+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, April 9, 2011

တခုခုတော့ မှားနေပြီ

ထိုင်းအရာရှိများနှင့် ထိုင်းစစ်တပ်ဝင်းအတွင်းသို့ သွားရောက်တွေ့ဆုံဆွေးနွေးနေကြသော ဒုက္ခသည်စခန်းမှ ဒုက္ခသည်လူကြီးများ(၁၉၉၇)
တခုခုတော့ မှားနေပြီ
(မင်းစိုးစံ)

ကျုပ်မျက်လုံးတွေက သိပ်အလုပ်မလုပ်တော့ဘူး။ မှုံလာတယ် မှုံတယ်ဆိုတာလျှော့ပြောတာ မမြင်ရဘူး။
မမြင်ရဘူးဆိုတာကတော့ နည်းနည်းပိုသွားတယ်၊ အမြင်သိပ်မသဲကွဲဘူး။
ဆရာဝန်ပြောတာကတော့ အပေါ်ကမျက်ခွံတွေ အောက်ကိုပိကျလာတာမို့ မျက်လုံးကိုဖွင့်ရတာ အားမရသလိုလို လေးလံသလိုလိုဖြစ်နေတယ်၊ ခွဲစိပ်ကုသ လိုက်လျင် ကောင်းသွားမယ်လို့ပြောတယ်။ ခွဲတာမကောင်းဘူးဗျ၊ ကျုပ်ရဲ့ညာဘက်လက်ကို အစိုးရိမ်လွန်ပြီးခွဲမိ လိုက်တာ အခုဆို လူက တရုတ်မင်းသားဖြစ်သွားတယ်။
ခင်ဗျားတို့ကြည့်ဘူးလား လူတထောင်လောက်ကို လက်တဘက်တည်းနဲ့ ခုတ်ပြသွားတဲ့ ဒေးဗစ်ချန်း လေဗျာ။ မဟုတ်တာများဆို တရုတ်တွေကတော်တော်ကိုလုပ် ကြတာဗျ၊ဒါကြောင့်ဗမာစကားတွေထဲမှာ တယောက်ယောက်က မူမမှန်တဲ့ပုံစံမျိုးနဲ့ပြောတာမျိုးဆိုလျင် မင်းနော် မဟုတ်တရုတ်တွေ ငါ့ကိုလာမပြောနဲ့ ဆိုတာလေ၊ ကြားဘူးကြမှာပေါ့။

ခိုးမယ်ဝှက်မယ် မကောင်းတာတွေကြံမယ်ဆိုလျင် မင်းနော် မဟုတ်တရုတ်လျှောက်လုပ်မနေနဲ့
အဲဒီလိုသတိပေး တတ်ကြတာမဟုတ်လား။
ကျုပ်လက်ကတော့ တရုတ်ရုပ်ရှင်ကားထဲကလိုမပြတ်ပါဘူး၊ ကိုင်ရတွယ်ရ ကိုင်တွယ် ရတာ နဂိုလ်အတိုင်းမဖြစ်တော့တာကို ပြောချင်တာပါ၊မျက်လုံးကိစ္စပြောတာ လက်ကိုရောက်သွားတယ် ဒီလိုဗျဒီလို ကျုပ်မျက်လုံးတွေက ဟိုဒင်းဗျာ ဆီးချိုရောဂါရှိလျင် မျက်လုံးတွေဖွင့်ရတာ မကောင်းဘူးဆိုလား ဘာဆိုလား ဆရာဝန်မဟုတ်တော့လည်း အခက်သား၊ ကျုပ်ရဲ့သွေးထဲမှာအချိုဓါတ်များနေတယ်လို့ပြောတယ်၊
အဲဒါဆီးချိုရောဂါအထူးကုဆရာဝန်က မျက်လုံးအထူးကုဆရာဝန်ဆီကို ပို့လိုက်တာ။
ခွဲလိုက်မိကာမှ တော်ကြာ ပုဂံခေတ်က ငရမန်ကန်း ဘ၀ရောက်နေဦးမယ်။ မခွဲဘူး မျက်မှန်ကိုပဲ ပြင်မယ်။ ဆရာဝန်ကို အဲလိုပြောလိုက်တယ်။

စာတွေဖတ်ရတာ တော်တော်အခက်အခဲရှိတယ်ဗျာ၊ အထူးသဖြင့်ကတော့ ကွန်ပျူတာမျက်နှာပြင်ပေါ်က စာ တွေကိုဖတ်ရတာ စိတ်ကြိုက်မဖတ်နိုင်ဘူး မျက်ရိုးတွေကိုက်ပြီး မျက်ရည်ပူတွေဆင်းလာတယ်။
အနီးမှုံလို့ပြောလျင် ရမလားမသိဘူး၊ ဝေးတော့လည်း မမြင်ရပါဘူးဗျာ။ အသက်ကကြီးလာပြီဆိုတော့ အမြင်အာရုဏ်တွေက လည်း ပုံမှန်မရှိတော့ဘူး၊ အမေနဲ့သမီး လမ်းလျှောက်လာလျင် သမီးကိုပဲမြင်တယ်၊ အမေလုပ်သူကိုမမြင်ဘူး၊ ရှေးတုန်းကပြောတာကတော့ အဲဒါ မီးယပ်မျက်စိတဲ့။

နားကတော့ သိပ်ပြဿနာမရှိဘူး၊ နည်းနည်းရှိတယ်။ အသံတိုးတိုးပြောလျင်မကြားဘူး၊
ခပ်ကျယ်ကျယ်ပြောပြန်တော့ ပြန်မပြောချင်ဘူး လူကိုနားလေးနေတယ်ထင်သလား ဆိုပြီး နှာကစ်ပြီးပြန်မပြောတာ၊ အဲဒါကို သူငယ်ပြန်တယ်လို့ ကျုပ်မြေးတွေကပြောတယ်။
သူငယ်ပြန်တယ် သူငယ်မပြန်ဘူးဆိုတာ ကိုယ့်ကိုယ်ကို ကိုယ်အသိဆုံး။ ဒါလည်းမမှနသေးဘူးဗျ၊ မလေးစကားပုံတခုရှိတယ် မင်းဟာဘယ်လို လူလဲဆိုတာ မင်းကိုယ်မင်းထက် တခြားလူက ပိုသိတယ် ဆိုတဲ့အဆိုလေးက ရှိနေပြန်တော့ တခါတလေကိုယ့်ကိုယ်ကို အခြောက်တိုက် အထင်ကြီးနေတာဆို တာပြန်သိနေသလိုပဲ။
ဒုက္ခသည်စခန်းအတွင်း ဆန္ဒပြမှုတခု(၁၉၉၇)

ကျုပ်ရေးပြချင်တာက နယ်စပ်က ဒုက္ခသည်တွေအကြောင်းဗျ။
ကျုပ်ကိုယ်တိုင်က ဒုက္ခသည်ဘ၀နဲ့နှစ်ပေါင်းများ စွာ နေလာခဲ့ရတာဆိုတော့ အဲဒီဘ၀ကိုစိတ်နာတယ်၊
ကျုပ်က နှစ်ထပ်ကွမ်းဒုက္ခသည်ဗျ။ ဒုက္ခသည်များ နှစ်ထပ် ကွမ်းလေးဘာလေးနဲ့ စကားကြီးစကားကျယ် လုပ်နေတယ်လို့တော့ အထင်မလွဲစေချင်ဘူး။ တကယ်ပြောတာ။

ဟိုလေဗျာ အုမ်းပြန်စခန်းကနေ အမေရိကန်ကိုရောက်လာတော့ မုန်တိုင်းတွေမိ ရေတွေကြီးလို့
အိမ်ထရံကိုခုတ် ထစ်ပြီး ထမင်းချက်စားရတဲ့ ဒုက္ခသည်မျိုးလား ဆိုတော့ မဟုတ်ဘူး။
စခန်းတခုကနေ နောက်ထပ်စခန်းတခုကို ပြောင်းနေရတာကိုပြောတာ။
ဒါဆိုလျင် ဝှေ့ကလိုဒုက္ခသည်စခန်း မောကဲဒုက္ခသည်စခန်း အဲဒီကလူတွေလည်း အုမ်းပြန်မိုင် ကိုပြောင်းလာကြတာပဲ ဆန်းတာမှတ်လို့။
ကျုပ်ဆိုလိုချင်တာက နည်းနည်းကြွားမယ်ဗျာ စိတ်တော့ မရှိကြပါနဲ့။

ကျုပ်က နယ်စပ်စခန်းမှာ နှစ်ပေါင်းနှစ်ဆယ်လောက်နေခဲ့တယ်၊ပြီးတော့ မြန်မာကျောင်းသားများ စခန်းကို ရောက်တယ်။
အဲဒီတော့ အဲဒီစခန်းနှစ်ခုရဲ့ မတူညီတဲ့အထောက်အပံ့လေးတွေနဲ့ သဘာဝစရိုက်နဲ့ အနေအထားလေးတွေက တော်တော်ကိုကွာတာပဲဆိုတာ သိရတယ်ဗျို့။

အဲဒါကို တပ်ခ်ခရိုင် အုပ်ချုပ်ရေးမှူး Samard Loyfar က အကူအညီပေးတဲ့သူတွေကို ထောက်ပံ့တာတွေ
လျှော့ ပစ်ပါ၊ ဒုက္ခသည်တွေ ကိုယ့်အိမ်ကို ကိုယ့်သဘောနဲ့ကိုယ်ပြန်ဘို့ပြင်ထားကြပါဆိုလားဘာဆိုလား မဟုတ်တရုတ် လျှောက်ပြောနေတယ်။
သူသိတာမျှ အူမ,ကနေ ချေးခါးအထိသိနေတာပဲ။ ဟိုမှာဖြစ်ပျက်နေတဲ့အခြေအနေ။

ဘာကြောင့်သူ အဲလိုကပေါက်တိကပေါက်ချာ အရမ်းကာရောအော်နေတာလဲ ဆိုတာကတော့
အကြောင်းတခုခု ရှိရမယ်။ သူကိုယ်တိုင်ပဲသိပါလိမ့်မယ်။
ဒီကနေ့ အုမ်းပြန်မိုင်စခန်းမှာ အမှန်တကယ်ရနေတဲ့ လူတကိုယ်စာရဲ့ စား နပ်ရိက္ခာဆိုတာ ဘယ်လောက်အထိလျော့နည်းသွားပြီလဲဆိုတာ ကာယကံရှင်တွေအသိဆုံးပါ၊ အခက်အခဲတွေ တအုံတမ,ကြီးနဲ့နေထိုင်နေကြရတာပါ။ ဘာကြောင့်များလူတွေ ဒုက္ခသည်စခန်းကနေ မခွါနိုင်ကြရတာလဲ။
မချစ်သော်လည်း အောင့်ကာနမ်းနေရတယ်ဆိုတာ စခန်းထဲမှာနေလာခဲ့သူတွေသိကြမှာပါ။ ချွင်းချက်အနေနဲ့ကတော့ စခန်းထဲမှာ တလတန်သည်တနှစ်တန်သည်နေပြီး သူများနာမည်နဲ့ နိုင်ငံခြားရောက်လာတဲ့လူတွေကိုတော့ မဆိုလိုပါဘူး

ဟေ့လူ ခင်ဗျားဟိုမှာနေနေတာ ဒီကနေလူစားထိုးထွက်တယ်ဆိုတာ ဘယ်လိုသိနေတာလဲလို့ မေးမလား အဲဒီ မေးခွန်းကိုမေးတဲ့လူဟာ အိပ်ချင်ဟန် ဆောင်နေတဲ့လူပဲ။ ဒီနေ့ခေတ်က ဟိုးအရင်တုန်းကလို လ္ဘက်ထုပ်ကမ်းတဲ့ ခေတ်မဟုတ်ဘူး၊ ငှက်ချေထောက်မှာ စာလိပ်ကလေးချီပြီး အဆက်အသွယ်လုပ်တဲ့ခေတ်မဟုတ်တော့ဘူး။
မေးရဦးမယ် လ္ဘက်ထုပ်ကမ်းတဲ့ခေတ်ဆိုတာ သိလား? ကျုပ်တို့ကရင်တွေသုံးခဲ့တဲ့နည်းလေးပါ။ သစ်ရွက်ထဲမှာ ပစ္စည်းလေးတွေထည့်ပြီး သတင်းပို့ကြတာလေးဗျာ။ သိချင်လျင် ကရင်ဘလော့ဂါတွေရေးထားတာ အများကြီး ရှာဖွေမွှေနှောက်ပေတော့။

စခန်းနှစ်ခုကွာခြားပုံလေး ပြောမလို့။ တချို့ကျတော့ မြန်မာကျောင်းသားများ စခန်းမှာပဲ နေဘူးကြတာရှိသလို တချို့ကျပြန်တော့ နယ်စပ်က စခန်းမှာပဲနေဘူးကြတာဆိုတော့ အားလုံးရဲ့အနေအထားကို သိနိုင်မှာမဟုတ်ဘူး။ ကျုပ်လည်းအားလုံးကိုသိတာမဟုတ်ပါဘူး၊ ကျုပ်မြန်မာကျောင်းသားများစခန်း ထဲကိုရောက်သွားတဲ့အချိန်က တော်တော်လေး နောက်ကျနေပြီ။
ထမင်းအဆင်သင့်စားလို့ရတယ် အသားဟင်း အရည်သောက် တို့စရာအသီး အရွက် အားလုံးအဆင် ပြေတယ်။ ရေ မီး နေစရာအဆောင် ဘာဆိုဘာမျှ ပူစရာမလိုဘူး။ တကိုယ်ရည်သန့်ရှင်း ရေးအတွက် ငွေ။ အဲဒါတွေရတယ်။

အဲဒီတော့ အမောင်တို့ ဘာလုပ်စရာလိုလဲ? သင်တန်းတွေရှိတယ်၊ စိုက်ပျိုး ရေး မွေးမြူရေး စက်မှုပိုင်းဆိုင်ရာ လျှပ်စစ်ဆိုင်ရာ အပ်ချုပ် မုန့်လုပ်နည်း ကွန်ပျူတာ အင်္ဂလိပ်စာသင်တန်း အဲဒါတွေတက်ရတယ် သင်ရတယ်။ သင်တန်းတွေတက်တဲ့အခါ ဘာမျှဝယ်စရာမလိုဘူး ပစ္စည်းကိရိယာတွေ အားလုံး အလျှံပယ်။ ညနေသင်တန်းကဆင်းလာလျင် နိုင်ငံရေးအကြောင်းတွေ ဆွေးနွေးကြမယ် သူ့အမြင်ကိုယ့် အမြင်တင်ပြကြ ညင်းကြ။ တခုတော့ရှိတယ်ဗျ ကျုပ်မကြိုက်တာ။

ထစ်ကနဲနေလျင် ဆန္ဒပြတာမျိုး ကျုပ်မကြိုက်ဘူး။ အဲဒီတော့သူတို့ကကျုပ်ကိုပြောတယ် ဒီကောင်ကမောင်ကျော်ပဲကွာ နိုင်ငံရေးအမြင်ဘာမျှရှိတာမဟုတ်ဘူး ဘာညာပေါ့နော်။
ထားလိုက်ပါတော့ မောင်ကျော်ဆိုတာဘာလဲ ဒီလူတွနားမလည်ရှာဘူး။ မောင်ကျော်ဆိုတဲ့ အ ခေါ်အဝေါ်ရဲ့ဆိုလိုချက်က အဒေါ်ရဲ့ခင်ပွန်း၊အားအားယားယား သူတို့အဒေါ်နဲ့ကျုပ်ကို မင်္ဂလာဆောင်ပေး
နေကြတယ်။

ကျောင်းသားဟောင်းတချို့ပြောပြတာကတော့ အခုမင်းတို့ရတဲ့အခွင့်အရေးဆိုတာ အရင်တုန်းက ငါတို့ရခဲ့တဲ့အ ခွင့်အရေးရဲ့ ဆယ်ပုံပုံတပုံတောင်မရှိဘူး၊ မနက်ဆိုလျင် ကော်ဖီလား လ္ဘက်ရည်လား ဘာမုန့်နဲ့သောက်မှာလဲ နေ့လည်ကျတော့ ထမင်းကြော်လား ထမင်းဖြူပဲလား ဘာဟင်းနဲ့စားမှာလဲ ဘာအသားလဲ အရည်သောက်က ဘယ်လိုမျိုးကြိုက်သလဲ။ နေ့လည်စာ ညနေစာ စာရင်းလာကောက်သွားတယ် အဆင်သင့်စားရုံပဲ။
ဆိုင်မှာဝယ် စားသလိုမျိုးကျွေးတာ။
ဒါဆိုလျင်အခု ဘာကြောင့် ဒီလိုအခြေအနေမျိုးထိရောက်သွားရတာလဲ လို့ ကျုပ်ကမေးတော့ အဲဒါကတော့ကွာ တခုခုမှားနေလို့နေမှာပေါ့ ဟုတ်ဘူးလား? တဲ့။

ဟုတ်ပြီအုမ်းပြန်မိုင်ကိုရောက်သွားတဲ့ လူတွေ၊ စခန်းဟောင်းနဲ့အခုလက်ရှိစခန်းမှာ နေထိုင်ရတဲ့အခြေအနေ။ ဘယ်လိုလဲ? ခြားနားတာတွေရှိသလား? ဘာတွေခြားနားသလဲ? ကျုပ်နေထိုင်လာတဲ့သက်တမ်းတလျှောက်ကို ပြောပြမယ်၊ ဒါဆိုလျင် ဟိုမှာနေတာနဲ့ ဘာတွေကွာသလဲဆိုတာ သိနိုင်မယ်လို့ထင်ပါတယ်။

ကျုပ်တို့နေခဲ့တဲ့စခန်းဟောင်းမှာ မြေခွံပေးရတယ် တလ,ကို အောက်ထစ် ဘတ် ၃၀၊ရိက္ခာထုတ်လျင် လက်မှတ် တစောင်(အိမ်ထောင်စုတစု) ၃ဘတ်၊ ကင်းခ,(လုံခြုံရေး) ဘတ်၁၀၊ ကိုယ်တိုင်မစောင့်နိုင်လျင် ငှားရတာကိုပြော တာ။
တခါ ရိက္ခာထမ်းချတဲ့အခ,ဆိုတာပေးရတယ်၊ ဆန်အိတ် မီးသွေးအိတ် ငါးပိပုံး ဆားအိပ် ပဲ ဆီ အဲဒါတွေ ကိုထမ်းချတာ ရိက္ခာဝေတဲ့လူတွေအတွက်ပါပေါ့။ရေဘိုးကလည်းမသေးဘူး ရေတလှည်း ဘတ်၁၀။ ရေနံဆီမီး ခွက်လေး၊ ဖယောင်းတိုင်လေး အဲဒါဆိုင်မှာဝယ်ပေါ့။

ဘာသင်တန်းမျှ မရှိဘူး၊ နွေရာသီမှာတော့ ပန်းချီသင်တန်းလေးလောက်တော့ရှိတယ်။
ကဲ နှစ်ပေါင်းနှစ်ဆယ်ဆိုတော့ ဆယ်တန်းအောင်ပြီးသွားတဲ့လူငယ်တွေ ဘာလုပ်စရာရှိလဲ? သူတို့လုပ်စရာရှိတာ သူတို့လုပ်မှာပေါ့နော်။

ပြောချင်တာကတော့ ၁၉၈၈ နောက်ပိုင်းကျမှ မြန်မာကျောင်းသားများစခန်းဆိုတဲ့ နေရာလေးမှာ
သင်တန်းတွေ အစုံအလင် ထောက်ပံ့ကြေးတွေအပြည့်အစုံ မဟုတ်လျင်တောင် အတန်အသင့်ရနေကြတယ်။ ကျုပ်တို့ကရင် ဒုက္ခသည်စခန်းက ၁၉၈၈မရောက်ခင်ကတည်းက ဖွင့်ထားပေမယ့် လူတယောက်ရဲ့အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်တဲ့သင်တန်းတွေ ဘာကြောင့်မဖွင့်နိုင်ခဲ့တာလဲ? ဘာကြောင့်ကွာရသလဲ? ကျောင်းသားဟောင်းဖြေသလို ဖြေရလျင် တခုခုတော့မှားနေပြီပေါ့။
အမှားကလည်း ဆယ်နှစ်ကျော်တောင်မှားရတယ်လို့ဗျာ။

ကျုပ်အခုလို ရေးပြလိုက်တော့ ခင်ဗျားတို့လည်းသိသွားတာပေါ့ ကဲအခုဆိုဗျာ ရိက္ခာက လျော့နေပြီ၊ စခန်းဟောင်းမှာနေခဲ့သလိုမျိုးကုန်ကျစားရိတ်တွေ ရှိနေဦးမယ်ဆိုလျင် ဒီကြားထဲ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး Samard Loyfar က ရိက္ခာ ထပ်လျှော့ပါဆိုပြီး မဟုတ်တရုတ်လျှောက်အော်နေတာကို ငုံ့ခံနေကြဘို့ပဲရှိတယ်ဆိုလျင်တော့ တခုခုတော့မှား နေပြီဆိုတာသေခြာသွားပြီ။

ဒုက္ခသည်စခန်းအတွင်းသို့ ထိုင်းတာဝန်ရှိသူများ လာရောက်ဆွေးနွေးနေစဉ်
(၁၉၉၇)

ပြောလို့မရဘူးဗျ။ ကျုပ်တို့စခန်းထဲက လူတချို့က ဟေ့ ငါတို့လာနေတာ သူများရဲ့အိမ်မှာနော်၊
အိမ်ရှင်မျက်နှာကို ထောက်ကြရမယ်၊ အိမ်ရှင်ရဲ့စကားကို နားထောင်ရမယ်။ ဟိုလူတယောက်ပြောခဲ့တာမှတ်မိသေးတယ်၊ ဒါဆိုဗျာ တဲ့ ဒုက္ခသည်စခန်းထဲမှာ ဖါရုံလာဖွင့်ဘို့ပြောလာလျင် လက်ခံရမှာပဲလား ဆိုတာ။
နည်းနည်းရိုင်းသွားလားမသိဘူး။ သည်းခံပေးပါ။ မိန်းကလေးတွေကို အတော်အားနာပါတယ်။

အိမ်ရှင်မျက်နှာကိုထောက်ရမယ် အိမ်ရှင်ရဲ့စကားကို နားထောင်ရမယ်ဆိုတာ မှန်တော့မှန်တယ်
မှားနေတယ်ဗျ။ ဒီအကြောင်းတွေကိုပါ ဆက်ရေးနေလို့ကတော့ တထောင့်တညပုံပြင်ဖြစ်သွားနိုင်တယ်။

အိမ်ရှင်မှာ အိမ်ရှင်အခွင့်အရေးရှိသလို အိမ်ငှားမှာလည်း အိမ်ငှားနဲ့ဆိုင်တဲ့အခွင့်အရေးဆိုတာရှိတယ်၊ အဲဒီလို သူ့အခွင့်အရေးကိုယ့်အခွင့်အရေးဆိုတာ မသိသမျှ သိအောင်မကြိုးစားသေးသမျှ ဘယ်နေရာဘယ်ဒေသကိုပဲရောက်ရောက် ကျုပ်တို့ရဲ့ ဘ၀ဟာ အမြဲတမ်းတခုခုတော့မှားနေမှာပါပဲ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

0 comments:

Post a Comment