အမှိုက်ပုံများတွင် အမှိုက်နှင့် တိရစ္ဆာန်အသေများကို
ခွဲခြားစွန့်ပစ်သင့်
ခွဲခြားစွန့်ပစ်သင့်
မေစိုးစံ
ရန်ကုန်၊ ဇန်နဝါရီ ၂၁၊
သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးကိုကာကွယ်ရန် အမှိုက်ပုံများတွင် အမှိုက်များနှင့် တိရစ္ဆာန်အသေများကို ခွဲခြားစွန့်ပစ်သင့်ကြောင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ဆောင်နေသည့် အန်ဂျီအိုအသိုက်အဝန်းမှ သိရသည်။
အမှိုက်စွန့်ပစ်ရင် ရိုးရိုးအမှိုက်နဲ့ တိရစ္ဆာန်အသေကို ခွဲခြားစွန့်ပစ်သင့်ပါတယ်။ ဒီလိုမဟုတ်ရင် အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့တိရစ္ဆာန်က နေဒဏ်၊ လေဒဏ်၊ မိုးဒဏ်နဲ့ပုပ်သွားရင် အနံ့တွေထွက်လာမယ်။
အဲဒီတော့ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေအတွက် အ သက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်နိုင်တယ်။ ဒါကြောင့် တိရစ္ဆာန်သေတွေကို သေသေချာချာမြေမြှုပ်စွန့်ပစ်ဖို့လိုမယ် ဟု အန်ဂျီအိုအဖွဲ့တစ်ဖွဲ့မှ ကျန်း မာရေးဝန်ထမ်း ကိုဇေယျက ပြောသည်။
အချို့မြို့စွန်များတွင် အမှိုက်များစွန့်ပစ်ရန် သက်ဆိုင်ရာမှ နေရာသတ်မှတ် ပေးထားသော်လည်း၊ အ ချို့သောရပ်ကွက်များအတွင်း၌ အမှိုက်ပစ်ရန်အတွက် သတ်မှတ်နေရာပြုလုပ်ပေးထားမှုမှာ အားနည်း နေသေးကြောင်း သိရသည်။
ကျွန်မတို့ဘက်မှာ အမှိုက်ပုံကြီးရှိတယ်။ အမှိုက်လည်းပစ်တယ်။ တိရစ္ဆာန်အသေလည်း လာပစ်တယ်။ အမှိုက်ပုံက လူနဲ့ဝေးတဲ့နေရာဆို ကိစ္စမရှိဘူး၊ အခုက ဈေး၊ကျောင်း၊ ရပ်ကွက်ဓမ္မာရုံနဲ့အနီးမှာ မဖြစ်မနေ ဖြတ်သွားနေရတဲ့ လမ်းမဘေးမှာဆိုတော့ တိရစ္ဆာန်အသေလာပစ်ရင် မြေမမြှုပ်တော့ ပုပ်စော်နံနေတာပဲ။
ဟိုတလောကပဲ ခွေးသေတွေအများကြီး လာပစ်သေးတယ် ဟု ဒဂုံမြို့သစ်(အရှေ့ပိုင်း)ဗိုလ်လင်း ယုန်လမ်းအတွင်းနေထိုင်သူ အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။
သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့များမှလည်း သတ္တဝါသေများကိုတွေ့ရှိလျှင် သဘာဝပတ်ဝန်းကျင်အတွက် မြေမြှုပ်စွန့်ပစ်ရန် ညွှန်ကြားချက်ထုတ်ပြန်ထား ပြီးဖြစ်ကြောင်း ကျန်းမာရေး ဌာနမှသိရသည်။
အနံ့မှာ ကောင်းတဲ့ အနံ့၊ ဆိုးတဲ့အနံ့ဆိုပြီးရှိတယ်။ အနံ့ဆိုးဆိုရင် အန္တရာယ်ဖြစ်စေတယ်။
အနံ့ဆိုတာ လေထဲမှာပြန့်လွင့်နိုင်တဲ့အတွက် လေထုညစ်ညမ်းမှုကိုလည်း ဖြစ်စေတယ်။ လူတွေရဲ့ကျန်းမာရေးကိုလည်း ထိခိုက်တယ်။
မြို့ပြရဲ့အင်္ဂါရပ်ကိုလည်း ထိခိုက်တယ်၊ ဒါကြောင့် လူထုအနေနဲ့ အမှိုက်ကို ဂရု တစိုက်စွန့်ပစ်သင့်ပါတယ် ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
မေစိုးစံ
Source Article from
http://www.ecovisionjournal.com/news
0 comments:
Post a Comment