လူတွေရဲ့အပြုအကျင့်
စွယ်စုံအနုပညာရှင် ရုပ်ရှင်ဒါရိုက်တာ စာရေးဆရာ ဦးဝင်းဖေ
စွယ်စုံအနုပညာရှင် ရုပ်ရှင်ဒါရိုက်တာ စာရေးဆရာ ဦးဝင်းဖေ
By; VOA Burmese Section.
သောတရှင်များခင်ဗျား သက်ရှိသတ္တ၀ါအားလုံးထဲမှာ လူတွေဟာအသိဥာဏ်အကောင်းဆုံး အယဉ် ကျေးဆုံးဖြစ်တယ်လို့ လူတွေကပဲသုံးသပ်ရှုမြင်ဆုံးဖြတ်ထားကြပါတယ်၊ လောကမှာအရိုင်းစိုင်းဆုံး အရက်စက်ဆုံးဆိုရင်လည်း လူတွေပဲဖြစ်ပုံရပါတယ်။
ဒီမှတ်ချက်နဲ့ပတ်သက်လို့လူတွေက သိပ်အသံကျယ်ကျယ်မပြောကြပါဘူး၊ လူတွေဟာ ဦးဏှောက် ဥာဏ်ကောင်းကြသလောက် ရည်မွန်မြင့်မြတ်မှုမြင့်မားတဲ့နေရာတွေမှာ တခြားသတ္တ၀ါတွေမမှီကြသလို ကောက်ကျစ်ယုတ်မာတဲ့နေရာ၊ ကြမ်းတမ်းရက်စက်တဲ့နေရာ၊ အကျင့်ပျက်လော်လီပေါ့တန်တဲ့နေရာ တွေမှာလည်း ဘယ်တခြားသတ္တ၀ါတွေကမှ လူတွေကိုမမှီကြပါဘူး။
ဒါပေမယ့် လူတွေရဲ့အကျင့်တန်အားနည်းမှုတွေရှိလာပြီဆိုရင်တော့ လူတွေအချင်းချင်းကဲ့ရဲ့ပြစ်တင်ရှုံ့
ချဘို့ တိရိစ္ဆာန်တွေနဲ့ မညှာမတာခိုင်းနှိုင်းပြောဆိုတတ်ကြပါတော့တယ်၊လူတယောက်ဟာသိပ်အောက် တန်းကျတဲ့လုပ်ရပ်ဆိုးတွေ၊ ညစ်ပတ်စုတ်ပဲ့တာတွေလုပ်လာပြီဆိုရင် ဒီကောင်ခွေးကျင့်ခွေးကြံ ကြံ တယ်လို့ပြောကြပါတယ်၊ ခွေးတွေက ဘယ်လောက်များအောက်တန်းကျတာတွေကို လုပ်ပြနေကြလို့
လည်းဗျာ။
ကလေးတွေသိပ်ဆော့ပြီဆိုရင် မျောက်ရှုံးကလေးတွေလို့ ပြစ်တင်ပြောဆိုကြပြန်ပါတယ်၊ လူတွေဘယ် လောက်ဆော့တယ် ကမြင်းတယ်ဆိုတာသောတရှင်များလည်း နေရာအနှံ့အမျိုးမျိုးတွေ့ဘူးကြမှာပါ၊ မျောက်တွေခမျာမှာသစ်ပင်တွေဘာတွေပေါ်လောက်မှာသာဆော့နိုင်ကြတာပါ လူတွေဆော့ပြီဆိုရင်
တော့ မြေလျှိုးမိုးပျံပြီးတော့ကြတာလေ၊ လူတွေတကယ်ဆော့ပြီဆိုရင် မျောက်တွေငိုသွားရပါလိမ့်မယ်။
လူတွေ အချိန်ယူပြီးတော့ တခုခုကြိတ်ကြံနေပြီဆိုရင် ဆင်ကြံကြံတယ်လို့ဆိုကြပြန်တယ်၊ ဆင်တွေက အချောင်ခံသွားရတာပါ၊ လူတွေကောက်ကျစ်စဉ်းလဲပြီဆိုရင်လည်း မြေခွေးလိုကောက်ကျစ်စဉ်းလဲ တယ်၊ ကျားငစဉ်းလဲလိုကောက်ကျစ်စဉ်းလဲတယ်၊ ဘာညာနဲ့လူတွေက လုပ်ကြပြန်တယ်ဗျ။
တကယ့်သဘာဝတောထဲမှာ မြေခွေးဆိုတာလေးတွေက ၀ံပုလွေလောက်လည်းမကြီး ကျားတွေလိုလည်း
မဟုတ် သူ့ထက်ငယ်တဲ့ ကြက်ကလေးတွေ ငှက်ကလေးတွေကို သတ်ဖြတ်စားသောက်တာမှန် ပေမယ့် သူ့ထက်ရက်စက်တဲ့ကောင်တွေ အများကြီးပါဗျာ၊သူ့ထက်ညစ်ပတ်စုတ်ပဲ့ကောက်ကျစ်တဲ့ အကောင်တွေအများကြီးပါ၊ ဘယ့်နှယ်ကြောင့်မြေခွေးတွေက ကောက်ကျစတဲ့နေရာတွေမှာ စံပြဖြစ် သွားရတယ်မပြောတတ်ပါဘူးဗျာ။
တကိုယ်ကောင်းဆန်ပြီးကိုယ့်ဘက်ကိုယ်ယက်တဲ့လူကိုတော့ လိပ်မျိုးတဲ့ လုပ်လိုက်ကြပြန်ရော၊ လိပ်
တွေက သူတို့သဘာဝနဲ့သူတို့ တနေရာကတနေရာရွှေ့ဘို့ ခြေတွေလက်တွေယက်ကန်ယက်ကန်နဲ့ သွားကြရရှာတာကိုး ဘယ့်နှာကြောင့်လူတွေရဲ့အကျင့်တန်မှာနဲ့နှိုင်းပြီးပြောရတာလည်းဗျာ။
နောက်ရှိသေးတယ် လူအများရှေ့ဆိုရင် အရှက်မရှိအကြောက်မရှိ လျှောက်ပြီးတော့ရှိုးထုတ်တတ်တဲ့
လူတွေကို ဒီကောင်ကဒေါင်းလိုကောင်တဲ့ သူကချင်တာပဲသိတာတဲ့ နောက်ကဖင်ပေါ်မှာကိုမသိဘူးတဲ့ လုပ်ပြန်ရောဗျ၊ ခံလိုက်ရပုံပြောပါတယ်၊ နေရာတကာမှာဖြတ်ဖြတ်လူး ပျာကလပ်စိန်လုပ်တဲ့မိန်းက လေးများဆိုရင် ဒီကောင်မလေးကြည့်ရတာ ငါးပြေမ(ငပြင်မ)နဲ့မျောက်နဲ့စပ်ကျပြီး မွေးလာတာဖြစ်မယ် လို့ ပြောကြပြန်တယ်၊ လူတွေက တိရိစ္ဆာန်တွေကို မညှာမတာ ခိုင်းနှိုင်းရမယ်ဆိုရင် ငါးပြေမကိုတောင် မျောက်နဲ့ဇွတ်ပေးစားတယ်ဗျာ။
ဒီကနေ့ခေတ်ကြီးမှာ ဖွံ့ဖြိုးတိုးတက်ယဉ်ကျေးပါတယ်ဆိုတဲ့ နိုင်ငံတွေအနေနဲ့ လူ့အခြေခံအခွင့်အရေး တွေအတွက်သာမဟုတ်ပါဘူး တိရိစ္ဆာန်တွေရဲ့အခွင့်အရေးတွေကိုတောင် အရေးတကြီးစဉ်းစားပေးနေ ကြပြီဖြစ်ပါတယ်။
တိရိစ္ဆာန်တွေရဲ့အခွင့်အရေးကိုကာကွယ်တဲ့အစီစဉ်တွေထဲမှာ လုတွေအကျင့်ပျက်တာ လျှော်တာ ညံ့ တာတွေနဲ့ပတ်သက်လို့ ဘာမဆိုင်ညာမဆိုင်တိရိစ္ဆာန်တွေနဲ့ မတရားမဆင်မခြင်ခိုင်းနှိုင်းဥပမာပေးပြော ဆိုသုံးစွဲမှုတွေကို ပြုပြင်ပြောင်းလွဲကြဘို့ ရှောင်ရှားကြဘို့လည်း အလေးအနက်ထည့်သွင်းစဉ်းစားသင့် လှပြီဖြစ်ပါကြောင်း တင်ပြလိုက်၇ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
ကျွန်တော် ၀င်းဖေပါ။
VOA Burmese Section ကနေ ဆရာဝင်းဖေပြောပြသွားတာကို နားထောင်ပြီးရေးပြလိုကတာပါ
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
အဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment