+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, April 2, 2011

ငလျင်ဒဏ်ခံစားခဲ့ရသူများနှင့် တွေ့ဆုံမေးမြန်းခန်း


ငလျင်ဒဏ်ခံစားခဲ့ရသူများနှင့် တွေ့ဆုံမေးမြန်းခန်း

မတ်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် တာချီလိတ်ခရိုင် အတွင်းရှိ ဒေသများ ဖြစ်ကြသော တာလေ၊ မိုင်းလင်း၊ မအန်ခမ်း၊ ကျကူနီ စသည့် ဒေသများတွင် လူအများအပြား သေဆုံး၊ ဒဏ်ရာရရှိကြပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်။ ထို့ကြောင့် ယင်းဒေသများထဲမှ ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရပြီး သေဆုံးသူ အများအပြား ရှိခဲ့သည့် မိုင်းလင်းရွာနှင့် မအန်ခမ်းရွာတို့မှ အသက်မသေဘဲ ကျန်ရစ်ခဲ့သူများနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

ဒေါ်နန်းလုံ(အသက် ၅၅နှစ်) - မအန်ခမ်းရွာ

မေး - ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပြပါဦး။
ဖြေ - အဖြစ်အပျက်ကတော့ အရမ်း မြန်ပါတယ်။ ၀ုန်းဆိုပြီး ခဏလေးမှာပဲ အိမ်တစ်ခုလုံး ပြိုကျသွားတာ။ ယောက်ျားရယ်၊ အမေရယ်၊ တူမရယ် သုံးယောက် သေဆုံးသွားပါတယ်။ ကျွန်မတောင် အပေါ်က သစ်သားတိုင် ပိမိနေလို့ မသေတာပါ။ နောက်တစ်နေ့ပဲ အသုဘ တစ်ခါတည်း ချခဲ့ပါတယ်။

မေး - အခု နေရေး၊ စားရေးကို ဘယ်လို ဆောင်ရွက်ထားပါသလဲ။
ဖြေ - အိမ်က အကုန်လုံး ပြိုသွားပြီ ဆိုတော့ အိမ်ဘေးမှာပဲ ယာယီတဲလေး ထိုးပြီးတော့ နေပါတယ်။ စားတာကတော့ သက်ဆိုင်ရာက ဆန်နှစ်အိတ် လာပေးတယ်။ ပြီးတော့ အလှုရှင်တွေ လာလှူတာတွေလည်း ရှိပါတယ်။ ဒီရက်ပိုင်းကတော့ အဖြစ်ဆိုးကြီးကို ပြန်တွေးမိတိုင်း ဘာမှစားလို့မ၀င်ပါဘူး။

စိုင်းပွတ်(အသက် ၃၈ နှစ်) - မိုင်းလင်းကျေးရွာအုပ်စု

မေး - ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပြောပြပေးပါဦး။
ဖြေ - စက္ကန့်ပိုင်းလောက်ပဲ ကြာပါတယ်။ ဝေါကနဲမြည်သံနဲ့အတူ အိမ်က စပြိုတော့တာပဲ။ ပြေးချိန်တောင် ဘယ်လိုမှ မရလိုက်ဘူး။ မိန်းကလေးက လေးယောက်နဲ့ ယောက်ျားလေးက နှစ်ယောက် စုစုပေါင်း ခြောက်ယောက် သေဆုံးခဲ့ပါတယ်။ ကျွန်တော်လည်း တံခါးမင်းတုန်းက အပေါ်မှာပိနေလို့ ဒဏ်ရာပဲရတာပါ။ အိမ်က နှစ်ထပ်အိမ် ဖြစ်ပြီးတော့ ဆောက်ထားတာ နှစ် ၃၀ လောက် ရှိပြီဆိုတော့ ဒီလောက်ပြင်းတဲ့ ငလျင်ဒဏ်ကို မခံနိုင်ဘူး။

မေး - မိသားစုတွေ သေဆုံးခဲ့တဲ့အတွက် သက်ဆိုင်ရာက ကူညီထောက်ပံ့တာတွေ ရှိသလား။
ဖြေ - သေတဲ့သူ တစ်ယောက်အတွက် ငွေကျပ်တစ်သိန်းစီ ထောက်ပံ့ပါတယ်။ နောက်ပြီး ဆန်တို့၊ ဘာတို့တော့ ထောက်ပံ့တာ ရှိပါတယ်။


စိုင်းဝန်းကျောက်(အသက်၃၂နှစ်) - မအန်ခမ်းရွာ

မေး - ငလျင်ဖြစ်တဲ့အချိန်က အတွေ့အကြုံကို သိချင်ပါတယ်။
ဖြေ - ဖြစ်တဲ့အချိန်မှာ ကျွန်တော်က တာချီလိတ်ကို ရောက်နေတာ။ ဒီမှာ ဖြစ်သွားပြီဆိုတာ သိတော့ အမြန်ပြန်လာတာ။ ရွာရောက်တော့ မိန်းမရယ်၊ အမေရယ်၊ အဖွားရယ် သုံးယောက်က အဆောက်အဦထဲမှာ ပိတ်မိပြီး ဆုံးသွားတာ တွေ့ရပါတယ်။ ကျွန်တော့်ကလေးကတော့ တံခါးခံထားလို့ လွတ်သွားတာပါ။

မေး ကိုယ့်မိသားစုတွေ ဆုံးရှုံးသွားတဲ့ အတွက် အစ်ကို့ရင်ထဲမှာ ဘယ်လိုခံစားခဲ့ရလဲ။
ဖြေ - ပြောမပြတတ်ဘူးဗျာ၊ အရမ်းဝမ်းနည်းမိတယ်။ ရှိတာမှ အဖေရယ်၊ အဘွားရယ်၊ အမေရယ်၊ မိန်းမရယ်၊ သားရယ်ပဲရှိတာ။ အခုတော့ အဖေရယ်၊ ကျွန်တော်ရယ်၊ သားရယ်ပဲ ကျန်တော့တယ်။

မေး - အခုနေတာ၊ စားတာရော အဆင်ပြေရဲ့လား။
ဖြေ - အဆင်ပြေတယ်လည်း မဟုတ်ပါဘူး။ အိမ်ကို လာလှူတဲ့သူရှိရင် ယူထားလိုက်တာပဲ။ လောလောဆယ် အိမ်အပျက်အစီးတွေဖယ်ပြီး နေစရာ အရင်လုပ်ရဦးမှာပါ။

ဒေါက်တာကံဦးမောင်(တာဝန်ခံဆရာဝန်၊ တာလေပြည်သူ့ဆေးရုံ)

မေး - စဖြစ်သွားတဲ့ အခြေအနေကို ပြောပြပါဦး။
ဖြေ - ည ၈ နာရီ ၁၅ မိနစ်လောက်မှာ ကျွန်တော်က ဆိုင်ကယ်နဲ့ တာလေမြို့ထဲကို သွားတာ။ အဲဒီမှာ ငလျင်စလှုပ်ပြီးတော့ ကျွန်တော်လည်း ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျရော။ ငလျင်လှုပ်ပြီး ခဏကြာတော့ လျှပ်စစ်မီး ပြတ်သွားပြီး ကျွန်တော်လည်း မှောင်ထဲမှာ ဆေးရုံကို ပြန်လာခဲ့ပါတယ်။ အဲဒီ အချိန်မှာ တာလေမြို့ထဲက အိမ်တွေက အကုန်ပြိုကုန်ပြီ။ ဆေးရုံလည်း ပြန်ရောက်ရော ဆေးရုံကလည်း ပြိုပျက်နေပြီ။ ဒါကြောင့် ရုတ်တရက် ရောက်လာတဲ့ လူနာ ၂၀ ကျော်လောက်ကို အပင်တွေ၊ သစ်ကိုင်းတွေ ကျိုးမကျတဲ့ နေရာလွတ်တွေမှာ ယာယီတဲလေးတွေ ထိုးပြီးတော့ ကုသမှု စတင်ခဲ့ရပါတယ်။

မေး - ဆေးအဖွဲ့ အင်အားဘယ်လောက်နဲ့ ကုသမှုတွေ ပြုလုပ်ခဲ့ပါသလဲ။
ဖြေ - ကျွန်တော်တို့ တာလေဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေအပြင် ကျိုင်းတုံနဲ့ တာချီလိတ်မြို့တွေက ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကြက်ခြေနီတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပါဝင်ပြီး ကုသမှုတွေ ပြုလုပ်ပေးပါတယ်။ နောက်ပိုင်းမှာ လာတဲ့လူနာ အရေအတွက် အရမ်းများလာလို့ ကျိုင်းတုံဆေးရုံ၊ မိုင်းဖြတ်ဆေးရုံနဲ့ တာချီလိတ် ဆေးရုံတွေကို ခွဲပြီး ပို့ဆောင်ခဲ့ရပါတယ်။

မေး - အဲဒီအချိန်မှ တာလေနဲ့ တာချီလိတ်သွားတဲ့ တံတားက သွားလို့မရတော့ လူနာတွေကို ဘယ်လို ပို့ဆောင်ခဲ့ပါသလဲ။
ဖြေ - တံတားပေါ်ကနေ ကားဖြတ်သွားလို့ မရတော့ လူနာတွေကို ချက်ချင်း မပို့နိုင်ဘူး။ နောက်တော့ ဆေးရုံကနေ ဒီဘက်တံတားထိပ်ကို ကားနဲ့သယ်ပြီး ဟိုဘက်တံတားထိပ်မှာ ကားတစ်စီး စောင့်နေစေပါတယ်။ လူနာတွေကို တစ်ယောက်ချင်း ဒီဘက် ကားကနေ ဟိုဘက်ကားကို သယ်ပို့ရပါတယ်။

မေး - ဆေးဝါးနဲ့ တခြား အသုံးအဆောင်တွေ လုံလောက်မှု ရှိရဲ့လား။
ဖြေ - စဖြစ်ခါစကတော့ ဆေးရုံမှာရှိတဲ့ ဆေးတွေ၊ ကုတင်တွေ၊ အခင်းတွေ ရသလောက် ထုတ်ယူပြီး ကုသပေးပါတယ်။ နောက်တော့ ကျန်းမာရေးဦးစီးဌာန၊ NGO တွေနဲ့ ပုဂ္ဂလိက အလှူရှင်တွေကလည်း လိုအပ်တဲ့ ဆေးဝါး၊ အသုံးအဆောင် ပစ္စည်းတွေ လာရောက် လှူဒါန်းကြပါတယ်။

မေး - ငလျင်လှုပ်ပြီး နောက်ပိုင်းမှာ ဘယ်လို ရောဂါတွေ အဖြစ်များလဲ။
ဖြေ - အဓိကကတော့ မသန့်ရှင်းတဲ့ ရေကြောင့် ဖြစ်ပေါ်တတ်တဲ့ ၀မ်းရောဂါနဲ့ တခြား ကူးစက်ရောဂါတွေပါ။

မေး - စဖြစ်တဲ့အချိန်ကနေ အခုအချိန်အထိ တာလေဆေးရုံမှာ လူနာဘယ်နှဦးလောက် ကုသခဲ့ရပါသလဲ။
ဖြေ - မတ်လ ၂၄ ရက်နေ့ ညပိုင်းကနေ အခုအချိန်အထိဆိုရင် စုစုပေါင်း လူနာ ၁၂၀ ကျော်လောက် ကုသခဲ့ရပါတယ်။

သတင်းရင်းမြစ် http://www.news-eleven.com


Source Audio from http://www.rfa.org/burmese

နောက်ဆက်တွဲသတင်း မတ်လ ၂၇ ၂၀၁၁။

ထူးဖောင်ဒေးရှင်းမှ

ငလျင်သင့် တိုင်းရင်းသားများကို ထောက်ပံ့


သဲသဲထွေး

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နှင့် တာလေမြို့များတွင် မတ်လ ၂၄ ရက်နေ့က အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ လှုပ်ခဲ့ သည့်ငလျင်ကြောင့် ထိခိုက်ပျက်စီးသည့် တိုင်းရင်းသားပြည်သူများ အတွက် ကျပ်ငွေ သိန်း ၂၀၀ နှင့် သိန်း ၂၀၀ တန်ဖိုးရှိ ဆေးဝါး ပစ္စည်း မျိုးစုံ စုစုပေါင်း သိန်း၄၀၀ ကိုအဲပုဂံလီမိတက်နှင့် ထူးဖောင်ဒေးရှင်း တို့က ဒေသအာဏာပိုင်များကို မတ်လ၂၇ ရက်နေ့က လှူဒါန်းခဲ့သည်။

နိုင်ငံတော်အစိုးရနှင့် ဒေသအာဏာပိုင်များမှ ကယ်ဆယ်ရေး လုပ်ငန်းများကို ယခုကဲ့သို့အချိန်နှင့် တစ်ပြေးညီဆောင်ရွက်နေခြင်း တွင်လိုအပ်သည့်နေရာများ၌ အထောက်အပံ့ဖြစ်စေရန် အတွက် ယခုကဲ့သို့ လှူဒါန်းဖြစ်ကြောင်း သိရသည်။

သတင်းရင်းမြစ် http://www.myanmar.mmtimes.com/

0 comments:

Post a Comment