Source Photo from http://www.gfoogle.cpm/images
လက်ကိုင်ဖုံးဆောင်တာ
ကောင်းတယ်၊ မကောင်းဘူး
(မင်းစိုးစံ)ဒီကနေ့ လက်ကိုင်ဖုံးဆိုတာ ဘာမျှမထူးဆန်းတော့တဲ့ ရုပ်ဝတ္ထုပစ္စည်းတခုဖြစ်ပါတယ်၊ လူတိုင်းနီးပါးလောက် လက်ကိုင်ဖုံး သုံးနေကြလို့ဖြစ်ပါတယ်၊ မေးစရာရှိတာက လက်ကိုင်ဖုံးဆောင်ထားတာ ကောင်းတယ် မကောင်းဘူး ဆိုတာပါ။
ကျန်းမာရေးအရ စီးပွါးရေးအရ အဘက်ဘက်ကနေကြည့်ပြီးပြောပါဆိုလျင် ကျုပ်ကစီးပွါးရေးသမားမဟုတ်တော့ မပြောတတ်ပါဘူး၊ ဒါဆိုလျင် ကျန်းမာရေးအရပြောပါဆိုလျင် အဲဒါဆိုလျင်လား အဲဒါလည်းမပြောတတ်ပါဘူး၊ ဆရာဝန်တယောက်မျှမဟုတ်တာ။
ပြောလျင်ယုံကြပါ့မလားမသိဘူး လက်ကိုင်ဖုံးကို မသုံးတတ်ဘူးဗျ။ ကျုပ်ဇနီး ကျုပ်သား သမီး မြေး မြစ် တွေက တော့ တနှစ်ကို သုံးလုံး လေးလုံးလောက် ပြောင်းသုံးနေကြတာ၊ ကျုပ်ကတော့ မိသားစုက သုံးဘို့ပြောပေမယ့် မလိုပါဘူးကွာဆိုပြီး နားမထောင်ပဲနေနေတာ အခုအချိန်အထိပါပဲ။
ဒါဆို ဘာကြောင့်လက်ကိုင်ဖုံးဆောင်တာကောင်းတယ်၊ မကောင်းဘူးဆိုတဲ့ ခေါင်းစဉ်တတ်ပြီး၊ ရေးနေရသလဲ ဆိုတာမေးစရာဖြစ်လာပါတယ်၊ အရှင်းဆုံးပြောရလျင် သုံးဘို့လိုအပ်တယ်လို့ ယုံသွားလို့ဖြစ်ပါတယ်၊ ယုံလျင် လက်ခံရမယ် ကျင့်သုံးရမယ် ကိုင်စွဲရမယ်။
ယုံရတဲ့အကြောင်းကို မပြောခင်မှာ ယုံတယ်ဆိုတဲ့အကြောင်းလေးကို စဉ်းစားကြည့်မိပါတယ်၊ အချို့လူတွေက လူပြောသူပြောများလို့ယုံကြတယ်၊ တချို့ကျတော့ ကိုယ်တိုင်ကြုံမှ ကိုယ်တိုင်ခံစားရမှယုံကြတယ်၊ တချို့ကျပြန် တော့ မျက်လုံးစုံ မှိတ်ပြီးယုံကြတယ်၊ တချို့ကျတော့ ယုံသူတွေများလာလို့ ယုံသွားကြသလို၊ နောက်တမျိုးကျ တော့ ပြောသံကြားရုံနဲ့ ပစ်ပြီးယုံလိုက်ကြတယ်။
ကျုပ်တို့ ကရင်လူကြီးတွေပြောဆိုဆုံးမခဲ့တဲ့ စကားတခွန်းရှိတယ်ဗျ၊ ဟှိုင့်ဍေဏါၟ ဏယ်လာၟလ်ုဃှေဝ်၊ ဍးဍေမေံ ဏယ်လာၟဏင်ပေ၀့် အဓိပ္ပါယ်က နားနဲ့ကြားရရုံနဲ့ မယုံပါနဲ့ မျက်လုံးနဲ့တတ်အပ်မြင်လျင်တော့ နည်းနည်းယုံပါ တဲ့၊ အပြောသမားနဲ့ လက်တွေ့သမား ဆိုတာကို ခွဲခြားတတ်ဘို့ဖြစ်မလားတော့ မသိဘူး။
ရှေးလူကြီးတွေ တော်တော်ကို အမျှော်အမြင်ကြီးတာပဲ၊ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့ကရင်လူမျိုးတွေက အယုံလွယ်လွန်းအားကြီးတာကိုး၊ ဖူ့တာမိုက်ကတော့ ကရင်တွေကို မှိုချိုးမျှစ်ချိုးပြောဘို့ ဘလော့ဂ်ထောင်နေတာပဲ ဆိုပြီး အထင်မမှားလိုက်ကြပါနဲ့။
ကျုပ်မျက်မြင်အဖြစ်အပျက်တခုရေးပြပါ့မယ် လူအတော်များများပြောတာကို ကြားဘူးမလားမသိဘူး ပြောတတ် လျင် လေယာဉ်ပျံတောင် အလကားစီးလို့ရတယ် ဆိုတဲ့ စကား၊ အဲဒါ ကော်မူးရာ လို့ခေါ်တဲ့ ၀မ်းခါ ကောင်းစားခဲ့ တဲ့အချိန်တုန်းက ထိုင်းနိုင်ငံထဲက ကုန်ပစ္စည်းတွေကို ဗမာပြည်ထဲလူနဲ့ထမ်းပိုးသယ်ဆောင်ရောင်းဝယ်ဖေါက် ကားတဲ့ကာလ တုန်းကပေါ့။
အဲဒီလိုအရောင်းအ၀ယ်လောကမှာ လူတယောက်ရှိတယ်ဗျ၊ သူ့ဆိုင်ကို လူတွေအထင်ကြီးအောင်လုပ်ပုံလေး
ရေးပြမယ်၊ အဲဒီခေတ်တုန်းက ပိုက်ဆံထည့်တဲ့သေတ္တာတမျိုးပေါ်တယ် အဖွင့်အပိတ်လုပ်လိုက်တိုင်း ကလင်က လင်ဆိုတဲ့အသံမြည်တယ် တယ်လီဖုံးအသံလိုလေးပေါ့၊ အဲဒီတော့ သူက သူ့ဆိုင်ကိုအ၀ယ်သမားတွေ ရောက် လာပြီဆိုတာနဲ့ ဘာ ပစ္စည်းယူမလဲ ဘာညာဆိုပြီး ငွေတွေဘာတွေလက်ခံလိုက်တယ်၊ ပြီးတာနဲ့အ၀ယ်သမား တွေလိုတဲ့ပစ္စည်းတွေကို ဘန်ကောက်ကို တိုက်ရိုက်မှာပေးမယ်လို့ပြောပြီး သူ့အိမ်ခန်းထဲကိုဝင်၊ စောစောတုန်း ကပြောတဲ့ပိုက်ဆံသေတ္တာကို အဖွင့်အပိတ်လုပ်ပြီး
ထိုင်းလိုပြောနေပါတော့တယ်။
အဲဒီမှာတင် ထိုင်းလိုပြောတတ်ဘို့နေနေသာသာ နားမလည်တဲ့အပြင် တယ်လီဖုံးလည်းမမြင်ဘူးတဲ့ ရွှေကရင်တ ချို့ အသံကြားလိုက်ရုံနဲ့ ဒီလူကတော့ တော်တော်အဆက်အသွယ်ကောင်းတာပဲ၊ ဘန်ကောက်အထိတောင်အ ဆက်အသွယ်ရှိတာပဲ၊ ငါတို့ဆို မဲဆောက်တောင်မရောက်ဖူးဘူး၊ ဆိုပြီး သူငယ်ချင်းအပေါင်းအသင်းတွေကို ဆွယ်တာပေါ့ဗျာ။
အဲဒီလို အသံကြားရုံလေးနဲ့ယုံတတ်တဲ့ ကရင်တွေပြောပါများလာတော့ အခြားဘာမသိညာမသိ ကရင်တွေ လည်း အထင်တကြီးဖြစ်လာပြီးအဲဒီပုဂ္ဂိုလ်ကြီးဆိုင်မှာ အလုအယက်ဝင်ပြီး ရောင်းဝယ်ကြတော့တာပေါ့။
အဲဒါကို ကြိုမြင်တဲ့အတွက် ရှေးကရင်လူကြီးတွေ အဲလိုဆိုဆုံးမခဲ့တာဖြစ်ပါလိမ့်မယ်၊ ကျုပ်လည်းကြားဘူးပါ တယ်၊ လက်ကိုင်ဖုံးကို သုံးခြင်းဖြင့် အာရုဏ်ကြောနဲ့ဆိုင်တဲ့ ရောဂါတွေရနိုင်တယ်ဆိုလား ဘာလား၊ နောက်တ ခုက လက်ကိုင်ဖုံးကိုင်တာဟာ တကယ့်အလုပ်ကြီးအကိုင်ကြီးသမားတွေမျှ ကိုင်တာ ဘာညာကွိကွပေါ့။
အခုကျုပ်က အလုပ်ကြီးအကိုင်ကြီးသမားမဟုတ်ပေမယ့် ဘာကြောင့်လက်ကိုင်ဖုံး ဆောင်ထားချင်ရသလဲဆို တော့ ကျုပ်မှာ ဓနမဖူလုံပေမယ့် ရောဂါစုံတယ်၊ ဆေးခန်းတို့ ဆေးရုံတို့ဆိုတာ ကျုပ်အတွက် ကျောင်းစာသင် ခန်းလိုပဲ၊ ဟိုအခန်းဝင် ဒီအခန်းထွက်နဲ့ပေါ့ ဆရာဝန်ပေါင်းစုံ ဆေးပေါင်းစုံ၊ ကြာနေပြီ တခါဘူးမျှ အဆင်မပြေ တာမရှိခဲ့ဘူး၊ သွားရေးလာရေး အားလုံး အိုကေ။ အခက်အခဲမရှိ၊ ပြဿနာမရှိ။
မနေ့ကတော့ ပြဿနာအကြီးအကျယ်ဖြစ်တော့တာပဲ၊ သွားဖုံးယောင်နေလို့ ဆရာဝန်နဲ့သွားတွေ့တာ ဆေးခန်း ကိုပိတ်ထားတာနဲ့ကြုံတယ်၊ ခါတိုင်းဆို ကားမောင်းတဲ့လူက ကျုပ်ကို ဆေးခန်းထဲဝင်တဲ့အထိ စောင့်နေပေမယ့်၊ ဒီနေ့တော့ ကျုပ် ကားပေါ်ကဆင်းဆင်းခြင်း ကားမောင်းထွက်သွားတယ်၊ ကားသမားကိုပြန်ခေါ်ဘို့လုပ်တော့ တယ်လီဖုံးမရှိဘူး၊ အဲဒီဆေးခန်းရဲ့ တည်နေရာကလည်း လူအသွားအလာကျဲတဲ့ လမ်းကြား၊ လမ်းဘေးဖုံးနဲ့ အ ကြောင်းကြားဘို့လုပ်တော့ အကြွေ မရှိဘူး၊ဓါတ်ဆီဆိုင်နဲ့ကလည်းဝေး၊ အေးကလည်းအေး။
ဆောင်းတွင်းဝင်တော့မှာမို့ ရောင်စုံဖြစ်နေတဲ့ သစ်ရွက်တွေအကျည်းတန်ကုန်တယ်၊ လူသွားလမ်းနဲ့ လမ်းဘေး သစ်ပင်တွေကြားပြေးလွှားမြူးတူးနေတဲ့ ရှဥ့်တွေကို မျက်စေ့နောက်လာတယ်၊ လေတိုက်လို့ တရှဲရှဲအသံမြည်တဲ့ သစ်ရွက်ကြွေရွေ့လျားသံတွေဟာ လူ့အရိုးကိုလွှနဲ့တိုက်ဖြတ်တဲ့အသံလို ခံစားလာရတယ်။
ဆေးခန်းရဲ့ အ၀င်ပေါက်မှာရေးထားတာက ၁၀နာရီထိုးမှ ဖွင့်မယ်တဲ့။ ကျုပ်ရောက်နေတာက ၈နာရီနဲ့၄၅မိနစ်၊ ကျုပ်ခြေထောက်ကလည်း မသန်သလို လက်ကလည်းကိုက်နေသေး၊ တောင်ဝှေးတောင်ကောင်းကောင်းမကိုင်
နိုင်ဘူး၊ မျက်လုံးကလည်းကောင်းကောင်းမမြင်ရသလို မျက်မှန်မှာရေငွေ့တွေ ကပ်နေတယ်၊ အအေးဓါတ် ကြောင့်ဖြစ်ပါလိမ့်မယ်၊ ဒီနေ့ကျမျှ အနွေးထည်ဝတ်မလာမိဘူး။
ကဲအဲဒီတော့ မသန်တဲ့လက်နဲ့ တောင်ဝှေးကိုထောက်၊ မသန်တဲ့ခြေထောက်ကို တရွတ်တိုက်ဆွဲပြီး သူငယ်ချင်းရဲ့ အိမ်ကို ခြေကျင်လျှောက်ရပါတော့တယ်။
နောက်ဆုံးအဖြေကတော့ အအေးမိပါတယ်၊ နှာရည်ယိုပါတယ်၊ ကိုယ်ပူပါတယ်၊ ဒီနေ့လုပ်ထားတဲ့ ဆေးရုံမှာအ ထူးကု ဆရာဝန်နဲ့တွေ့ဘို့ ဖျက်လိုက်ရပါတယ်၊ တကယ်လို့များ ကျုပ်သာ လက်ကိုင်ဖုံးဆောင်ထားခဲ့မယ်
ဆို လျင်ဖြင့်………..(ဟပ်ချိုး)…….။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment