ယူဆသည်ဆိုရာဝယ်
(မင်းစိုးစံ)
ယူဆသည် ဆိုသည့်ဝေါဟာရသည် ထင်မြင်ခြင်းကိုဆိုလိုခြင်းဖြစ်သည်၊ ထင်မြင်ယူဆခြင်းနှင့် ယုံကြည်ခြင်းမှာ ကွာခြားမှုရှိသည်မှာ အမှန်ပင်ဖြစ်သည်။ရှေးဗမာလူကြီးများဆိုရိုးထားရှိခဲ့သည့် ဆောင်ရန်ရှောင်ရန်များအနက် အတွေးပွါးဘွယ်ရာစကားတခွန်းကို ရေးသားလိုပါသည်။
ထို့ကြောင့် ယုံကြည်ခြင်းနှင့် ထင်မြင်ယူဆခြင်းဆိုသည်ကို ဦးစွာပထမ နိဒါန်းပျိုးရေးသားလိုက်ရခြင်းဖြစ်ပါသည်၊ ရှေးဗမာလူကြီးများ ဆိုရိုးစကားများစွာအနက် မွေးနေ့သောင်္ကြာ တနင်္လာ ကေသာဆံချ မပြုအပ် ဆိုသောရှောင် ရန်စကားရပ်ကို စာရှုသူများအနေဖြင့် မည်သို့
ထင်မြင်ယူဆပါသနည်း။
ထင်မြင်ယူဆချက် မည်မျှရှိမည်ဆိုသည်ကို စာရေးသူအနေဖြင့် အတိအကျမသိနိုင်သော်လည်း လူအများစုမှာမူ မွေးနေ့ဆိုသည့်အတွက် မိမိမွေးသည့်နေ့နှင့် တနင်္လာနေ့ သောင်္ကြာနေ့တို့တွင်
ဆံပင်ညှပ်ခြင်းမပြုလုပ်ရ ဟုနား လည်ယုံကြည်ထားကြသဖြင့် တနင်္လာနှင့် သောင်္ကြာသားသမီးများမှလွဲ၍ ကျန်ငါးနေ့တွင်မွေးသော မွေးနေ့ရှင် များသည် မိမိမွေးနေ့အပါအ၀င် တနင်္လာနေ့နှင့်သောင်္ကြာနေ့တို့ တွင် ဆံကေသာဖြတ်တောက်ခြင်းများကို မပြု လုပ်ကြချေ။ အထူးရှောင်ကြဉ်တတ်ကြ၏။
လူတယောက်၏ ဘ၀ရှင်သန်မှုကို ရှေးလူကြီးများ အနေဖြင့် သစ်စေ့တစေ့ဖြင့်ခိုင်းနှိုင်းယူဆထားသည်ဟု ထင် မြင်ယူဆမိပါသည်၊ သစ်စေ့တစေ့မှ အပင်တပင်အဖြစ်ရှင်သန်နိုင်ရန် ဦးစွာအညှောင့်ပေါက်၏၊ အညှောင့်သည် ထိုအပင်၏အမြစ်အဖြစ်မြေလွှာအတွင်းသို့ထိုးဝင်ပြီးနောက် ပင်စည်ဖြစ်ပေါ်လာ၏နောက်မှ အရွက်ကလေးများ ဖြာထွက်လာ၏။
ထိုအခါ ထိုအပင်ပေါက်၏အစဖြစ်တည်ရာဖြစ်သည့်အမြစ်ကို ဖြတ်တောက်လိုက်ပါက အပင်ရှင်သန်နိုင်စွမ်းမ ရှိတော့သကယ့်သို့ ပင်စည်ကို ဖြတ်တောက်ပစ်မည်ဆိုပါကလည်း ထိုနုနယ်လွန်းသည့်အပင်သည် မည်သည့် နည်းနှင့်မျှ ဆက်လက်ရှင်သန်နိုင်မည်မဟုတ်သည့်နည်းတူ ရွက်နုကလေးများကို ဖြတ်တောက်ပစ်လိုက်မည်ဆို ပါလျှင်လည်း ထိုအပင်သည် ဆက်လက်ရှင်သန်ရပ်တည်ပွါးစီးနိုင်စရာအကြောင်း မရှိတော့ချေ။
လူ့ဘ၀သက်တမ်းတလျှောက် ဖေါ်ပြပါ အပင်ငယ်လေးတပင်ကယ့်သို့ အဖြစ်မျိုးနှင့်နှိုင်းယှဉ်ကာ လူတို့၏ဆံကေ သာကို ဖြတ်တောက်ရမည့်နေ့ရက်များကို ရှောင်ကြဉ်လိုသည့်အနေဖြင့် ထိုဆိုရိုးစကားကို ထားရှိခဲ့ဟန်ထင်စရာ
ရှိပါ၏။
ထို့ကြောင့်ပင်ရှေးလူကြီးများက တနင်္ဂနွေနေ့တွင်မွေးဖွါးသည့် သားသမီးများကိုသာ ရည်ရွယ်ပြောဆိုသတ်မှတ် ထားခြင်းဖြစ်သည်ဟု ယူဆမိပါသည်၊ အကြောင်းမှာ တနင်္ဂနွေနေ့တွင်မွေးဖွါးသူများသည် စနေနေ့မရောက်မှီ သောင်္ကြာနေ့သည် တနင်္ဂနွေဖွါးများအတွက် ဖြစ်တည်ရာ၊ ရှင်သန်ရပ်တည်နိုင်ရန်အခြေပြုသည့်နေ့တနေ့ဖြစ် သည့်နည်းတူ တနင်္လာနေ့သည်လည်း ထိုတနင်္ဂနွေဖွါးများအတွက် စည်ပင်တိုးတက်စေသောနေ့အဖြစ် သတ် မှတ်ထားရှိကြလေဟန်ရှိလေ၏ဟု ယူဆနိုင်စရာရှိ၏။
နက္ခတ်ဗေဒအရ အရေးအကြီးဆုံး ခွန်အားအကြီးဆုံး အမြင့်မြတ်ဆုံးဂြိုဟ်သည် တနင်္ဂနွေဂြိုဟ်ဖြစ်သောကြောင့် ဆိုခဲ့ပြီးဖြစ်သော မွေးနေ့ သောင်္ကြာ တနင်္လာ ကေသာဆံချ မပြုအပ်ဆိုသည့် ရှောင်ရန်နေ့များကို မဏ္ဍိုင်ပြုကာ ပြောစမှတ်ပြု သတ်မှတ်ထားခဲ့သည်ဟု ထင်မြင်ယူဆမိပါသည်။
သို့ဖြစ်ပါ၍ စာရေးသူ၏ထင်မြင်ယူဆချက်ကိုရေးသားဖေါ်ပြရပါလျှင် တနင်္ဂနွေနေ့မှစ၍ သောင်္ကြာနေ့အထိ ခုနစ်ရက်သားသမီးအားလုံး မိမိမွေးနေ့အလိုက်ရှောင်သင့်သည်မှာ
တနင်္ဂနွေနေ့တွင်မွေးဖွါးကြသူများအတွက် မိမိမွေးနေ့အပါအ၀င် သောင်္ကြာနေ့နှင့်တနင်္လာနေ့တို့၌ ဆံပင်ညှပ် ခြင်း ဆံပင်တုံးခြင်း(ကတုံးတုံးခြင်း)မပြုအပ်။
တနင်္လာနေ့ တွင်မွေးဖွါးကြသူများအတွက် မိမိမွေးနေ့အပါအ၀င် စနေနေ့နှင့်အင်္ဂါနေ့တို့၌ ဆံပင်ညှပ်ခြင်း ဆံပင်တုံးခြင်း(ကတုံးတုံးခြင်း)မပြုအပ်။
အင်္ဂါနေ့တွင်မွေးဖွါးကြသူများအတွက် မိမိမွေးနေ့အပါအ၀င် တနင်္ဂနွေနေ့နှင့်ဗဒ္ဓဟူးနေ့တို့၌ ဆံပင်ညှပ်ခြင်း ဆံပင်တုံးခြင်း(ကတုံးတုံးခြင်း)မပြုအပ်။
ဗဒ္ဓဟူးနေ့တွင်မွေးဖွါးကြသူများအတွက် တနင်္လာနေ့နှင့်ကြာသာပတေးတို့၌ ဆံပင်ညှပ်ခြင်း ဆံပင်တုံးခြင်း (ကတုံးတုံးခြင်း)မပြုအပ်။
ကြာသာပတေးနေ့တွင်မွေးဖွါးကြသူများအတွက် အင်္ဂါနေ့နှင့်သောင်္ကြာနေ့တို့၌ ဆံပင်ညှပ်ခြင်း ဆံပင်တုံးခြင်း (ကတုံးတုံးခြင်း)မပြုအပ်။
သောင်္ကြာနေ့တွင်မွေးဖွါးကြသူများအတွက် ဗဒ္ဓဟူးနေ့နှင့်စနေနေ့ တို့၌ ဆံပင်ညှပ်ခြင်း ဆံပင်တုံးခြင်း (ကတုံးတုံးခြင်း)မပြုအပ်။
စနေနေ့တွင်မွေးဖွါးကြသူများအတွက် ကြာသာပတေးနေ့နှင့်တနင်္ဂနွေနေ့တို့၌ ဆံပင်ညှပ်ခြင်း ဆံပင်တုံးခြင်း (ကတုံးတုံးခြင်း)မပြုအပ်။
ဤကား စာရေးသူ၏ ထင်မြင်ယူဆချက်ကို တင်ပြရေးသားခြင်းသာဖြစ်ပြီး လျှော်ကန်သင့်မြတ် မှန်ကန်သည်ဟု တထစ်ချ မယုံကြည် မယူဆသင့်ချေ။
သို့သော်ရှေးထုံးလည်း မပယ်နှင့်ဈေးသုံးလည်း မလွယ်နှင့်ဆိုသည့် ရှေးဆိုရိုးစကား ရှိသည်နှင့်အညီ
ဖေါ်ပြပါ မွေးနေ့ သောင်္ကြာ တနင်္လာ ကေသာဆံချ မပြုအပ် ဆိုသည့်စကားရပ်ကို လိုက်နာ ကျင့်သုံး ရှောင်ကြဉ် လိုကြသူများအနေဖြင့်ယခု အကြောင်းအရာကို အလေးအနက်ထားစဉ်းစားသင့်သည်ဟု ထင်မြင် ယူဆမိပါသည်။
စာရှုသူများအားလုံး ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
0 comments:
Post a Comment