+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, October 18, 2011

လုပ်ကြည့်မှ သိမယ်

Source Photo from http://thechive.com

လုပ်ကြည့်မှ သိမယ်
(မင်းစိုးစံ)

လုပ်တယ်ဆိုတာက အကောင်အထည်ဖေါ်တာကိုဆိုလိုတာ၊ အကောင်အထည်မဖေါ်ခင်မှာ ဦးစွာစဉ်းစားရပါတယ်၊
ဒါဆို စဉ်းစားတာကရော အလုပ်မဟုတ်ဘူးလား၊ သေခြာတာကတော့ စဉ်းစားတဲ့လူတွေ အကျိုးမခံစား ရဘူး
လုပ်တဲ့လူ အကျိုးခံစားရတယ်။ နာမည်ရတယ်။မှန်ရဲ့လားမသိ။

တခါတလေကျပြန်တော့ လုပ်တဲ့လူထက် စဉ်းစားတဲ့လူက ပိုအကျိုးအမြတ်ရတာမျိုးတွေရှိတတ်ပြန်ပါတယ်၊
အဲ ဒီတော့ကာ ဘာတွေဖြစ်လာသလဲဆိုတော့ အတွေးအခေါ်သမားနဲ့ လက်တွေ့အကောင်အထည်ဖေါ်သမားတို့ရဲ့
အကြား အဖုအထစ်ကလေးတွေဖြစ်လာတာမျိုး ကြုံရတတ်ပြန်ပါတယ်။

အဖုအထစ်လေးတွေကကြီးလာတော့ တယောက်နဲ့တယောက်အစာမကြေတွေဖြစ် ရင်ပြည့်ရင်ကယ်တွေဖြစ်ပြီး အားလုံးအံထွက်ကြနဲ့ နောက်ဆုံးပိတ် တန်ဘိုးကြီးမားတဲ့ ရည်ရွယ်ချက်ကောင်းတွေ ဆုံးရှုံးပျောက်ကွယ်
သွားပါတော့တယ်၊ ဘယ်သူတွေနစ်နာသလဲမေးလျင် အဲဒီအကြောင်းအရာတွေ အကျိုးတရားတွေနဲ့ ဆက်စပ် သူတွေအားလုံးကို ထိခိုက်နစ်နာစေတဲ့အတွက် လူ့ပတ်ဝန်းကျင်တိုးတက်စီးပွါးရေးမှာ များစွာနှောင့်နှေးစေတတ်
ပါတယ်။

ဘာကြောင့်လဲဆိုလျင် အတွေးအခေါ်သမားနဲ့ လက်တွေ့အကောင်အထည်ဖေါ်သမားတို့ အစာမကြေတာတွေ၊ အဖုအထစ်ဖြစ်တာတွေကြောင့် အံကျလာသမျှကို ဆံထုံးတော့ထုံးပေးမယ် ဆီတော့မဆိုက်နိုင်ဘူးဆိုတဲ့ အခွင့် အရေးသမားတွေက သူ့ကိုယ်ကျိုးအတွက် အသုံးချလိုက်လို့ဖြစ်ပါတယ်။

ကိုယ်ကျိုးအတွက်ဆိုတဲ့နောက်တော့ လုပ်ဖြစ်တာကောင်းတယ် လုပ်ဖြစ်တာမကောင်းဘူး ဆိုတာကိုကြည့်မနေ
နိုင်တော့ပဲ လုပ်လိုက်တဲ့နောက် ကောင်းကျိုးထက်ဆိုးကျိုးကို ဖြစ်စေတော့တာပါပဲ၊ အဲဒါကိုသိနေပါလျက်နဲ့
ဒီအတိုင်းကြည့်နေရတာက အင်မတန်ကို အခံရခက်လှပါတယ်။ (ကျုပ်တယောက်တည်းအနေနဲ့ ပြောတာပါ)

အတွေးအခေါ်ရှိတယ် အတတ်ပညာပိုင်းမှာ အားနည်းတယ်၊ အတတ်ပညာပိုင်းမှာပြည့်စုံတယ် အတွေးအခေါ်
ပိုင်းမှာ မမှီဘူး၊ အဲဒီလိုလူတွေက မညီမညွတ် စုစုစည်းစည်းမရှိနိုင်တဲ့အခါကျတော့ ဒီအတိုင်းလက်ပိုက်ကြည့်
နေကြတာပေါ့၊ ဘာလုပ်လို့ရနိုင်မှာလဲ။

အတွေးအခေါ်ကလည်း မောင်လုပ်မောင်စား အတွေးအခေါ်၊ အတတ်ပညာကလည်း မပြည့်အိုးဖြစ်ပေမယ့် စား နေကျ ကြောင်ဖါးကြီးဆိုတော့ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်အကောင်ကိုထိုးကျွေးလိုက်လျင် ဘယ်လိုခွင် (ဂွင်) ပေါ်လာမယ် ပေါ်လာတဲ့ခွင်(ဂွင်)ကို ဘယ်လိုရိုက်စားလုပ်လိုက်မယ် ဆိုတာလောက်ပဲတွေးနေတာကလား
ဟေ့ ဖူ့တာမိုက် မင်းနှယ်ကွာ သူများလုပ်တတ်လို့စားနေတာ ဘာလဲ မနာလိုဘူးလား လို့မေးစရာရှိလာပါတယ်၊ ဘာမျှမနာလိုမရှုစိမ့်ဖြစ်စရာမရှိပါဘူး၊ တရားသဘောနဲ့ကြည့်မယ်ဆိုလျင် သူ့ကံအတိုင်းဖြစ်လာတာပါ၊
ကံဆိုတာ အလုပ်လေ၊ သူ့အလုပ်ကြောင့်သူအကျိုးခံစားရတာပဲ ကိုယ်ကကြားကနေ မနာလိုဖြစ်မိသွားလျင်
အခုလက်ရှိဘ ၀တင်မကဘူး နောင်အနာဂါတ်ဘ၀မှာတောင် အပြစ်ဖြစ်နေမှာ။

ဒါကပုဂ္ဂလိက အနေနဲ့လက်ခံကျင့်သုံးတာပါ၊ ဘာကြောင့်လဲဆိုလျင် စာရှုသူကို ကျုပ်ကမနာလိုဖြစ်နေပြီဆိုပါစို့၊
စာရှုသူက ဘာမျှမသိဘူး ကျုပ်တယောက်တည်း ခံစားနေရတာ အပူတွေပေါ့၊ ဒေါသတွေ မနာလိုဝန်တိုစိတ်တွေ မကောင်းကြံချင်တဲ့စိတ်တွေ ကျုပ်ဘာသာကျုပ်ဖြစ်နေတာ၊ အဲဒါကြောင့် မကောင်းဘူးဆိုတာသေခြာတယ်၊
လူ့လောကကြီးမှာ လူရယ်လို့ဖြစ်လာတဲ့နောက် ကောင်းမှုကိုမလုပ်ဖြစ်လျင်နေ မကောင်းမှုကို လုံးဝမလုပ်ဖြစ် ဘို့အရေးကြီးတာကလား။

အခုလိုရေးလိုက်တော့ ကျုပ်ရဲ့ C-box ထဲမှာလူတယောက် ကျုပ်ကိုရေးပေးခဲ့ဘူးတဲ့စာကြောင်းကို သတိရ
သွား တယ်၊ ကျုပ်က ဘာသာရေးနဲ့ပတ်သက်တဲ့ သတင်းတွေ သတင်းဓါတ်ပုံတွေတင်တာ ဆက်တိုက်ဖြစ်လာတော့ လူတယောက်ကဘယ်လိုရေးလိုက်တယ်မှတ်တုန်း ဗျို့ဖူ့တာမိုက် ခင်ဗျားဒီလောက်တောင်တရားဟောချင်လျင်
ဘလော့ဂ် မရေးနဲ့တော့ ဘုန်းကြီးဝတ်ပြီး အေးအေးဆေးဆေးတရားလိုက်ဟောပါ တဲ့။

အဲဒီတော့ကာ ဗမာစကားပုံတခုရှိတယ်ဗျ၊ လူဟာ ရဟန်းလိုမကျင့်နဲ့ ရဟန်းလည်း လူလိုမကျင့်နဲ့။
လူက ရဟန်း လိုကျင့်တော့ စီပွါးလစ်တယ်၊ ရဟန်းက လူလိုကျင့်တော့ဓမ္မညစ်တယ်။
လူကလူ့ကျင့်ဝတ်အတိုင်းနေထိုင်ကျင့် ကြံရမယ်၊ ရဟန်းလိုကျင့်နေလျင် စီးပွါးပျက်မယ်ပေါ့၊ ရဟန်းကလည်း ရဟန်းကျင့်ဝတ်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ခြင်းမရှိပဲ လူတွေလိုပဲနေထိုင်ကျင့်ကြံမယ်ဆိုလျင်
ဘာသာရေးမှာ လူကဲ့ရဲ့စရာဖြစ်မယ်ပေါ့ဗျာ။

ဒီလောက်ဆိုလျင် ကျုပ်အနေနဲ့ မောင်လုပ်မောင်စားအတွေးအခေါ်နဲ့ ခွင်(ဂွင်)ဆင်ပြီးရိုက်စားလုပ်သူတွေ
အ ကြောင်းရေးလို့ ရပြီထင်ပါတယ်၊ စိတ်ရှိလက်ရှိအိတ်သွန်ဖါမှောက်ရေးမယ်ဗျာ။ လန့်သွားလား မလန့်ပါနဲ့
ကျုပ်လည်း လူပါဗျ။ လူပါးတော့ဝရမှာပေါ့။ အားလုံးလျှောက်ရေးလိုက်လို့ကတော့ တချို့နေရာတွေမှာ ရေးရင်း
ရေးရင်း ကတောင်းကျိုက်တခြား ဖင်တခြားဖြစ်သွားနိုင်တယ်။

ကျုပ်ရဲ့မြင်နေရ တွေ့နေရ ကြုံနေရတာတွေရဲ့အပေါ် အခြေပြုပြီးရေးကြည့်ချင်ပါတယ်၊ အားလုံးလည်းသတိထား နိုင်ကောင်းရဲ့ဆိုတဲ့စေတနာနဲ့ပါ၊ လူတချို့ဟာ သူတပါးချွေးနှီးစာပစ္စည်းကို ကိုယ့်ပစ္စည်းအဖြစ်မောင်ပိုင်စီးတတ် ကြပါတယ်။ အများပိုင်ပစ္စည်းကို မိမိကိုယ်ပိုင်ပစ္စည်းအဖြစ်သိမ်းဆည်းရယူတတ်ကြပါတယ်။ အခြေမခိုင်သေးတဲ့ အဖွဲ့အစည်းတွေထဲ စုစည်းစေချင်တဲ့ဆန္ဒရှိသယောင်ယောင်နဲ့ ပြိုပျက်အောင် ဖြိုခွဲတတ်ကြပါတယ်။
အဲဒီလိုအပြင် အဖွဲ့အစည်းတခုနဲ့တခု စည်းလုံးညီညွတ်မှုမရှိအောင် ထင်ယောင်ထင်မှားဖြစ်စေတဲ့ စကားလုံး
တွေနဲ့ပြောဆိုပြီး အစေးမကပ်နိုင်အောင်လုပ်တတ်ကြပါတယ်။
သူများအတွေ့အကြုံတွေကို နားထောင်ပြီး သူကိုယ်တိုင်ရင်ဆိုင်ဖြတ်သန်းလာတဲ့အနေအထားမျိုး လုပ်ကြံပြောဆိုတတ်ကြပါတယ်။

သူတပါးပြုလုပ်ဖန်တည်းထားတာတွေကို သူဖန်တည်းထားတာပါဆိုပြီး မဟုတ်မတရားကြွားဝါတတ်ပါတယ်။
သူပေးတဲ့အကြံ သူပြောတဲ့အတိုင်း လိုက်လျှောမှုမရှိတဲ့သူကို (အဖွဲ့ကို) မပျက်ပျက်အောင်လုပ်လေ့ရှိပါတယ်။

Source Photo from http://thechive.com

အဲဒီတော့ ဟေ့ဖူ့တာမိုက် ခင်ဗျားလူက စွမ်းလှချည့်လား ဒါမျှမဟုတ် ခင်ဗျားတို့သောက်သုံးမကျတာလား လို့ မေးလာလျင်တော့ ဟုတ်ကဲ့ ကျုပ်တို့ကရင်တွေ အင်မတန့် အင်မတန်ကို အယုံလွယ်လွန်းအားကြီးလှပါတယ်
ပြီးတော့ အင်မတန်ကိုပဲ နုံအ ထုံထိုင်းလှပါတယ်ခင်ဗျား။

အောက်က ကရင်လူကြီးတွေပြောခဲ့တဲ့ ဆိုရိုးစကားလေးကို ဖတ်ကြည့်ကြပါဗျား။

ပ်ုဖႜုံဖေါဟ်ယိုဝ်က္ထူ့
က္ထူ့ငးင၀် လ်ုယှာ့ဏင်ၟစယ်
သါင့်မ်ုပုဂ် ဏ်ုဏါၟဍေခွယ့်
အှ်ဝယ်ယိက် ဟ်ုယှာၟလ၀်ဆိုဝ်၀ယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

0 comments:

Post a Comment