၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့် တာလေမြို့၊ မိုင်းလင်းနှင့် အခြား ကျေးရွာများတွင် အပျက်အစီးများအား မတ်လ ၂၆ ရက်နေ့မှ စတင်၍ ရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်နေပြီ ဖြစ်ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု စာရင်းများ ကောက်ယူနေဆဲ ဖြစ်ကြောင်း သတင်း ရရှိပါသည်။
''တာလေမြို့ပေါ်မှာ မနေ့ကတည်းက စက်တွေနဲ့ ရှင်းလင်းတာ တွေ့ရတယ်။ ဒီနေ့လည်း ဆက်လုပ်နေတယ်။ နောက်ပြီး အပျက်အစီးတွေ စာရင်းကောက်နေတယ်လို့လည်း ကြားရပါတယ်''ဟု တာချီလိတ်မြို့မှ ဒေသခံတစ်ဦးက မတ်လ ၂၉ရက်နေ့တွင် ပြောကြားခဲ့သည်။
တာလေမြို့သည် ရှမ်းနှင့်လားဟူ တိုင်းရင်းသားများ အဓိက နေထိုင်ကြသောမြို့ ဖြစ်ပြီး ငလျင်ဒဏ်ကြောင့် အဆောက်အအုံများစွာ ပျက်စီးမှု၊ လူသေဆုံးမှုများကို ရင်ဆိုင်ခဲ့ရသောမြို့ ဖြစ်သည်။ တာလေမြို့မှ တာချီလိတ်မြို့သို့အထွက်၌ ရှိသည့် တာလေတံတားသည်လည်း ငလျင်ဒဏ်ကြောင့် ထိခိုက်မှု ဖြစ်ပေါ်ခဲ့ပြီး ယခုအခါတွင် သစ်သားများဖြင့် ထပ်ပိုးထားကာ သွားလာရ လွယ်ကူစေရန် ပြင်ဆင်ထားသည်။
''မိုင်းလင်းနဲ့ မအန်ခမ်းဘက်မှာတော့ အပျက်အစီးတွေကို ကိုယ်ထူကိုယ်ထ ရှင်းလင်းနေကြတယ်။ ကျကူနီဘက်မှာလည်း အကူအညီ လိုနေပြီး တာချီလိတ်က ပုဂ္ဂလိက အလှူရှင်တချို့တော့ သွားလှူကြတာ ရှိပါတယ်''ဟု တာချီလိတ်မြို့ခံတစ်ဦး က ပြောပြသည်။
အက်ကွဲမှု ဖြစ်ပေါ်ခဲ့သော ပြည်ထောင်စုလမ်းမကြီးမှာလည်း မတ်လ ၂၈ ရက်နေ့တွင် သဲအိတ်များတစ်ထပ်၊ မြေတစ်ထပ် စသည်ဖြင့် တစ်ပြေးညီ ဖြစ်အောင် ပြုပြင်ထားကာ ကားများ ဖြတ်သန်းသွားလာလျက် ရှိသည်ဟု ဒေသခံများက ဆိုပါသည်။
''ပျက်စီးသွားတဲ့ အိမ်ရာတွေ ပြန်ပြီး ထူထောင်နိုင်ဖို့ ဆိုတာကတော့ အချိန်တွေ တော်တော်ကြာဦးမယ် ထင်တာပဲ''ဟု မိုင်းလင်းကျေးရွာသား တစ်ဦးက ပြောပြခဲ့သည်။
ငလျင်ကြောင့် ၇၃ ဦး သေဆုံးပြီး ၁၂၅ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း မတ်လ ၂၆ ရက်နေ့က နောက်ဆုံး ထုတ်ပြန်ထားခဲ့သည်။
''မိုင်းလင်းကျေးရွာအုပ်စုမှာ အိမ်ခြေ ၂၀၀ နီးပါး ရှိတယ်။ တာလေမှာတော့ ၃၀၀ လောက် ရှိပါတယ်။ မိုင်းလင်းကျေးရွာအုပ်စုကတော့ အသေအပျောက် ပိုများတယ်လို့ ကြားပါတယ်။ ဒဏ်ရာရလူနာတွေကို တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်နဲ့ တာလေဆေးရုံတွေမှာ ကုသပေးနေတယ်လို့ သိရပါတယ်။ ခန့်မှန်းတာကတော့ ၁၀၀ ကျော်လောက်သေပြီး ဒဏ်ရာရတာကတော့ ၂၀၀ လောက် ရှိလိမ့်မယ်''ဟု ဒေသခံတစ်ဦးက မတ်လ ၂၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
မတ်လ ၂၄ ရက်နေ့ ညတွင် အင်အားပြင်းငလျင် လှုပ်ခတ်ပြီး နောက်ရက်များ၌ နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့သလို မတ်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် မိုးအနည်းငယ် ရွာသွန်းခဲ့သည်။
''ပုံမှန် အခြေအနေ ပြန်ရောက်ဖို့တော့ အားယူရဦးမှာပေါ့။ ဆိုင်တချို့တော့ ပြန်ဖွင့်နေပါပြီ။ တာလော့ဈေးလည်း ပြန်ဖွင့်နေပါပြီ။ တာချီလိတ်၊ ကျိုင်းတုံ ပြည်ထောင်စုလမ်းက အက်ကွဲကြောင်းတွေလည်း ပြန်ပြင်ပြီးတာ တွေ့ရတယ်။ တာချီလိတ်မြို့ပေါ်ကတော့ သုံးဦးဆုံးတယ်လို့ ကြားပါတယ်။ တာလေနဲ့ မိုင်းလင်းကတော့ ပိုများတယ်''ဟု တာချီလိတ်မြို့ခံတစ်ဦး က ပြောပါသည်။
တာလေမြို့တွင် ကယ်ဆယ်ရေးစခန်း သုံးခု၊ မိုင်းလင်းတွင် ကယ်ဆယ်ရေးစခန်း နှစ်ခု ဖွင့်လှစ်ထားပြီး တာချီလိတ်မြို့ပေါ်တွင် ကယ်ဆယ်ရေးပစ္စည်း လက်ခံဌာနတစ်ခု ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။
သတင်းရင်းမြစ် http://www.news-eleven.com
|
Saturday, April 2, 2011
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment