင်း ဖြစ်ပေါ်စေတတ်ပါတယ်။
အဲဒီအချိန်မှာ ရေခဲလို သိပ်အေးတဲ့ အစားအစာတွေ၊ ပူလွန်း၊ စပ်လွန်းသော အစားအစာ တွေ မျိုချမိရင် ပိုဆိုးစေတတ်ပါတယ်။ စထရက်တိုကောကပ်စ်လို ဗက်တီးရီးယားမျိုး၊ ဝင်ရောက်ခံရမှု ခဏခဏ ဖြစ်ရင် ၎င်းပိုးကိုတိုက်ထုတ်သော ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ ခုခံပစ္စည်းများက မိမိခန္ဓာကိုယ်ကို မှားပြီး တိုက်ခိုက်တတ်တဲ့ အတွက်လေးဖက်နာ အဆစ်ရောင်ရောဂါ၊ လေးဖက်နာ နှလုံးရောဂါဖြစ်သည် အထိ နောက်ဆက်တွဲပြဿနာများ ဝင်ရောက်ခံရပါတယ်။
ဒါကြောင့် လည်ချောင်းနာခြင်းကို ခပ်ပေါ့ပေါ့ ကျန်းမာရေး ပြဿနာအဖြစ် မထားသင့်ပါဘူး။
Source Interview from Health Digest
0 comments:
Post a Comment