+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, April 1, 2011

ဘာဖြစ်လို့ စောစောမပြောတာလဲ


ဘာဖြစ်လို့ စောစောမပြောတာလဲ
(မင်းစိုးစံ)
April 1,2011

ရေးမယ်ရေးမယ်နဲ့ ကြံနေတာ ကြာလာတော့ ဘာတွေရေးရမယ်မှန်း မသိတော့လောက်အောင် အခြေအနေက ဆိုးလာတယ်။
ဘာကြောင့်လဲဆိုတော့ ၂၀၁၀ဒီဇင်္ဘာလက စလို့ ဇော်ဂျီဖေါင့်မသွင်းတတ်လို့ စာရေးဘို့မဖြစ်နိုင် တာနဲ့ အင်တာနက်တကာကိုလှည့် ဟိုကစာကိုကူး ဒီကဓါတ်ပုံကိုထည့် ဟိုကအသံကိုယူ ဒီကအရုပ်နဲ့တွဲ အဲဒီ လိုလုပ်လာလိုက်တာ ဒီကနေ့အထိဆိုတော့ လေးလတင်းတင်းပြည့်ခဲ့ပြီပေါ့ဗျာ။

သူများတကာရေးထားတာကို ကိုယ့်ဘလော့ပေါ်တင်ရတာ လွယ်တယ်ဗျ။ ဘာမျှစဉ်းစားစရာမလိုဘူး၊ကိုယ်တိုင် ရေးတဲ့အခါကျတော့ အတော်လေးကိုအလုပ်ရှုတ်တာ၊စဉ်းစားရတယ် ပြန်ဖတ်ရတယ် ပြီးတော့ ပြန်ပြင် ပြန်ရေး ပြန်တွေး ပြန်ဖတ် အဲဒီလိုကိုလုပ်နေရတာ၊ အခုတော့အကျင့်ကပါလာတယ် သူများဆိုက်ကအကြောင်းအရာကို အသေအခြာမဖတ်ဘူး ကိုယ့်ဘလော့ပေါ် ပစ်တင်လိုက်တယ် အောက်ကနေကူးယူတဲ့လိပ်စာလေး ရေးထည့်ယုံ လေးဆိုတော့ အတော်ကိုအလုပ်ဖြစ်တာ။

တခုတော့ရှိတယ်ဗျ အချို့ဘလော့တွေက တင်ထားတဲ့အကြောင်းအရာလေးတွေက အတော်ကိုကောင်းတာဗျို့။ ခက်တာက စာလုံးပေါင်းလေးတွေမှားနေတာတွေရှိလို့ပြင်ရတဲ့အခါမျိုးကျလျင်တော့ တော်တော်ကသီတာပဲ၊ဥပ မာ မ နေရာမှာ အ မှားရိုက်လိုက်တာမျိုး အောက်ကမြင့် လေးကျန်နေတာမျိုး နောက်ပစ် လေးကျန်နေတာမျိုး ဆိုလျင် တော်တော်ကိုခက်တာ၊တခုပြမယ်ဗျာ မြို့ ဆိုပါတော့ အောက်ကမြင့် ကျန်ခဲ့ပါပြီတဲ့ ဇော်ဂျီဖေါင့်ကလည်း ရိုက်လို့မရဘူးဆိုတဲ့အခါကျတော့ ပြင်ကြည့်ဘူးလား။ နောက်တခု မြဲ ဆိုပါစို့ နောက်ပစ်ကျန်ခဲ့ပါပြီဆိုပါတော့ ခင် ဗျားတော့ မသိဘူး ကျုပ်ကတော့ တော်တော်လေးကို ခက်ခက်ခဲခဲပြင်လိုက်ရတယ် စာလုံးတွေက ထပ်သွားတာ မျိုး ဟိုကနေcopy လာတဲ့စာလုံးက မလိုတဲ့စာလုံးတွေပါလာတာ သတိမထားမိပဲ ကိုယ်ကpast မိလိုက်တာမျိုး တခါ ပြန်ဖျက်ပြန်တော့ ရှိထားတဲ့စာလုံးတွေပျက်သွားတာမျိုး အဲဒီလိုအခက်အခဲလေးတော့ ကြုံရတတ်တယ်ဗျ။

ဒါတွေက ရံဖန်ရံခါပါ တချို့ကျပြန်တော့ သူတင်ထားတဲ့အကြောင်းအရာလေးတွေက အတော်ကိုကောင်းတာ လူ အများလည်း သိသင့်သိထိုက်တဲ့အကြောင်းအရာဖြစ်ပေမယ့် သူ့ဓါတ်ပုံတွေ သူရေးထားတာတွေကို ကူးယူလို့မ ရအောင် လုပ်ထားတာမျိုးတွေကြုံရတတ်ပြန်တယ်။

ဒါကြောင့်လူတကိုယ် စိတ်တမျိုးလို့ဆိုရိုးထားခဲ့တာလားမသိဘူး၊ ကျုပ်ကတော့ ကျုပ်ရေးထားတာကို တဆင့် ကူးယူတင်ပြလေ ပိုကြိုက်လေပဲ ကြိုက်မှာပေါ့ ကိုယ်က ဂုရုကြီးမှမဟုတ်တာ ပြီးတော့ ကိုယ်ရေးတဲ့အကြောင်း အရာဆိုတာကလည်း အပျင်းပြေဖတ်ဘို့တောင် ကောင်းတာမဟုတ်တော့ ဘယ်သူတွေက အပင်ပမ်းခံပြီးတင် မှာတဲ့လဲ။

ကျုပ်ရေးချင်တာတွေက အများသား တခုပဲရှိတယ် ဘယ်ကနေဘယ်လို စရေးလျင်ကောင်းမလဲဆိုတာကို မစဉ်း စားတတ်တာပဲရှိတယ်။ ကိုယ့်အကြောင်းကို ကိုယ်တိုင်ရေးလျင်တော့ ပိုကောင်းမယ်ထင်တာပဲ၊ကျုပ်အသက်ကို ပြန်တွက်ကြည့်လိုက်တော့ သိပ်တော့မငယ်တော့ဘူး မွန်းလွဲပိုင်းလေဗျာ ကျုပ်ရေးချင်တာက ကျုပ်ဘ၀ရဲ့ ဧမြ နွေးထွေးတဲ့ မနက်ခင်းအပိုင်းလေးရေးချင်နေတယ်၊ စာရှုသူတွေက သူငယ်ပြန်တယ်လို့ပြောမှာကိုတော့ စိုးရိမ်မိ သားဗျ။

အချစ်အကြောင်းလေးရေးမယ်ဗျာ၊ အချစ်အကြောင်းဆိုတာကတော့ ကျုပ်နဲ့ပတ်သက်ခဲ့ဘူးတဲ့မိန်းကလေးတွေ အကြောင်းတွေအပြင်၊အခုထက်ထိပတ်သက်နေတဲ့ မိန်းကလေးတယောက်အကြောင်းကိုပါရေးမယ် ခင်ဗျားတို့ ကို ကျုပ်တခုမေးမယ်ဗျာ၊ခင်ဗျားတို့ရည်းစားထားဘူးလား? ခင်ဗျားတို့ရဲ့ ရည်းစားချစ်အောင် စွဲသွားအောင်ဘယ် လိုလုပ်ကြသလဲ? ပြောပြနိုင်မလား နိုး နိုး ခြင်ထောင်ထဲကဇာတ်လမ်းမျိုးမဟုတ်ဘူးနော်။ ကျုပ်သိရသလောက် ကတော့ တချို့ပူရိဿတွေ တော်တော်အပြောကောင်းဆိုပဲ ကျုပ်တို့ခေတ်တုန်းကတော့ အလုပ်လုပ်တာ သမာ အာဇီဝကျတယ် ရိုးသားတယ်ဆိုလျင် မိန်းကလေးရှင်တွေက သဘောကျကြတယ်ဗျ။

ခက်တာက ကာယကံရှင်မိန်းကလေးတွေက နှလုံးသားနဲ့ဆုံးဖြတ်ကြတယ်ပြောမလား ဦးဏှောက်နဲ့ရွေးတယ် ပြောမလား ရိုးရိုးအေးအေးသမားတွေ လူပျိုကြီးလုပ်ကြရတာများတာတွေ့ရတယ်။ ထန်းရည်လေးတမြမြ ပုဆိုး လေးတမမနဲ့ နေတတ်တဲ့လူတွေကျတော့ မိန်းကလေးတွေသဘောကျတာတွေ့ရတယ်။ ကျုပ်တို့ခေတ်တုန်းက ရေနံဆီမီးခွက်ခေတ်ပေါ့ လယ်ထဲဆင်းပြီးရေမိုးချိုးပြီး ညနေကျတော့ အပျိုချောတွေအိမ်လိုက်လည်တာပေါ့။

အိမ်ရှေ့မှာ မိန်းကလေးသုံးလေးယောက်ဝိုင်းထိုင် အလည်မှာက ကျောက်ပျဉ်နဲ့မန်ကျည်းခေါက် ပြီးတော့ ဗန့် ပွေးရွက်နဲ့ဆေးသေး ကွမ်းအစ် စသည်ဖြင့်ပေါ့ အိမ်ပေါ်ရောက်သွားလျင် မန်ကျည်းခေါက်သွေးလိမ်း ဆေးလိပ် သောက်တဲ့သူသောက် ကွမ်းဝါးတဲ့သူက၀ါး ရယ်(ရီ)မောစရာလေးတွေပြော နည်းနည်းလေးညဥ့်နက်လျင် အိမ် ပြန်အိပ်။

နောက်ပိုင်းကျတော့ ဗမာစစ်သားတွေလာပြီဆိုလျင် အားလုံးကွင်းပြောင်တွေထဲက သစ်ခြုံတွေထဲသွားပုန်းအိပ် ရတာမျိုး ကြုံလာရတာများလာတယ်၊ ဗမာစစ်သားတွေက မထင်လျင်မထင်သလို ပစ်ခတ်တာမျိုးတွေကလည်း ရှိလေတော့ ဖနောင့်နဲ့တင်ပါးတသားထဲနေအောင်ပြေးနေရတာနဲ့ အခုဆို မန်ကျည်းခေါက်တွေကျောက်ပျဉ်တွေ ဆိုတာ ပါးစပ်ရာဇ၀င်ဖြစ်ကုန်တော့တာပေါ့ဗျာ။

ပြောရင်းဆိုရင်း ဗမာစစ်သားအကြောင်းရောက်သွားပြန်ပြီ အဲဒီလိုအပျိုချောအိမ်ကိုသွားလည်တော့ ကျုပ်တို့က အလုပ်သမားလေဗျာ အပျိုအိမ်ကိုရောက်သွားတဲ့အချိန်က အလုပ်မရှိတဲ့ကောင်တွေက အရင်ရောက်နှင့်နေတာ ဆိုတော့ တော်ရုံနဲ့အဲဒီအိမ်ပေါ်မရောက်ဖြစ်ဘူး၊ အဝေးကနေ ကြည့်နေ စောင့်နေရင်း အသံလေးဘာလေးပေးရ တာပေါ့နော ကျုပ်တို့အသံလည်းကြားရော မီးခွက်ကိုမှုတ်ပစ်လိုက်ကြတယ်လေ။ ကျုပ်တို့အသံလည်း ပျောက် သွားရော မီးခွက်လည်းပြန်လင်းလာတာပဲ။

ကဲခင်ဗျားတို့ရင်ထဲ ဘယ်လိုခံစားရမလဲ၊ ထားလိုက်တော့ မြို့သူတွေအကြောင်းရေးမယ် အပြောကောင်းကြတာ များ၊ ကောင်မလေးတယောက် ကျုပ်ကိုပြောဘူးတယ်

