လက်ဆွဲနှုတ်ဆက်ခြင်း
(မင်းစိုးစံ)
လက်ဆွဲနှုတ်ဆက်တာများ ဆန်းတာလိုက်လို့ ဆိုပြီးအချစ်မမြင်တဲ့သဘောနဲ့ အပြစ်တင်မစောလိုက်ကြပါနဲ့။ ကျုပ်လက်ဆွဲနှုတ်ဆက်လိုက်တဲ့သူကို အားနာလွန်းလို့ ဒီအကြောင်းကိုကောက်ရေးလိုက်တာပါ။
မရေးခင်မှာ အနံ့အသက်အကြောင်းလေးပြောကြရအောင်။
ကြက်သွန်ဖြူနံ့၊ ကြက်သွန်နီနံ့။ အဲဒါက စားထားလျင် ထွက်တဲ့ အနံ့။ ဟုတ်ကဲ့ ပါးစပ်ကထွက်တဲ့အနံ့နဲ့ လက်ဆွဲနှုတ်ဆက်တာနဲ့ ဘာဆိုင်လိုက်တာမှတ်လို့ ဆိုပြီးဆက်ဖတ်ဘို့ မငြင်းလိုက်ပါနဲ့။
လက်မှာ ငါးညှီနံ့နံတာတို့။ ကြက်သွန်နီနံ့နံတာတို့။
အချို့ဆိုဗျာ ပုတ်ပွနေတဲ့ လူသေအလောင်းကို ကိုင်ရလို့ နံတဲ့ အနံ့အသက်မျိုးတွေအထိရှိတတ်ပါတယ်၊ တခြားမပြောနဲ့ ကြက်သွန်နီလှီးထားတဲ့ဓါးပါးလေးနဲ့ သရက်သီးမှည့် လှီးကြည့်လိုက်စမ်းပါ သရက်သီးမှာ ကြက်သွန်နီအနံ့က စွဲနေတာပဲမဟုတ်လား။ ပန်းသီးပဲဖြစ်ဖြစ်ပေါ့။
အဲဟုတ်ပြီ ကြက်သွန်နီအနံ့က တော်ရုံရေနဲ့ဆေးလိုက်လို့ ပျောက်တတ်တာမဟုတ်ဘူးဗျ၊ဒါဆိုလျင်ဘယ်လို လုပ်မလဲပေါ့နော်။ ကျုပ်စာတစောင်ဘတ်ဘူးတယ်။ ကြက်သွန်နီနံ့ပျောက်ချင်လျင် ဓါးကိုဆားနဲ့ပွတ်ပစ်ပါတဲ့။ ဟုတ်မဟုတ်စမ်းကြည့်ဗျာ။ နောက်တခုက သားစိမ်းငါးစိမ်းတွေရဲ့ ညှီနံ့ပျောက်အောင်ကတော့တဲ့ ကွမ်းရွက်နဲ့ ပွတ်ဆေးလိုက်ပါတဲ့။ ကြက်သွန်နီစားတဲ့အခါ မွှန်မှာကြောက်လျင် ပါးပါးလှီးထားတဲ့ကြက်သွန်နီကို ရေခဏစိမ် ပြီးမှ ထည့်စားပါတဲ့။
ဆရာကြီးမင်းသိင်္ခရေးတဲ့ ဇာတ်လိုက်ဆားပုလင်းနှင်းမောင်လို ကြက်သွန်နီကြိုက်တတ်တဲ့ သူဆိုလျင်တော့မလိုဘူးပေါ့နော်။
ဆရာမင်းသိင်္ခရဲ့ ဇာတ်လိုက်က စားသောက်ဆိုင်ထဲဝင်တော့ မှာထားတဲ့အစားအစာတွေ စားပွဲပေါ်မရောက်ခင် ကြက်သွန်နီနဲ့ ငြုပ်ဆီကို ထိုင်စားနေတယ်ဆိုပဲ။ ဒီခေတ်စားသောက်ဆိုင်မျိုးမှာ အဲလိုသာထိုင်စား လိုက်လို့ ကတော့ ဆိုင်ရှင်ကအလကားမတ်တင်းကျွေးမှာမဟုတ်ဘူး။
ပိန္နဲသီးမှည့် စားဘူးလား။ ပိန္နဲစေးတွေပေလျင် ဘယ်လိုလုပ်တယ်ဆိုတာ တချို့တော့ သိကြပါလိမ့်မယ်။
