+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, December 5, 2009

ရွှေသမင်ကို တကယ်လိုအပ်တယ်ဆိုရင်

ရွှေသမင်ကို တကယ်လိုအပ်တယ်ဆိုရင်
(မင်းစိုးစံ)

လာပါကွယ်…..ကျောင်းအားတဲ့ရက်ဝယ်……တနေကုန်အောင် …..
ဘီး(ဘိန်း)လေးနဲ့လျှောက်လည်မယ် ရှေ့တန်းမှာထိုင်ပါအချစ်ရယ်….
ကယ်ရီယာ…မပါဘူးကွယ်

သူက,လည်း….စကားပြောဘို့လှည့်အလာ….ကိုယ်က,လည်း….ရှေ့ငုံ့ပြီးနားအထောင်မှာ….
မမျှော်လင့်ပဲ…. ကြုံဆုံတဲ့အနမ်းရယ်….တမင်လိုဖြစ်သွားတယ်….

ပျော်ရဲ့လား? လို့….ပြိုင်တူမေးမိလို့….ရယ်(ရီ)ကြရသေးတယ်
ခဏတာပေမယ့်….မေ့မရ,ဘူးကွယ်….နောင်ကိုလည်း….ကျောင်းအားလို့လျှောက်လည်ရင်…
ကယ်ရီယာမပါတဲ့ ဘီး(ဘိန်း)ပဲစီးမယ်ကွယ်…ရှေ့တန်းမှာထိုင်ပါမှကွယ်….
ကိုယ်ပျော်မယ်အချစ်ရယ်…….


ကွယ်လွန်သူ စိုင်းထီးဆိုင်ရဲ့ ကယ်ရီယာမပါတဲ့ ဘီး(ဘိန်း) သီချင်းထဲက သီချင်းတပိုင်းတစ,ပါ။
ကျုပ် ဆယ်ကျော်သက်အရွယ် မော်လမြိုင်ကနေ ကရင်ပြည်နယ် ကျုံဒိုးကိုပြောင်းလာပြီး
ကျောင်းတက်တဲ့အချိန်။
သိတဲ့အတိုင်းပေါ့၊ လူငယ်တွေရဲ့သဘာဝအတိုင်း သူငယ်ချင်းမက,သမီးရည်းစားမကျနဲ့
ဗမာမ,လေး တယောက်နဲ့ကျုပ် သံယောဇဉ်ဖြစ်ခဲ့ဘူးတယ်။

အဲဒီမိန်းကလေးက ခရေပန်းကြိုက်တယ်ဗျ။ အဲဒီတော့ကျုပ်က မနက်အစောကြီး ခရေပန်းကောက်တဲ့
ဗျတ္တလား ဘာလားတော့မသိဘူး ဖြစ်နေတာအမှန်ပဲ။ ဗျတ္တဆိုတာက ရာဇဝင်မှာ
ပန်းဆက်သမားလေဗျာ။ ကျုပ်က ခရေပန်းတွေကောက်။ ကြိုးနဲ့သီ။ မနက်ဆိုစာသင်ခန်းထဲယူလာ။
တနေ့တော့ သူက ကျုပ်ကိုမေးတယ်ဗျ

ဒီခရေပန်းတွေက ဘယ်သူ့ကိုပေးဘို့လဲဟင်?

ကျုပ်ရင်ထဲမှာ ဘာတွေဘယ်လိုဖြစ်ကုန်တယ်တော့မသိဘူး၊ ကျုပ်ပြန်ဖြေလိုက်တာက

ဘယ်သူ့အတွက်မှ မဟုတ်ပါဘူး၊ ခရေပန်းက မွှေးလို့ပါ

ကျုပ် စကားဆုံးတာနဲ့ သူက ကျုပ်ကိုအသေအခြာကြည့်ပြီး

ဟုတ်လား?....

အဲဒီဟုတ်လားဆိုတဲ့အသံက ငါသိပါတယ် ကရင်ကောင်လေးရယ် ဆိုတဲ့သဘောမျိုးရောက်နေတာ
ကတော့အမှန်ပါပဲ။
ကျောင်းနံရံကပ်စာစောင်မှာ ကျုပ်ကဗျာတပုဒ်ပါလာတယ်၊ ကလောင်နာမည်ကိုပဲရေးထားတော့
ဘယ်သူများလဲဆိုပြီး သူတို့စုံစမ်းကြတာပေါ့ဗျာ။ အတန်းသားတွေထဲက တယောက်ယောက်ပဲဆိုတာ
ခန့်မှန်းလို့ရ,သွားတဲ့နောက် ကျုပ်နဲ့သူပိုပြီးခင်သွားကြတယ်။

ကျုပ်ကဗျာစာအုပ်တွေကို သူယူဖတ်တယ် ပြီးတော့ပြန်ပေးတဲ့အခါ အောက်မှာ မင်အစိမ်းလေးနဲ့
ကဗျာကို ဝေဘန်ထားလေ့ရှိတယ်။ အဲဒီတော့ ကျုပ်ဟာခရေပန်းကောက်တဲ့အပြင် ကဗျာပါရေးဖြစ်
သွားတယ်၊ တနေ့တော့ ငါးတိုင်(ရေပူ)မှာကထိန်ခင်းတယ်။
ငါးတိုင်က,သူငယ်ချင်းတွေဘိတ်တဲ့ အတွက် သွားဘို့ပြင်ကြတာပေါ့ဗျာ။ သူငယ်ချင်းတွေစုပြီး
စက်ဘီး (ဘိန်း)စီးသွားကြမယ်ပေါ့။
သူက ကျုပ်ကို အဖေါ်အဖြစ်လိုက်ဘို့ပြောတယ်ဗျ။

သွားချင်တာပေါ့ဟာ….ငါ့မှာစက်ဘီး(ဘိန်း)မှမရှိတဲ့ဟာကို

ငါ့စက်ဘီးရှိတယ်လေ….နင်က..နင်း၊ ငါက ရှေ့တန်းမှာစီးမယ်၊ အပြန်ကျတော့ တလှည့်စီ
နင်းကြမယ်လေ


အဲဒီမှာတင် ကျုပ်ဟာ အားငယ်တာလား၊ သိမ်ငယ်တာပဲလား၊ ရှက်ရွံ့တာပဲလား၊ ဝမ်းနည်းတာပဲလား ဆိုတာတော့မသိဘူး၊ တခုခုကိုစွန့်လွှတ်လိုက်ရတဲ့ခံစားမှုမျိုးနဲ့ သူ့ကို ကျုပ်ပြန်ဖြေလိုက်တဲ့အသံကတော့ တုန်ခါနေပြီးအင်အားမရှိတာတော့ အမှန်။

ငါ….စက်ဘီး(ဘိန်း) မစီးတတ်ဘူး

ကျုပ်မော်လမြိုင်မှာနေတုန်းက စက်ဘီးအငှားစီးတဲ့ ဆိုင်ဆိုတာရှိတယ်ဗျ၊ ကျုပ်တို့ခေတ်တုန်းက တနာရီကို ပြားငါးဆယ်ပေးရတယ်၊ အဲဒါ ဒိုင်းဝန်ကွင်းမှာ။ အခုတော့ရှိချင်မှလည်း ရှိမှာပေါ့။
ကျုပ်အမေကို စက်ဘီးအစီးသင်ဘို့ခွင့်တောင်းတော့ ကျုပ်အမေက ကျုပ်ကို ခွင့်မပေးဘူး၊

စာမေးပွဲတွေနီးလာနေပြီ၊ နေပူထဲမှာ အဖျားတက်ပြီးစာမကျက်နိုင်ပဲနဲ့ နေမယ်၊ ဒူးပြဲသွားမယ်

အဲဒီအချိန်ကစ,လို့ ဒီနေ့အထိကျုပ် စက်ဘီး(ဘိန်း)မစီးတတ်ဘူး။ အမေ့ကို အပြစ်ပြောတာတော့
မဟုတ်ပါဘူး၊ ကျုပ်ကိုအဲဒီအချိန်တုန်းက အမေသာခွင့်ပြုခဲ့မယ်ဆိုရင် ကျုပ်သူငယ်ချင်းတွေနဲ့ ဘယ်လောက်ပျော်စရာကောင်း လိုက်မလဲ၊ အားငယ်စိတ်၊ သိမ်ငယ်စိတ်ဆိုတာလည်း ရှိမှာမဟုတ်ဘူး၊ အရေးဟေ့အကြောင်းဟေ့ဆိုရင် ကျုပ် နီးရာစက်ဘီးကိုကောက်စီးပြီး သွားလို့ရ,တာပေါ့။

ကျုပ်အဓိကဆိုလိုတာက ကလေးတွေ အထူးသဖြင့် မျိုးဆက်သစ်တွေကို ငါတို့က လူကြီး ငါတို့ခွင့်မပြုရင် မင်းတို့ဘာမှလုပ်ဘို့ မကြိုးစားနဲ့၊ ကျန်းမာရေးထိခိုက်သွားမယ် ဆရာဝန်စားသွားမယ်၊ ပြီးရင်ဘုန်းကြီးစား
သွားလိမ့်မယ် ဆိုတဲ့ချိန်းခြောက်မှုတွေနဲ့ လူငယ်တွေရဲ့ လုပ်ချင်ကိုင်ချင်စိတ်ကို ရိုက်ချိုးမပစ်ပါနဲ့၊
ပြောတော့ လူငယ်တွေဆိုတာ နောင်တခေတ်ရဲ့ဘာညာ။

မျိုးဆက်သစ်တွေကို မွေးထုတ်ရ,မယ်၊ လူ့အခွင့်အရေးဆိုတာက ဘယ်ကယ့်သို့ ဘယ်ညာ ဘယ်ချမ်းသာ လျှောက်ပြောပြီး လုပ်နိုင်ကိုင်နိုင် သန်မာဖြတ်လတ်နေတဲ့အချိန်မျိုးမှာ ဘာလုပ်ပိုင်ခွင့်မှမပေးပဲ အသက်ကြီးလာ လို့ အိုမင်းမစွမ်းဖြစ်တော့မှ ရာထူးတွေတင်၊ လုပ်ခွင့်လေးတွေပေးမယ်ဆိုရင် စိုင်းထီးဆိုင်ဆိုထားတဲ့ သီချင်းတ ပုဒ်ရှိတယ် အနည်ထိုင်ချိန်မှာ မင်းရောက်လာ ဆိုတာလေ။ ကြားဘူးကြမှာပါ

စိတ်ကဆွဲလည်း…. ရုပ်မဆောင်သာ……. ကျည်ဆံတွေကုန်……… ယမ်းလည်းကုန်…………
အခွံသာကျန်တဲ့……….. သေနတ်စုတ်သမား………. တာဝန်ကျေပြီအနားယူရာ…………
ရွှေသမင်ငယ်…….. ပစ်ကွင်းရဲ့အလည်မှာ ……….မပစ်သာ……..

ဒီတော့ဗျာ ကျုပ်တို့ရဲ့သမိုင်းကြောင်းကောင်းချင်ရင် အင်အားနဲ့အရည်အတွက်များတဲ့သူတွေအနေနဲ့
အတွေး အခေါ်နဲ့ဆင်ခြင်တုံတရားတွေ ပြည့်ဝ,လာအောင်ကြိုးစားပြီးလူငယ်တွေရဲ့သဘောထားကို
ဂရုတစိုက်နားထောင်ဘို့ရယ် ကျောသားရင်သား မခွဲခြားပဲ တည်ထွင်ဖန်တီးခွင့်ပေးဘို့ရယ်ကို
ပြောချင်တယ်ဗျာ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment