+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, May 4, 2011

ဆယ်ကျော်သက်တစ်ဦး၏ ရင်ခုန်မှု

Source Photo from http://www.google.com/images

ဆယ်ကျော်သက်တစ်ဦး၏ ရင်ခုန်မှု

Written by လွမ်းမြတ်ဝေ
shweamyutay

ညတဲ့...။
ညလို့သာ ပြောတာ လူသံ၊ ကားသံတွေ၊ ဂီတသံတွေ ဆူညံ ရှုပ်ပွလို့။
ညရဲ့ လေးနက်မှုတွေ ပျောက်နေသလိုပဲ။

ဗမာလူမျိုး၊ မြန်မာ နိုင်ငံသား၊ ဗုဒ္ဓဘာသာ ကိုးကွယ်သတဲ့။
သမ္ဗုဒ္ဓေကို ပီပီသသ ရွတ်နိုင်လို့လား မသိ၊ Pressure, Payment, Credit, Customer ဆိုတဲ့ လုပ်ငန်းဆိုင်ရာ ဝေါဟာရတွေ ကြားမှာ သမီး နားနှစ်ဖက် ပူထူ နေသလိုပဲ။
ဒါကိုမှ မြို့ကြီးပြကြီးလို့ ခေါ်သတဲ့ အမေ။

နံနက်စောစောထ၊ ထမင်းဟင်းချက်၊ လုပ်စရာ ကိစ္စတွေကို အလျင်အမြန် လုပ်ပြီး အလုပ်သွား၊ ညနေ နေရောင်ပျောက်မှ အလုပ်က ပြန်၊ နံနက်အတွက် စီမံ၊ အလုပ်တွေပြီးရင် စာဖတ်၊ စာမဖတ်ရင် အိပ်။
တစ်နေ့တစ်နေ့ ဘာများ အဓိပ္ပာယ် ရှိလဲလို့ ခဏခဏ တွေးမိပါရဲ့။
သမီး ငယ်သေးလို့လား အမေ။

တစ်ခါတစ်ရံ ထမင်းချိုင့် အတွက် အပြေးအလွှား ချက်ပြုတ်၊ စက်ဘီး ဒုန်းနင်းပြီး အလုပ်အမီ သွားခဲ့ရတော့ အဲဒါ ဘ၀တဲ့။ သိပ်တော့ မပီပြင်လှပါဘူး။ အမေ စဉ်းစား ပေးပါဦး။
စက်ဘီးတစ်စီးနဲ့ (အရမ်း ရှုပ်ပါတယ် ဆိုတဲ့ ဒီမြို့ပြမှာ) ပြေးပြေးလွှားလွှား အလုပ် သွားနေတဲ့ ကောင်မလေး တစ်ယောက်ရဲ့ အာရုံမှာ တူညီ ၀တ်စုံလေးတွေ ၀တ်ဆင်ထားကြတဲ့ တက္ကသိုလ် ကျောင်းသူလေးတွေရဲ့ ဘ၀ကို သုံးသပ် နေမိတာ ဘာများဆန်းမှာလဲနော်။
ဘ၀ရဲ့ပထမ ခြေလှမ်းလို့ တင်စားထားတဲ့ တက္ကသိုလ်ဝင် စာမေးပွဲမှာ သမီး ညံ့ခဲ့တာ ၀န်ခံပါတယ်။

ထိုက်သင့်တဲ့ ရလဒ်မျိုး မပိုင်ဆိုင်ခဲ့ပေမယ့် သမီးတို့ တွဲဖက်ထ-ခွဲကျောင်းလေးမှာ ဒုတိယ အဆင့်နဲ့ အောင်မြင်ခဲ့တာပဲ။ ဆိုးရွားတဲ့ အခြေအနေ တစ်ခုတော့ မဟုတ်တန်ရာဘူး ထင်တာပဲလေ။ ရည်မှန်းချက်တဲ့ အမေ။

သိပ်နက်နဲလွန်းတယ်။
သမီးကတော့ အများ ပြည်သူကို အသိပညာတွေ ဖြန့်ဝေ ပေးနိုင်တဲ့ စာရေး ဆရာမကောင်း တစ်ယောက် ဖြစ်ချင်နေမိတယ်။ ရည်မှန်းချက်တော့ မဟုတ်ဘူး။ အိပ်မက် တစ်ခုပါ အမေ။
အမေ့သမီး အရမ်း ညံ့တယ်လို့ အမေ ထင်နေပြီလားဟင်။
တကယ်တော့ သမီးက ဘယ်တုန်းကမှ မတော်ခဲ့တာ အမေ မသိလို့ပါ။ သမီးက အမှောင်ကျတဲ့ လမ်းဘက်က လျှောက်နေမှတော့ အရှေ့ကို မမြင်ရတာ ဘယ်သူ့ကို ရန်လုပ်လို့ ရမှာလဲ အမေရယ်၊ နော်။

သမီး နားထဲမှာကြားရတဲ့ အင်္ဂလိပ် စကားလုံး တချို့ကို နားမလည်တဲ့ အခါ ဘယ်သူ့ကို အပြစ်တင်ရမလဲ။
သမီးနဲ့ အမေ့ရဲ့ အလှမ်း ကွာမှုကို ဖာထေးဖို့ ဘယ်စုတ်ချက်ကို သုံးစွဲရမလဲ၊ အိမ်(ဓနုဖြူ)ကို လွမ်းတဲ့ မျက်ရည်တွေ အတွက် သမီး ဘယ်သူ့ကို နာကြည်းရမှာလဲ။
သမီး မသိခဲ့ဘူး အမေ၊ တကယ်ပါ။ အဖေနဲ့ အမေ့ရဲ့နောက်မှာ အငြိမ်းစား ဆိုတဲ့ ရာထူးလေး ထိုးထားတယ်။ အဲဒီ ရာထူးက လွဲလို့ တခြား ဘာစာတန်းမှ ထပ်မပါတော့တဲ့ မိဘနှစ်ပါးကို ငဲ့ညှာလို့ အမေချစ်တဲ့ သမီးက ဘ၀ကို လေ့လာဖို့ အတွက် ဆယ့်ခြောက်နှစ်တောင် မပြည့်သေးဘဲ အမေ့ ရင်ငွေ့က ကင်းလွတ်ခဲ့ ရတယ်။
အုပ်ထိန်းမှု အောက်မှာ နေရတာ မှန်ပေမယ့် အမေ့ ရင်ငွေ့လောက် မခမ်းနားတော့ သမီး ဘယ်လို ပျော်နိုင်မှာလဲ။ တက္ကသိုလ်ဝင် စာမေးပွဲရဲ့ အမှတ်စာရင်းတွေ ထွက်တော့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် အမှတ်တွေ မီတဲ့ သမီးက အဖေနဲ့ အမေ့ရဲ့ မျက်နှာညိုညိုကြောင့် စိတ်နာစွာနဲ့ မျက်နှာ လွှဲခဲ့ရတယ်။

သြော်...စိတ်နာတယ် ဆိုတာ ငွေမရှိတဲ့ ဘ၀ကိုပါ အမေ။
မျှော်လင့်ချက်လေး တစ်ပိုင်းတစ်စနဲ့ တက္ကသိုလ် တစ်ခုရဲ့ တစ်နှစ်ကုန်ကျ စရိတ်ကို စုံစမ်းမိတော့ အမေ မျက်နှာ မကောင်းတာ သမီး သိပါတယ်။ “နင့်မမလို စာပေးစာယူပဲ တက်ပါ သမီးရယ်”ဆိုတဲ့ အမေ့ရဲ့ တိုးလျလျ အသံအောက်မှာ အမေ မသိအောင် ကျိတ်ရှိုက်ခဲ့ရ သူပါ အမေ။

သမီး ဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာ အကောင်းမြင်တတ်ဖို့ ဆုံးမစာတွေ ခဏခဏ ပါတယ် အမေ။
သမီးလည်း တိတိပပ မဟုတ်ပေမယ့် အကောင်းမြင် တတ်အောင် ကြိုးစားနေပါတယ်။
ရွယ်တူ သူငယ်ချင်းတွေက မိဘတွေနဲ့ခွဲပြီး တစ်နယ် တစ်ကျေးမှာ စာတွေ ကျက်မှတ်လို့။
သမီးကတော့ ဇာတိနဲ့ ခွဲပြီး တစ်မြို့ တစ်ရွာမှာ လမ်းတွေဖောက်လို့။
မိဘနဲ့ ရပ်ရွာကို ခွဲခွာရတာချင်း အတူတူ သူတို့က ပံ့ပိုးပေး ခံရသူတွေ ဖြစ်ပြီး သမီးကတော့ ပံ့ပိုးပေးသူ တစ်ယောက်ပေါ့။ အမေ လက်ခံတယ် မဟုတ်လားဟင်။
ပံ့ပိုးတယ် ဆိုတဲ့ နေရာမှာ ဆယ် ကျော်သက် တစ်ယောက်ရဲ့ ဓနက အဘက်ဘက်က အားနည်းနေမှာ အမှန်ပါ။ ဒါကိုလည်း အမေ နားလည်တယ် မဟုတ်လား။
သမီးရဲ့ ချွေးနှဲစာငွေ အနည်း အကျဉ်းအတွက် အမေ့ရဲ့အပြုံး လက်လက်တွေကို မြင်ရတိုင်း သမီးရဲ့ အနာဂတ် (မနက်ဖြန်)တွေ ပိုပြီး အဓိပ္ပာယ် ပြည့်စုံသွားတယ် ဆိုတာကို တစ်စက် ကလေးမျှ သံသယ မ၀င်ဘဲ ယုံကြည်ပေးပါ အမေရယ်။

မြို့ပြရဲ့အငွေ့အသက်နဲ့ လုပ်ငန်း တစ်ခုရဲ့ အတွေ့အကြုံ အောက်မှာ သမီး ဂုဏ်ပုဒ်ကို ချပြဖို့ အမေ မျှော်လင့်နေမှာပဲနော်။ ဘတ်စ်ကားတွေ တ၀ီဝီနဲ့ အကြမ်းပတမ်း မောင်းပြီး သမီး နင်းတဲ့ စက်ဘီးဘေးက ပွတ်ဆွဲ သွားတာ၊ ရှေ့ကလာတဲ့ ကားကိုရှောင်ပြီး ဘေးကပ်မိလို့ နောက်ကလာတဲ့ ကားနဲ့ တိုက်မိ မလိုဖြစ်တာ၊ အဲဒီအကြောင်းအရာတွေကိုတော့ သိမ်းထားခွင့်ပေးပါ။ မြို့ပြရဲ့ အန္တရာယ်တွေ အကြောင်း အမေ့ကို အသိပေးပြီး အမေ့ စိုးရိမ်မှုကို ဒီဂရီ မတိုးစေချင်ဘူး။ ဒီအန္တရာယ်တွေက အမေ ပို့သတဲ့ မေတ္တာတွေကြောင့် မြူတစ်မှုန်မျှ အရာ မထင်ဘူးလို့ သမီး ယုံကြည်ထားတယ် အမေ။
အခုတော့ အမေရေ...။

ကာလ တစ်ခုရဲ့ အရိပ်အောက်မှာ ကျွမ်းကျင်မှုနဲ့ ရင့်ကျက်မှုကို ပေါင်းစပ်လို့ ရှေ့ဆက်မယ့် အနာဂတ်က ၀ိုးတ၀ါးကနေ ပီပြင် လာခဲ့ပြီအမေ။
သမီးရဲ့မနက်ဖြန်တွေကို အမေ့ရဲ့မေတ္တာတွေနဲ့ အတူ ဖြတ်ကျော် ရင်း သမီးရဲ့ရည်မှန်းချက်တွေ ရှင်သန်တောက်ပလို့ အခက်အခဲတွေလည်း လျော့နည်း လာခဲ့ပါပြီ။
သမီးရဲ့စိတ်ကူးတွေကို အကောင်အထည် ဖော်ရင်း အမေ့ အနာဂတ်ကို စိတ်ချမ်းသာစွာ ရှေ့ဆက်နိုင်ဖို့ အတွက် သမီး ကြိုးစားနေပါတယ်။
အမေ ရှိနေတဲ့ အရပ်ကနေ သာဓု ခေါ်ပေးပါနော်။

လွမ်းမြတ်ဝေ
Source from http://www.shweamyutay.com

0 comments:

Post a Comment