+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, May 13, 2011

ဖူ့တာမိက်ရဲ့ အချစ်ခံစားချက်

Source Photo from http://www.bbcburmese.com/images

ဖူ့တာမိက်ရဲ့ အချစ်ခံစားချက် (အပိုင်း ၂)
(မင်းစိုးစံ)

ကျုပ်ငယ်ငယ်တုန်းက နားထောင်ခဲ့ရဘူးတဲ့ အိပ်ယာဝင်ပုံပြင်လေးအကြောင်းပြောပြချင်ပါတယ်။ ကျုပ်အမေပြောပြခဲ့တာပါ။ လွန်ခဲ့တဲ့ကာလတခုတုန်းက မြွေကိုနိုင်တဲ့ သူလောင့် ဆိုတဲ့လူတယောက်ရှိခဲ့ဘူး သတဲ့။ သူ့ဇနီးက နောင်မူးအိုင် လို့ခေါ်ပါတယ်။ သူလောင့် တောင်ယာသွားမခုတ်ခင် သူပြန်မရောက်မခြင်း သူ့ ဇနီးကိုအိမ်ပေါ်ကနေ အိမ်အောက်မဆင်းဘို့မှာထားပြီး သူ့ဇနီးအတွက် ရေ၊ ထင်း၊ ဆန်တွေအားလုံး တပတ်စာ ၇ ရက်စာပေါ့ဗျာ၊ပြင်ဆင်ပေးထားခဲ့သတဲ့။

ခင်ပွန်းသည်ယောက်ျားရဲ့စကားကို နားမထောင်တဲ့ နောင်မူးအိုင် က အိမ်အောက်ကိုဆင်းသတဲ့။ အဲဒီမှာတင် မြွေကြီးတကောင်က သူ့ကိုရစ်ပတ်ပြီးခေါ်သွားတော့ ငှက်တွေကိုအကူ အညီတောင်းတဲ့အခါ ငှက်တွေတဲက ချိုးငှက်(ဂျိုး)တကောင်ကနေ သူလောင့် တောင်ယာခုတ်တဲ့လုပ်ကွက်ထဲ အရောက်သွားပြီးအကြောင်းကြားလို့ သူလောင့်လည်း သူ့ဇနီးကိုကယ်ဘို့ရောက်လာပေမယ့် သူလောင့်သေမှ နောင်မူးအိုင် ကိုပြန်လွှတ်ပေးမယ်လို့ မြွေကပြောသ တဲ့။

မြွေက နောင်မူးအိုင်ကို သဘောကျလေတော့ သူ လောင့် သေလျင် နောင်မူးအိုင် နဲ့လက်ထပ်ဘို့ နောင်မူးအိုင်ကို မင်္ဂလာဆောင်မှာဝတ်ဘို့ ဂျပ်ခုတ်စေသတဲ့။ သူလောင့်ကလည်း သူ့လက်မ ကိုခုတ်ဖြတ်ပြီး မြွေကြီးရဲ့ ကျင်းဝ(တွင်း)မှာချထားလိုက်တယ်၊ ပုတ်ပွလာတော့ ယင်တလောင်းလောင်းဖြစ် ပြီး လောက်တွေဟာ နောင်မူးအိုင်ရဲ့ ဂျပ်ခုတ်စင်ပေါ်ကို ကျလာလေတော့ နောင်မူးအိုင်က ပြောတယ်၊ ငါ့ယောက်ျားသေပြီ၊ ငါ့ကိုပြန်လွှတ်ပါလို့ပြောတော့ မြွေက ဒီကောင်မသေသေးပါဘူးကွာ ငါ သိပါတယ် ဆိုပြီးပြန်မလွှတ်ဘူး။ နောက်တော့ ခြေမဖြတ်လိုက်ပြန်သတဲ့ ဒါလည်းပြန်မလွှတ်သေးတာနဲ့ နောက် ဆုံး သူလောင့် ဟာ သူ့ကိုယ်သူတကယ်ပဲသတ်သေလိုက်ပါရောတဲ့။

အဲဒီတော့ အလောင်းကောင်တွေကနေ လောက်တွေဟာ အလုံးလိုက်အထွေးလိုက် နောင်မူးအိုင်ရဲ့ ဂျပ်ခုတ်တဲ့ စင်ပေါ်ကိုကျလာတော့မှ တကယ်သေပြီ ဖြစ်လို့ နောင်မူးအိုင်ကသူ့ခင်ပွန်းသည်ဆီကိုပြန်ဘို့ပြောတော့ မြွေကြီး ကပြန်မလွှတ်တော့ပဲ သူ့ရဲ့ဇနီးမယားအ ဖြစ်သိမ်းပိုက်လိုက်ပြီလို့ပြောသတဲ့။

သူ့မယားကိုကြိုက်လျင် သူ့လင်ကို လှံနဲ့ထိုးရဲရတယ်ဆိုတဲ့ အတိုင်းပဲလား တော့မသိပါဘူး။ ခုခေတ်မှာတော့ ပေါ်တင်ပဲ။ ခင်ပွန်းသည်ငုတ်တုတ်၊ ဇနီးမယားငုတ်တုတ်ရှိနေတာတောင် ဇယားတွေရှုတ်နေလိုက်ကြတာ မမြင်ချင်အဆုံးမကြားချင်အဆုံးပါပဲ။

နောင်မူးအိုင်ကလည်း သူ့ခင်ပွန်းသည်ရဲ့ အလောင်းကိုနောက်ဆုံးတွေ့ခွင့်ပေးဘို့နဲ့ အလောင်းကိုမီးသဂြိလ်ပြီးပြီ ဆိုတာနဲ့ ပြန်လာခဲ့ပါ့မယ်ပြောလို့ မြွေကြီးက ခွင့်ပြုလိုက်သတဲ့။ နောက်ဆုံးတော့ နောင်မူးအိုင် ဟာ သူ့ခင်ပွန်းရဲ့ မီးပုံပေါ်ခုန်ချပြီး သေဆုံးသွားရှာသတဲ့။

ဒီပုံပြင်လေးမှာ နော်မူးအိုင်ဟာ မယ်သီတာလိုပဲ ရာမမင်းသားရဲ့စကားကို အလေးမထားခဲ့လို့ ဒဿဂီရိရဲ့ လက် ထဲပါသွားရသလို သူလည်းမြွေကြီးနောက်ပါသွားရတာပါ။

ကရင်ပုံပြင်တွေထဲမှာ နောင်ဘောင်နွန်းဒေ သိနွန်းလာကို ဗမာလိုသျှင်မွေ့နန်းနဲ့ မင်းနန္ဒာ။ သုခနောက်ဒေ နောင်နွန့်ကာရိကို ဗမာလိုသုဓနုနဲ့ဒွေးမယ်နော်။ မွန့်လယ်ထျား(ထယား)ဒေ နောင်အုန်မလာကို ဗမာလို မဟော်သဓာနဲ့ အမရာ။ သုတယ်ခလီကို ဗမာလို ဒဿဂီရိ။ သယ်မိတ်ယောင်းကို ဗမာလို ရာမမင်း။ မိုက်သွန့်ထျား(ထယား)ကို ဗမာလို မယ်သီတာ။ သုဝန်ဏာသောင့်ကို ဗမာလို သုဝဏသာမ။ အဲဒီလိုခေါ်ကြတာဗျ။
အခု ပြောတဲ့နောင်မူးအိုင်နဲ့သူလောင့်ကိုကျတော့ ဗမာလိုဘယ်လိုခေါ်တယ်မသိဘူး။

စကောကရင်လိုကတော့ ခူးနော်လေးနဲ့ နော်မူအေး တဲ့။ ကျုပ်တို့ကရင်ပုံပြင်ထဲမှာ သျှင်မွေ့နန်းနဲ့မင်းနန္ဒာတို့ မီးသဂြိုလ်တော့ မီးခိုးလုံး တွေဟာ ကောင်းကင်ပေါ်ပျံတက်သွားကြပြီး ကြယ်တွေဖြစ်သွားကြသတဲ့။
ယှားထူဝေါ်နဲ့ယှားထူဂါးဆိုတဲ့ ဓူဝံကြယ်တွေဖြစ်သွားတယ်လို့ အဆိုရှိပါတယ်။ တယောက်က မနက်ဘက်မှာ ပေါ်လာပြီး ကျန်တဲ့တယောက်ကတော့ ညနေပိုင်းမှာ ပေါ်လာတတ်တာမို့
သူတို့နှစ်ယောက်ဟာ မတွေ့ကြရရှာဘူးတဲ့။

ကျုပ်လည်းဒီအကြောင်းတွေကိုရေးနေရာကနေ ကျုပ်အမေကိုမေးကြည့်တယ်။ နောင်မူးအိုင်နဲ့သူလောင့်တို့သေ သွားပြီးတော့ ဘာတွေဆက်ဖြစ်သေးလဲလို့မေးတော့ ဘာမျှမဖြစ်ကြတော့ဘူးတဲ့။ သျှင်မွေ့နန်းနဲ့မင်းနန္ဒာကျ တော့ ဓူဝံကြယ်တွေဖြစ်သွားကြပေမယ့် အခုထက်ထိ ပြန်မဆုံနိုင်ကြသေးတာ က ကြေကွဲစရာကောင်းလှပါတယ်ဗျာ။
တယောက်က အာရုဏ်ကျင်းချိန်မှာရောက်လာပေမယ့် တယောက်က ညနေဆည်းဈာအချိန် မျိုးမှ ရောက်လာရတာမဟုတ်လား။

ခူးနော်လေးနဲ့ နော်မူးအေး အကြောင်းစပ်ဆိုထားတဲ့ ကရင်တေးလေးတပုဒ်ကို နားဆင်ကြည့်ကြရင်း ချစ်တတ် ကြသူတိုင်း ချစ်ရသူနဲ့အသက်ထက်ဆုံးပေါင်းသင်းနိုင်ကြပါစေ။ ကရင့်ရိုးရာတေးသီချင်းများကိုလည်း အမြတ်တနိုးနားလည်ခံစားတတ်ကြပါစေ။





ကျန်မာချမ်းသာကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦ

0 comments:

Post a Comment