+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, October 15, 2011

အမေး ပီအိပ်(ခ်ျ)ဒီ ကျောင်းသူ၊ အဖြေ လီကွမ်ယု


အမေး ပီအိပ်(ခ်ျ)ဒီ ကျောင်းသူ၊ အဖြေ လီကွမ်ယု

Written by အတ္တကျော်
Thursday, 13 October 2011

အင်တာနက်ကျေးဇူးကြောင့် စင်ကာပူသတင်းတစ်ပုဒ် ဖတ်ခွင့်ကြုံလိုက်ပါတယ်။ အသက် ၂၇ နှစ် အရွယ် ပါရဂူဘွဲ့သင်တန်းတက်နေတဲ့ ဇီဝသိပ္ပံကျောင်းသူလေးတစ်ယောက်က စင်ကာပူရဲ့ ၀ါရင့်ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုကို ကျောင်းသား ၁၇၀၀ ရဲ့ရှေ့မှာ မေးခွန်းတစ်ခု မေးချလိုက်ပါတယ်။

အချိန်တိုအတွင်းမှာ တခြားနိုင်ငံက ၀င်ရောက်လာတဲ့ နိုင်ငံခြားသားတွေ အောတိုက်နေတာမို့ စင်ကာပူနိုင်ငံသူ၊ နိုင်ငံသားတွေမှာ အမျိုးသားရေးစိတ်တွေ ပျက်ယွင်းနေကြပြီ။

ဒါ့ကြောင့် သည်နိုင်ငံဟာ သူတို့မိခင်နိုင်ငံဆိုတဲ့ ခံစားချက်တွေပြန်ရလာအောင် လူမှုရေးအရ စည်းလုံးညီညွတ်မှု
ရှိလာအောင် ကျွန်မတို့တွေ ဘယ်လိုလုပ်ကြရင်ကောင်းမတုံးလို့ ကလေးမလေးက သူ့ထက်အသက် ၆၀
တိတိကြီးတဲ့ လီကွမ်ယုကို မေးလိုက်တာပါ။

မေးခွန်းကို ဘိုးတော်က အတည့်မဖြေဘူး။ စစချင်းပြန်ပြောတာက စင်ကာပူနိုင်ငံရဲ့ အဆမတန်
များပြားလာတဲ့ သက်ကြီးရွယ်အိုတွေအကြောင်း ပြောတယ်၊ ပြီးတော့ စင်ကာပူနိုင်ငံရဲ့ ကျဆင်းနေတဲ့ လူဦးရေတိုးပွားနှုန်းအကြောင်း ပြောတယ်။

အဲဒါတွေကသာ စင်ကာပူနိုင်ငံ့ခေါင်းဆောင်များ ခေါင်းခဲနေရတဲ့ပြဿနာတွေလို့လည်း ဆိုတယ်။
''ကနေ့ မီးဖွားနှုန်းက ၁ ဒသမ ၀၁ ပဲရှိတယ်။ တစ်နည်းပြောရင် အိမ်ထောင်ရှင်စုံတွဲတိုင်းမှာ ကလေး ၁ ဒသမ ၀၁ ယောက်ပဲရှိတယ်။ ရွှေ့ ပြောင်းအခြေချလာတဲ့သူ တစ်နှစ်ကို ခြောက်သောင်းလောက်ရှိမှ ကျုပ်တို့ရဲ့
စီးပွားရေးကို ပျိုမျစ်နုနယ်စေလိမ့်မယ်လို့ မူဝါဒလေ့လာရေးသိပ္ပံရဲ့ ကိန်းဂဏန်းတွေက ခပ်တင်းတင်းကြီး
ပြဆိုနေပါတယ်။ အဲလောက်တော့ ကျုပ်တို့မလုပ်နိုင်ဘူး။ နှစ်သောင်း၊ မ သကာ နှစ်သောင်းခွဲလောက် ဆို တော်လောက်ပြီ။ ခြောက်သောင်းတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး''လို့ လီကွမ်ယုက ပြောပါတယ်။

အိမ်ထောင်ရှင်စုံတွဲတွေမှာ ကလေး ၁.၈ ယောက်နှုန်း၊ သည့်ထက်ပိုကောင်းတာက ကလေး ၂.၁ ယောက် နှုန်းလောက်အထိ မွေးနိုင်မှ လိုအပ်တဲ့လူဦးရေကို ထေမိနိုင်မယ်လို့လည်း ဘိုးတော်က
ပြောပါတယ်။
ပြီးတော့မှလီကွမ်ယုကကလေး မလေးကိုမေးခွန်းပြန်ထုတ်ပါတယ်။

''ဒါထက် ညည်းအသက်က ဘယ်လောက်ရှိပြီလဲ''
''နှစ်ဆယ့်ခုနစ်နှစ်ပါရှင့်''
ဆက်မေးတဲ့ မေးခွန်းတွေက ကြမ်းတယ်။ သွက်တယ်။

''ညည်းမှာ အိမ်ထောင်ရှိလား'' (ဟင့်အင်း... ရှိ ဘူးရှင့်။)'' ညည်း ပါရဂူဘွဲ့ပြီးဖို့ နောက်ထပ် ဘယ်နှနှစ်လိုသေးလဲ'' (နှစ်နှစ်ပါရှင့်။) ''ဒါဆို ဘွဲ့ရတဲ့အချိန် ဆိုညည်းအသက်၂၉နှစ်ပေါ့။ ညည်း မယ်ရည်းစာရောရှိလား'' (မရှိဘူးရှင့်။)

သည်မှာတင်ဘိုးတော်က အမျိုးသမီးတွေ မီးဖွားမှုဆိုင်ရာဇီဝဗေဒ သဘောတရားတွေကို ပြောပါတော့တယ်။ အသက် ၃၅ နှစ်နောက်ပိုင်းမှာ မျက်နှာပြားပြား၊ မျက်လုံးပိတ်ပိတ်နဲ့ ဦးနှောက်မမှန်တဲ့ကလေးတွေ မွေးလာနိုင်တာမျိုးလို အန္တရာယ်တွေ များပြားလာကြောင်း ဆက်ပြောတယ်။

''အဲတော့ညည်းကို ကျုပ်အကြံပေးချင်တာက အချိန်မဖြုန်းပါနဲ့လို့ပဲဗျ။ ညည်းရဲ့ ပါရဂူဘွဲ့လည်းရ၊ ရည်းစားလည်း
ရပါစေလို့ ကျုပ်ဆုတောင်းပေးလိုက်ပါသဗျာ''ဆိုတာနဲ့ စကားကို အဆုံးသတ်လိုက်တယ်။

၁၇၀၀ ရှိတဲ့ ပရိသတ်က အုတ်အော်သောင်းသဲ ရယ်တယ်။ ကလေးမရဲ့ မျက်နှာလည်း ရဲရဲတွတ်သွားပါတော့တယ်။

သတင်းက မဆုံးသေးပါဘူး။ ကလေးမလေးကို သတင်းထောက်က မေးမြန်းထားတာတွေ ပါပါသေးတယ်။ ကလေးမလေးရှက်သွားတဲ့အကြောင်း၊ ဖြစ်နိုင်ရင်အဲဒီ့အချိန်မှာ အငွေ့ပျံသွားချင်တဲ့အထိ ဖြစ်ရကြောင်း၊
ဘာညာ စတာတွေ ဆက်ရေးထားပါတယ်။

အရေးကြီးတာက ကျွန်တော်ဆွေးနွေးခဲ့သလို အမြင်ပိတ်နေတာပါ။ ပြဿနာတစ်ခုအပေါ် သုံးသပ်ရာမှာ
ကိုယ့်ဘက်က ဘာလိုနေလဲဆိုတာထက် ခေတ်တွေ၊ စနစ်တွေ၊ မူဝါဒချမှတ်သူတွေကို အပြစ်ဖို့ရတာက
ပိုလွယ်လွန်းလှသလို အလွန်အင်မတန်မှလည်း လူဆန်လှပါတယ် .

သို့သော် ကျွန်တော်ပြောချင်တာက အဲဒါတွေမဟုတ်တဲ့အတွက် သတင်းကိုအစအဆုံး ပြန်ပြောပြမနေတော့ပါဘူး။
ဒါလေးကို အင်တာနက်ပေါ်က ကျွန်တော့်စာမျက်နှာမှာ တင်လိုက်တော့ စာဖတ်သူတစ်ဦးက မှတ်ချက်ပေးလာတယ်။ ''ဒါကတော့ အဲဒီ့ကလေးမညံ့လို့ပါ။ လီကွမ်ယုကို မမေးခင်မှာ လီကွမ်ယုပြန်ပြောလာမယ့်တုံ့ ပြန်ချက်တွေကို
ကြိုပြင်မထားလို့ သူခံလိုက်ရတာပဲ။ နည်းတောင် နည်းသေး...''တဲ့။
အဲဒါကို ကျွန်တော်အောက်ပါ အတိုင်းပြန်ဆွေးနွေးဖြစ်သွားပါတယ်။

''ကလေးမညံ့ရခြင်းမှာ အကြောင်း နှစ်ချက်ရှိတယ်လို့ မြင်မိပါတယ်။
ပထမတစ်ချက်ကတော့ ငယ်မာန်နဲ့ ပညာမာန်။ ဒုတိယအချက်က သူ့မေးခွန်းမှာ ပေါ်လွင်တယ်။
စလုံး မောင်မယ်တွေအားလုံးလိုပဲ အလုပ် အကိုင် အခွင့်အလမ်းကြုံ့ဝင်နေမှုဟာ နိုင်ငံခြားသားတွေ
လှိမ့်ဝင်နေလို့ဆိုတဲ့ အမြင်တစ်ခုတည်းကိုသာ သူကကိုင်ဆုပ်ထားတယ်။
သည်အတွက် မူဝါဒချမှတ်သူတွေကိုသာ အပြစ်တင်ချင်တဲ့သဘောက ရှိနေတယ်။
သည်မှာတင် ငါတို့မှာ ဘာတာဝန်ရှိလဲဆိုတာကို လုံးဝမဆင်ခြင်မိတော့ဘဲ သူ့အမြင်ကပိတ်သွားတယ်။
အဲဒီ့မှာတင် သူ့ကိုယ်သူကာကွယ်ဖို့ ပြင် ဆင်ရကောင်းမှန်း မသိရှာတော့တာလို့ မြင်မိပါတယ်။
ယူတတ်ရင် သိပ်ကောင်းတဲ့ နမူနာပါ''လို့။

မှန်ပါတယ်။ အသက် ၂၇ နှစ် အရွယ်ဟာ အင်မတန်မှ မာန်တက်လို့ကောင်းတဲ့အရွယ်ဆိုတာ ၄၀ ကျော်ပြီး တကယ်ရင့်ကျက်လာရင် သဘောပေါက်လာပါတယ်။ ငယ်မူ ငယ်သွေး၊ ငယ်စိတ်ငယ်မာန်ဆိုတာ သည်အရွယ်တွေမှာ ဖြစ်တတ်တဲ့သဘော ပါ။ ကျွန်တော်လည်း အဲဒီအရွယ်တုန်းကအဲလိုပါပဲ။ သိပ်ရှေ့နောက် မစဉ်းစားတတ်ဘူး။

သည်အထဲ ပါရဂူတန်းလောက် အထိတက်နေပြီဆိုတော့ ပညာမာန်ကလည်း ဟိန်းဟိန်းထနေလောက်ပါပြီ။
တော်တော်တန်တန်ကို လူမထင်ချင်တဲ့ စိတ်ကလေးက ဦးဆောင်နေမှာသေချာပါတယ်။
သည်အခါ လီ ကွမ်ယုလို ပုဂ္ဂိုလ်ကြီးကိုတောင်မှ ခေတ်ဆွေးဘိုးတော်ကြီးဆိုတဲ့အတွေးက သိစိတ်နဲ့ပဲဖြစ်ဖြစ်၊ မသိစိတ်နဲ့ပဲဖြစ်ဖြစ် သူ့ရင်ထဲမှာ ကိန်းကောင်းကိန်းနေနိုင်ပါတယ်။

ဒါပေမယ့် အဲဒါတွေထက် အရေးကြီးတာက ကျွန်တော်ဆွေးနွေးခဲ့သလို အမြင်ပိတ်နေတာပါ။
ပြဿနာတစ်ခုအပေါ် သုံးသပ်ရာမှာ ကိုယ့်ဘက်က ဘာလိုနေလဲဆိုတာထက် ခေတ်တွေ၊ စနစ်တွေ၊ မူဝါဒချမှတ်
သူတွေကို အပြစ်ဖို့ရတာက ပိုလွယ်လွန်းလှသလို အလွန်အင်မတန်မှလည်း လူဆန်လှပါတယ်။
လူဆန်ဆို ကိုယ့်အတွက်ဆို တစ်ကွက်ချန်တွေးတတ်တဲ့ သဘာဝ၊ ကိုယ်ကမှန်ပြီး သူများတကာကသာ မှားတယ် လို့ မြင်ချင်တတ် တဲ့သဘာဝများနဲ့ လူသားတွေကိုး ခင်ဗျာ။အဲတော့ ဟိုဘိုးတော်ကြီးက ချက်နဲ့လက်နဲ့ တုံ့ပြန်လာ
မယ့် စကားတွေကို ကလေးမလေးက နည်းနည်းလေးမှ ကြိုတွက်မထားမိတော့ဘူး။
သည်လိုလူမျိုးကို မေးခွန်းထုတ်မယ်ဆိုရင် ကိုယ့်ဘက်ကဘာတွေ ပြင်ဆင်ထားရမယ်ဆိုတာကိုလည်း သတိ
မမူနိုင်တော့ဘူး။
သည်မှာတင်လူ ကြားထဲမှာ သူ့အရှက် ဗျန်းဗျန်းကွဲသွားရရှာတော့တာပါပဲ။

ယူတတ်ရင် အင်မတန့်ကို ယူထိုက်တဲ့ သင်ခန်းစာလေးတစ်ခုပါ။
အထူးသဖြင့် ထစ်ခနဲရှိ တောင်ပြော၊ မြောက်ပြော ပြောလွယ်တဲ့ အာစ လျာစများရှိနေကြသူ ကျွန်တော်တို့ ရွှေများ
အတွက် အင်မတန်မှဆင်ခြင်ထိုက်တဲ့ နမူနာလို့ မြင်မိရလို့ လက်ဆင့်ကမ်းဖောက်သည်ချ လိုက်ရပြန်တာပါပဲ
ခင်ဗျား။
အားလုံးတွေးဆဆင်ခြင်ကြည့်နိုင်ကြပါစေ

(ရန်ကုန် - ၂၆၀၉၁၁)

Credit http://www.news-eleven.com

0 comments:

Post a Comment