ငါလေ နင့်ကို ငါ့အဖေတွေ အကိုတွေ မောင်လေးတွေ ထက်ပိုခင်နေမိတယ် အဲဒါဘာကြောင့်လည်းဆိုတာ ငါလည်းမသိဘူး။
သူနဲ့ကျုပ်က သူငယ်ချင်းလိုလို ဘာလိုလို ပေါ့နော် အဲဒါကျုပ်နဲ့သူ ရွာစွန်က သရက်ပင်အောက် မှာတွေ့ကြ တဲ့အချိန် မှတ်မိသလားမမေးနဲ့ သရက်သီးတွေ က အကင်းတချို့ အရင့်တချို့ လေကလည်းတိုက်ကတိုက်နဲ့ လယ်ကွင်းထဲမှာကတော့ ရိုးပြတ်တွေတမျှော်တခေါ် ပါပဲ။
ဒီကြားထဲ မိုးဖွဲလေးတွေက လေနဲ့အတူပါလာကြပြန်တော့ မြေသင်းနံ့လေးတွေကလည်း နှာဝမှာမွှေးတေး တေးနဲ့။ ကျုပ်ရဲ့ရင်ထဲမှာကတော့ ဥသြငှက်အကောင်တသောင်းလောက်ပြိုင်တူဆက်တိုက်တွံနေတာပေါ့ဗျာ။

ကျုပ်နဲ့သူခွဲသွားလိုက်တာသုံးနှစ်လောက်ပဲရှိမယ် နယ်စပ်မြို့လေးတမြို့မှာပြန်တွေ့ကြတော့ သူ့ခါးတွေကတုတ် လာသလို သူ့ဝမ်းကလည်း စူနေတာတွေ့လိုက်ရတယ်၊ သူမှဟုတ်ရဲ့လားဆိုတဲ့အတွေးနဲ့ အနားကပ်ကြည့်လိုက် တော့ လားလား အစစ်ပေါ့ဗျာ ဈေးဝယ်အပြီး ကားပေါ်အတက်ဆိုတော့ သူကျုပ်ကိုမမြင်ဘူး ကားပေါ်အထိုင်မှာ ကျုပ်ကိုမြင်သွားတော့

ဟေး နင်နေကောင်းလား ဒါငါ့အမျိုးသား
ဆိုပြီး သူ့ဘေးကလူတယောက်ကို မေးငေါ့ပြတယ် ပြီးတော့သူ့အမျိုးသားနဲ့မိတ်ဆက်ပေးတယ်။
ကျုပ်ရင်ထဲမှာကတော့…………။

နောက်တယောက်ကတော့ ကျုပ်အလုပ်လုပ်နေတဲ့ အလုပ်ရှင်ရဲ့ ညီမဗျ။ ကျုပ် အလှကုန်ဆိုင်တဆိုင်မှာ အလုပ် လုပ်တော့ ကလေးအမေတယောက်က ပစ္စည်းတွေရွေးနေရင်း ကျုပ်အလုပ်ရှင်နဲ့အလုပ်ကိစ္စတွေပြောနေတာနဲ့ သူ့ကလေးကို ခဏချီနေတုန်း အဲဒီကောင်မလေးက

အဲဒါဘယ်သူ့ကလေးလဲဟင်
လို့မေးတော့ ကျုပ်ကလည်း
ငါချီနေတာဆိုတော့ ငါ့ကလေးပေါ့ဟ
လို့နောက်ပြောလိုက်တယ်၊
ဒါဆို သူ့အမေက ငါပေါ့ ဟုတ်လား တဲ့။

အဲဒီကနေ စလို့ သူ့ကို ကျုပ်သိပ်ခင်သွားတယ်ဗျာ။ တနေ့တော့ သူ့ကိုစာပေးဘို့လုပ်တဲ့အချိန်မှာ သူ့ကိုလူတယောက်က စာ ပေးနေတာမြင်လိုက်ရတယ် သူလည်းကျုပ်ကိုမြင်ရော အဲဒီလူပေးတဲ့စာကိုမယူပဲ အတင်းရုန်းတယ် ဟိုလူကအ တင်းလိုက်ပေးတယ် ကျုပ်လည်း ကျုပ်ယူလာတဲ့စာကို သူရှေ့မှာပဲ စုတ်ဖြဲပစ်လိုက်တယ်။

မေ့မေ့ပျောက်ပျောက်လေးရှိတော့ အလုပ်ကိစ္စတခုနဲ့ နယ်စပ်တနေရာကိုရောက်သွားတဲ့ အချိန်မှာသူ့ကိုဆိုင်တ ဆိုင်အ၀င်မှာတွေ့လိုက်တယ် သူလည်းစောစောတုန်းက မိန်းကလေးလိုပဲ နေ့စေ့လစေ့ ရင်သွေးငယ်ကိုဝမ်းမှာ လွယ်ထားတာတွေ့ရတယ်၊ ကျုပ်ကမသိချင်ယောင်ဆောင်ပြီး အရောင်းသမလေးနဲ့ ပစ္စည်းတွေမေးလားပြုလား လုပ်နေတုန်း သူကကျုပ်ကိုပြောတယ်
ဟေး နင်လိုချင်တာယူနော် ဒါ ငါ့ဆိုင်ပဲ ပိုက်ဆံပေးစရာမလိုဘူးသိလား၊ လျော်ကြေးပေါ့ဟာ။

သူ့မျက်နှာကို အကဲခတ်လိုက်တော့ ရင်ထဲကပြောနေမှန်းသိသာပါတယ်၊

ဟို နင့်အမျိုးသားက နင့်ကိုစာပေးတဲ့ လူပဲလား
လို့မေးလိုက်တော့
ဘယ်ကလာဟုတ်ရမှာလဲ ငါ့ခင်ပွန်းသည်က ဟောင်ကောင်က တရုတ်ဟဲ့။

နောက်တယောက်ရှိသေးတယ် ငါလေနင့်ကိုမရလျင် အပျိုကြီးပဲတသက်လုံးလုပ်တော့မယ်ဆိုတဲ့ မိန်းကလေး။ သူကျတော့ ကျုပ်အိမ်ထောင်မကျခင် သူအလျင်အိမ်ထောင်ပြုလိုက်တယ်။ ဒါကတော့ ကျုပ်ရဲ့ငယ်ကျိုးငယ်နာ လို့ပြောမလား၊အချစ်ရေးကိစ္စလို့ဆိုမလား? ဘယ်လိုပဲဖြစ်ဖြစ် သူတို့နဲ့ကျုပ် အားလုံးကင်းကင်းရှင်းရှင်းပါပဲ၊ ရိုးရိုး သားသား အပြစ်ကင်းကင်းနဲ့ သိမ်မွေ့တဲ့အချစ်မျိုးပါ၊ ဘာမျှလွန်လွန်ကျူးကျူးမရှိပါဘူး၊ဒါပေမယ့် လက်မှာအမွှေး တွေ အများကြီးပေါက်နေတဲ့ မိန်းကလေးတယောက်ရဲ့ လက်ဖျံကိုတော့ ကျုပ်အသာဖွဖွလေးကိုင်ပြီး နမ်းခဲ့မိတာ မျိုးလောက်တော့ လုပ်မိပါတယ် အဲဒီမိန်းကလေးရဲ့ ကာမပိုင်လင်ယောက်ျားအနေနဲ့ ကျုပ်ကိုနားလည်ခွင့်လွှတ် နိုင်လိမ့်မယ်လို့ ယုံကြည်တယ်ဗျာ။

အကယ်၍များ ခင်ဗျားသာ အဲဒီလက်အမွှေးရှည်လေးနဲ့မိန်းကလေးရဲ့ ကာမ ပိုင်လင်ယောက်ျားဖြစ်ခဲ့မယ်ဆိုလျင် ကျုပ်အပေါ်ဘယ်လိုသဘောထားမှာလဲ? အဲဒီတော့ မိန်းကလေးတွေက ယောက်ျားကလေးတွေကို ဟိုလိုပြောပြီး ဒီလိုလုပ်သွားရတာဟာ ဘာကြောင့်လို့ထင်သလဲ? မိန်းကလေးတွေရဲ့ ပင်ကိုယ်သဘာဝကိုက ဒီလိုလုပ်မှသဘာဝကျတယ်လို့ထင်သလား?

လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ့်တနှစ်တုန်းက ကာတွန်းတင်အောင်နီရေးခဲ့တဲ့ စာကြောင်းတကြောင်းကို ရေးပြချင် ပါတယ်။ သူရေးထားတာက
မိန်းမတို့၏မာယာသည် ၎င်းတို့၏လက်နက်ဖြစ်၏။
ထိုလက်နက်နှင့် သူမတို့၏အလှတရားကိုပေါင်းစပ်ကာ ယောက်ျားသားများကို ဒုက္ခပေးကြ၏။
၎င်းတို့ထက် အသက်အရွယ်ကြီးရင့်သောသူများကို ချစ်ခင်ဟန်ပြ၍ ရယ် (ရီ)စရာ သတ္တ၀ါတကောင်အဖြစ် ဖန်တည်းတတ်သကဲ့သို့ ၎င်းတို့ထက်ငယ်ရွယ်သူ နိမ့်ကျသူများကိုလည်း စိတ်သောက ရောက်အောင်ဖန်တည်း၍အရသာခံယူတတ်ကြ၏။
အချုပ်သော် မိန်းမသည်၎င်းတို့ထက်အဆဆ အရာရာသာလွန်သူများကိုသာ လိုလားကြ၏။

ကာတွန်းတင်အောင်နီ
(January 12 1980)

အဲဒါက မိန်းကလေးတွေအကြောင်းပေါ့ဗျာ ယောက်ျားလေးတွေအကြောင်းရေးဘို့ကျတော့ ကျုပ်မရေးတတ်ဘူး ဗျ၊ ဘာကြောင့်လဲဆို ကျုပ်က လူကြမ်းလားဘာလားတော့မသိဘူး အပြောမကောင်းတာတော့သေခြာတယ် ကျုပ် ခပ်ငယ်ငယ် လူပျိုပေါက်တုန်းကဆိုလျင် ငါ့ကို မိန်းကလေးတယောက်ယောက်က ချစ်တယ်လို့လာပြောမှ ငါပြန်ချစ်မယ် ဆိုတဲ့အတွေးမျိုးတွေးဘူးတယ်၊ ကြောင်နေလားဆိုပြီး ပြောကြမှာလားပြောချင်ပြောဗျာ ကျုပ်အဲဒီ လိုတွေးခဲ့ဘူးတယ် ကြာကြာတော့မခံဘူး၊လူပျိုလည်းဖြစ်ရော အတွေးနဲ့တကယ့်လက်တွေ့က တခြားဆီဖြစ်သွား တော့တာပဲ၊ ကိုယ်က အလျင်စာပေးမှဖြစ်တာဗျ၊

ကျုပ်ကခပ်မိုက်မိုက်ပဲ ကြားလူတွေဘာတွေမထားဘူး မျက်နှာ ချင်းဆိုင်ပဲ

ရော့နင့်အတွက် ငါကိုယ်တိုင်ရေးထားတဲ့စာ
ဆိုပြီးလက်ထဲသွားပေးတာ ကျုပ်စာပေးလျင် ဘယ်မိန်း ကလေးမျှမညင်းဘူး အားလုံးလက်ခံတယ် တချို့ဆိုမိန်းကလေးက မယူချင်ရတာနဲ့ စုတ်ဖြဲပြစ်တာနဲ့ အတန်းပိုင် ဆရာမကို တိုင်ရတာနဲ့ ရှုတ်နေတာပဲ။

ကျုပ်စာပေးတဲ့မိန်းကလေးတွေကျတော့ တိုင်တာ တောတာ ငြင်းတာ ပြုတာမရှိတဲ့အပြင် ကျမကိုချစ်လျင် အ မေ့ကိုပြောပါရှင်ချည်းပဲ ကျုပ်ရုပ်ရည်ကတော့ အခုကအသက်ကြီးပြီဆိုတော့ဗျာ ခေတ်စကားနဲ့ပြောလျင် မလန်း ပါဘူးပေါ့ ငယ်ငယ်တုန်းကဆိုလျင်တော့ တနေကုန်ထိုင်ကြည့်လို့ တပြားမျှမတန်တဲ့ရုပ်မျိုး၊ မိန်းကလေးတွေဘာ ကြောင့်ကျုပ်ကို လက်ခံသလဲဆိုတော့ ကျုပ်မှာသစ္စာတခုရှိတယ် မိန်းကလေးတယောက်ကို မချစ်ပဲနဲ့ဘယ် တော့မျှ စာလိုက်မပေးဘူး မထိခလုတ်ထိခလုတ်စကားမျိုးမပြောဘူး လိုအပ်တာထက်ပိုကဲတဲ့စကားမျိုးနဲ့ မချဉ်း ကပ်ဘူး၊ ဒါကြောင့်မိန်းကလေးတွေ လက်ခံခဲ့တာဖြစ်မှာ၊ (ကျုပ်ထင်တာနော် ယုံတော့မယုံရဘူး)။

အခုလက်ရှိကျုပ်နဲ့ပတ်သက်နေတဲ့မိန်းကလေး (အခုတော့ တာဖိ ပေါ့ ကျုပ်က တာဖုဖြစ်နေပြီလေ) ဟိုးသမီး ရည်းစားဘ၀တုန်းက မပြောဖြစ်ခဲ့တဲ့စကား အမေရိကားကိုရောက်မှပြောဖြစ်သွားတယ် တကယ်ပါ ဘုရားပေး ပေးကျမ်းပေးပေး၊ မှန်တာကိုပြောတာဖြစ်တဲ့အတွက် စာဖတ်သူတွေ အလိုရှိနေတာတွေထဲက အရေးအကြီးဆုံး အရာတခုကို ရရှိပါစေဗျား။

ကျုပ်က သူ့ကိုပြောလိုက်တော့ သူဘာပြန်ပြောသလဲသိလား

ဟယ် နင်ဘာဖြစ်လို့ငါ့ကို အစကတည်းက မပြောတာလဲဟာ
ဆိုပြီးကျုပ်ကိုတွေတွေလေး ကြည့်နေလိုက်တာများ တကမ္ဘာလောက်တောင်ကြာမလားမသိဘူး။

ကျုပ်မပြောပဲသိမ်းထားခဲ့တဲ့ စကားတခွန်းက ဘာလဲဆိုတာ သိချင်လား ကျုပ်ပြောပြမယ် ဘယ်သူ့ကိုမျှလျှောက် မပြောကြနဲ့နော်။

မူးရေ နင့်ကိုငါမပြောဖြစ်ခဲ့တဲ့စကားတခွန်းကို အခုငါပြောပြမယ်နော် ငါနဲ့နင်သမီးရည်းစားဖြစ်တော့ ငါပြောချင် ပေမယ့် မပြောရဲခဲ့ဘူးသိလား။
ဘာလဲ နင့်ရည်းစားဟောင်းအကြောင်းတွေလား။
လာမပြောနဲ့တော့ အခုငါတို့က အဘိုးကြီးတွေအဘွားကြီးတွေ ဖြစ်နေပြီ။
ကလေးကလားဆန်မနေနဲ့။

ငါတကယ်ပြောတာပါ နင်မကြားချင်ဘူးလား?
ကဲပြော နင်မပြောဖြစ်ခဲ့တဲ့စကားက ဘာတုန်း။

ငါလေ နင့်ကိုမပြောဖြစ်ခဲ့တဲ့စကားက နင်နဲ့ငါ မပေါင်းရလျင် ငါရူးရလိမ့်မယ် ဆိုတဲ့စကားပါပဲ။
ဟယ် ဘာဖြစ်လို့ နင်အစကတည်းက ငါ့ကိုမပြောတာလဲဟာ။




ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

0 comments:

Post a Comment