လက်ကို ဆီနဲ့အလျင်ရွှဲနေအောင်စွပ်ပြီး ပွတ်လိုက် ပြီးတာနဲ့ဆန်အိုးထဲလက်ကို နှိုက်ပြီးမွှေလိုက် ပိန္နဲစေးရော အနံ့ရော ပျောက်တယ်။
ထားလိုက်တော့ ကျုပ်က တညင်သီးအိုးစိမ်ကြိုက်တတ်တယ်ဗျ၊ တညင်းအိုးစိမ်လို့ပြောလျင် သိပ်အရသာမရှိ ဘူး။ တညင်းသီးချဉ်ဖတ်လို့ပြောမယ်။ နံလား။ မွှေးလား။ ဒူးရင်းသီးရော နံလား မွှေးလား။ ထားလိုက် အဲဒါက တော့ ကြိုက်တဲ့သူက မွှေးတယ်ပြောပြီး မကြိုက်တဲ့သူက နံတယ်ပြောမှာဆိုတော့ သိပ်မသေခြာဘူး။
အသေအခြာဆုံးက ပုပ်ပွနေတဲ့ လူသေအလောင်းဆိုပါတော့။ မမေးတော့ပါဘူး။ နံလိုက်မယ့်ဖြစ်ခြင်း။
အဲဒီလို အရာတွေကို ကိုင်မိပြီဆိုလျင် အနံ့အသက်ပျောက်အောင် ဘာနဲ့ဆေးမလဲ။
အဲဒါကတော့ ကျုပ်တို့ရွာမှာ လူတ ယောက်ရှိတယ်ဗျ။ သူက ငွေတိုးချစားတယ်။ ချမ်းသာတာပေါ့ဗျာ။ ချမ်းသာတော့ဘာဖြစ်သလဲ။ ပျက်ဆီးတာ ပေါ့။ နောက်ဆုံး အသက်ပါ ပါသွားတယ်။ ငွေရှိတော့ဗျာ သူများမယားတွေ၊ သူများသမီးပျိုတွေကို အနိုင်ကျင့် စော်ကားနေလိုက်တာ နောက်ဆုံးတော့ လူတစုက ပြန်ပေးဆွဲသွားသလိုလို ဘာလိုနဲ့ ငွေပေးပါ့မယ်ပြောတာ လက်မခံပဲ အသေရိုက်သတ်ပစ်လိုက်ကြတယ်။
သုံးရက်ကြာမှ တံတားအောက်မှာ တွေ့တာဆိုတော့ စဉ်းစားသာကြည့်တော့၊ ငွေရှင်ကြေးရှင်မဟုတ်လား အလောင်းကိုသယ်ကြတဲ့အခါ အပုတ်နံ့က စွဲနေတာပေါ့ အဲဒီအနံ့ကို အရက်ဦးရည်နဲ့ဆေးကြရတယ်။ အရက်ဦး ရည်ဆိုတာကတော့ သိတဲ့အတိုင်းပဲ ဓါတ်ဆီလောင်တယ်ဆိုတာ သနားတယ်။ တော်တော်ပြင်းတာ။
အဲလိုပြောတော့ ခင်ဗျားက ပုတ်ပွနေတဲ့လူသေအလောင်းကို ကိုင်ပြုပြီး လူတွေကိုလက်ဆွဲနှုတ်ဆက်နေလို့ အ ခုလိုရေးတာလားဆိုတော့ မဟုတ်ပါဘူးဗျာ။ ငါးပိရည်။
ငါးပိရည်ဆိုတာကရော နံလား။မွှေးလား။ မွှေးတယ်လို့တော့မပြောချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ငါးပိဆိုတဲ့ အမျိုးအစားက နံမှအဓိပ္ပါယ်ရှိတာ။ မနံလျင် အဲဒါငါးပိလို့မခေါ်ဘူး။
အဲဒီနေ့က ကျုပ်မှာလိုက်တဲ့ ကရင်ငါးပိစစ် စစ်ရောက်လာတဲ့နေ့ဆိုတော့ ဇွန်းတွေဘာတွေမသုံးတော့ပဲ လက်နဲ့ပယ်ပယ်နယ်နယ် ကြုံးစားလိုက်တာမြိန် လိုက်တဲ့ဖြစ်ခြင်း စောစောတုန်းကပြောခဲ့တဲ့ တညင်းသီးချဉ်ဖတ်ရယ်၊ ထိုင်းအခေါ် ဖစ်ခိနူ ကြွက်ချေးငြုပ်သီးမှုန့် နဲ့ဆိုတော့ ဆွေမျိုးတော့မမေ့ဘူး။ ချိန်းထားတဲ့ကိစ္စမေ့သွားတယ်။
သွားထိုးတံလေးနဲ့ ဇိမ်ကျနေတုန်း ဖုံးဝင်လာပါရော အဲဒီတော့ ကမန်းကတမ်း အဝတ်တွေလဲပြုပြီး ပါးစပ်ကို သွားတိုက်ဆေးရည်နဲ့ အာလုတ်ကျင်း၊ ဆေးပြီး သားလက်ကိုနှစ်ခါပြန်ဆေး ပြန်နမ်းကြည့် အနံ့ကမပျောက်။ နောက်ဆုံးတော့ ဆေးရုံတွေမှာသုံးတဲ့ လူနာတွေ ကို ကိုင်ပြီးတိုင်း ဆရာဝန်တွေလက်ဆေးတဲ့ဆေးရည်လေဗျာ အဲဒါနဲ့ဆေးပြီးထွက်လာလိုက်တယ်။ ကျုပ်က ဆရာဝန်တော့မဟုတ်ဘူး ကွန်ပျူတာကိုင်ပြီးတဲ့အခါတိုင်း အဲဒီဆေးရည်နဲ့လက်ကိုဆေးတာ။ မျက်လုံးကသိပ် အလုပ်မလုပ်ချင်သလိုလိုဖြစ်နေလို့။
တွေ့တာနဲ့ ကျုပ်ကတော့ဘယ်သူဖြစ်ပါတယ်၊ ဘာညာပြောပြီး လက်ဆွဲနှုတ်ဆက်၊ ကိစ္စဝိစ္စတွေပြီးတော့ တခါပြန် နှုတ်ဆက်ပေါ့ဗျာ။ အဲဒီမှာတင် အိမ်ကငါးပိရည်ကိုသတိရပြီး လက်ကို အမှုမဲ့အမှတ်မဲ့နမ်းကြည့် မိတော့ အနံ့ကမပျောက်ဘူးဗျ။
သတိရလို့ အနီးအနားကိုကြည့်လိုက်တော့ အလိုလေးလေး ကျုပ်မျက်နှာကို ဘယ်လိုထားရမှန်း မသိတော့ဘူး ဧည့်သည်တွေက ကျုပ်ကိုကြည့်နေလိုက်ကြတာများ။
အဲဒါပဲဗျာ နောက်ဆိုလျင် ကျုပ်ဘယ်ဧည့်သည်ရှေ့မှာမျှ လက်ဆွဲနှုတ်ဆက်ပြီးတိုင်း ကိုယ့်လက်ကိုကိုယ်ပြန်နမ်း တဲ့အလုပ် မလုပ်မိအောင်ဆုံးဖြတ်လိုက်တယ်၊ပြီးတော့ ကိုးဆယ့်ကိုးဒဿမ ကိုးကိုးဆိုတဲ့ ဘယ်အရေးအသားမျိုးကိုမျှ ရာနှုံးပြည့်မယုံရဲတော့ဘူး။
ခင်ဗျားတို့ကတော့ ကျုပ်လိုအဖြစ်မျိုးဖြစ်မှာမဟုတ်တော့ ကိုယ်ချင်းစာမှာမဟုတ်တဲ့အပြင် ကျုပ်အဖြစ်ကို အပြစ်တင်နေမှာလားတော့ ကျုပ်လည်းမပြောတတ်ဘူး။
ကျုပ်က ကျုံပိုင်းသား။ ကျုပ်စားတဲ့ငါးပိကို ကျုံပိုင်းငါးပိလို့ခေါ်တယ်။ စွဲတယ်ဗျာ။ တကယ်ပါ။
ကျုံပိုင်းက ကရင်ငါးပိကိုပြောတာနော်။
ကျန်းမာချမ်းသာကြပါစေ
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment