အာဖရိကတွင် ကာလ၀မ်းရောဂါ
ကူးစက် ဖြစ်ပွားမှုကြောင့်
လူ(၂၅၀၀) နီးပါး သေဆုံး
ကူးစက် ဖြစ်ပွားမှုကြောင့်
လူ(၂၅၀၀) နီးပါး သေဆုံး
15 Oct, 2011
အာဖရိကတိုက် အနောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ ကာလ ၀မ်းရောဂါ ကူးစက် ဖြစ်ပွားမှုဟာ သမိုင်း တစ်လျှောက်မှာ အဆိုးဝါးဆုံးအဖြစ်နဲ့ လူဦးရေ (၈၅၀၀၀)ကျော် ကူးစက် ခံနေရပြီး လူ(၂၅၀၀)ခန့် သေဆုံး ခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီလို ကာလ၀မ်းရောဂါ ကူးစက် ပျံ့နှံ့မှုတွေကို ထိန်းသိမ်း နိုင်ဖို့ လုပ်ဆောင်ချက်တွေကို အဆောတလျင် လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂ ကလေးသူငယ်များ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က တောင်းဆို ခဲ့ပါတယ်။ အဆိုပါ ဒေသအတွင်းမှာ ကူးစက် ဖြစ်ပွားနေတဲ့ ကာလ၀မ်းရောဂါ နှုန်းထားဟာ သမိုင်း တစ်လျှောက်မှာ အဆိုးဝါး ဆုံး ဖြစ်တယ်လို့ ယူနီဆက်ဖ်ရဲ့ ပြောခွင့်ရ ပုဂ်္ဂိုလ်တစ်ဦးက ပြောကြား ခဲ့ပါတယ်။
ချတ် နိုင်ငံမှာ ကာလ၀မ်းရောဂါ ဖြစ်ပွားမှုနှုန်းဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး ကင်မရွန်း နိုင်ငံမှာလည်း ခရိုင် (၁၀)ခုအနက် (၉)ခုမှာ ဖြစ်ပွားနေသလို ကွန်ဂိုနိုင်ငံမှာ ဆိုရင်လည်း သေဆုံးမှု နှုန်းထားဟာ (၅)ရာခိုင်နှုန်းအထက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို ကာလ၀မ်းရောဂါကြောင့် သေဆုံးမှု နှုန်းထားဟာ လက်မခံနိုင်လောက်စရာ မြင့်တက်နေဆဲ ဖြစ်ပြီး နေရာအတော်တော် များများမှာ (၂.၃)ရာခိုင်နှုန်း ကနေ (၄.၇)ရာခိုင်နှုန်း အထိ မြင့်တက်နေသလို ကင်မရွန်း နိုင်ငံရဲ့ ဒေသအချို့မှာ (၂၂)ရာခိုင်နှုန်း အထိ ရှိနေပါတယ်။ အဆိုပါ အာဖရိက အလယ်ပိုင်း နဲ့ အနောက်ပိုင်းတို့မှာ ရေဖြန့်ဝေရေးစနစ်နဲ့ ရေဆိုးထုတ် စနစ်တို့ဟာ ကမ္ဘာ့အနိမ့်ဆုံး အဆင့်ထဲမှာ ပါဝင်တဲ့အတွက် အစားအစာနဲ့ သောက်သုံးရေမှာ ဘက်တီးရီးယားပိုး ပါဝင် ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်တဲ့ ကာလ၀မ်းရောဂါ ကူးစက် ပြန့်ပွားမှု များပြားနေတာ ဖြစ်ပါတယ်။
ကာလ၀မ်းရောဂါဟာ ဗိုင်ဘရီအို ဘက်တီးရီးယားကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါ ဖြစ်ပြီး အပြင်းအထန် ၀မ်းလျှောခြင်း ကို ဖြစ်စေနိုင်ကာ ရေဓါတ် ခန်းခြောက်ခြင်းနဲ့ အသက် သေဆုံးတဲ့ အထိ ဖြစ်နိုင်ပါတယ်။ အဲ့ဒီ ကာလ၀မ်းရောဂါဟာ စစ်ဘေး၊ အငတ်ဘေးနဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကြုံတွေ့ ခံစားရတဲ့ ဒေသတွေလို ရေဆိုးထုတ် စနစ်နဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေး ချို့တဲ့ အားနည်းတဲ့ နေရာတွေမှာ အဖြစ်များတဲ့ ရောဂါ ဖြစ်ပါတယ်။ အာဖရိကတိုက် အလယ်ပိုင်းမှာ ကာလ၀မ်းရောဂါ ဖြစ်ပွားခဲ့ခြင်း မရှိတာကြောင့် ပြည်သူတွေ အနေနဲ့ ရောဂါ ကူးစက် ပြန့်ပွားမှုကို တုံ့ပြန် ကာကွယ်ဖို့ အသိ နည်းပါး တာကြောင့် ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက် လာတာဖြစ်ကြောင်း ယူနီဆက်ဖ် အဖွဲ့ကြီးက ပြောကြားခဲ့ပါတယ်။ ဒါကြောင့်အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ လူ့အသက် ဆုံးရှုံးမှုတွေကို ကာကွယ်ဖို့အတွက် အဓိက အခန်းကဏ္ဍက ပါဝင်ရမှာဖြစ်ပြီး ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ပြီး သတင်းအချက်အလက်တွေ ဖလှယ်သွားဖို့ လိုအပ်ကြောင်း ယူနီဆက်ဖ်က အကြံပြု တိုက်တွန်း ထားတယ်လို့ သိရပါတယ်။
Broadcasted : 16 Oct, 2011
Credit http://www.mrtv4.net.mm/news
Credit http://www.mrtv4.net.mm/news
0 comments:
Post a Comment