ရှက်တတ်ပါရဲ့လား
(မင်းစိုးစံ)
(မင်းစိုးစံ)
ရှက်တတ်ပါတယ်လို့ပြောကြပါလိမ့်မယ်။ ဟုတ်ကဲ့ ကျုပ်ရှက်တတ်ခဲ့ပါတယ်၊ ဒါဆို အခုမရှက်တတ်ဘူးဆိုပါ တော့လို့မေးကြမလား။ ဟုတ်ကဲ့ ဘလော့ထောင်တဲ့နေ့က စလို့လွန်ခဲ့တဲ့နှစ်ရက်လောက်အထိကတော့ မရှက်တတ်ပါဘူး၊ အခုရှက်တယ်ဗျာ။ ရှက်တယ်။
(လူရွှင်တော်နာမည်မဟုတ်ပါ)
ကျုပ်ရှက်တတ်ပုံလေးပြောပြမယ်ဗျာ။ စိတ်ကစားတတ်တဲ့အရွယ်တုန်းကရှက်တတ်ပုံလေး ကျုပ်ငယ်ငယ်တုန်း က ရခိုင်သူလေးတယောက်ကို စွဲစွဲလန်းလန်းဖြစ်ဘူးတယ်ဗျ။ ကျုပ်ထက်ကြီးတယ်၊ အသက်အရွယ် ကိုယ်လုံး ကိုယ်ထည် အတန်း ပြီးတော့ ဓနပေါ့ဗျာ။ဓနဆိုလိုက်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွါးရေးလုပ်တာတော့မဟုတ်ပါ ဘူး။ သူလည်း ကျောင်းနေတုန်း ကျုပ်လည်းစာသင်တုန်း။
ကျုပ်ဆိုလိုတဲ့ဓနဆိုတာက သူ့ဖေဖေက ကျောင်းတ ကျောင်းရဲ့ ဒုကျောင်းအုပ်၊ ကျုပ်ဖေဖေက အဲဒီကျောင်းက မင်းစေ(မင်းစေဆိုသည်မှာ အစိုးရအရာရှိများ ရုံးတက် ရုံးဆင်း လက်မှတ်ထိုးရန်အတွက် လက်ခံစာရွက်များကို လိုက်လံပို့ဆောင်ပေးခြင်း၊ သိမ်းဆည်းခြင်းနှင့် မေးခွန်း များကို ပုံနှိပ်ခြင်း။ ထိုစဉ်က ကော်ပီကူးစက်များမပေါ်သေး)
ဆိုတော့ လစာကွာတယ်။ အဲဒါကိုဆိုလိုတာ။
ကျောင်းတက်တော့ တကျောင်းထဲတက်တယ်။ သူကအထက်တန်းကျောင်းသူ ကျုပ်ကမူလတန်းကျောင်းသား ရေးနေရင်း ရှက်လာပြီ။ အဲဒီတော့ သူ့ကိုချစ်တဲ့အကြောင်းဘယ်လိုလုပ်ပြသလဲ သိချင်လား။
ပြောဘို့တခုကျန်နေတာ မေ့တော့မလို့ ကျုပ်တို့ကို အစိုးရက မိသားစုအိမ်ကလေးတွေပေးထားတာရှိတယ် ကျောင်းကားက အိမ်နဲ့နည်းနည်းဝေးတော့ ဘောလုံးကွင်းကိုဖြတ်ပြန်ရတယ်။ အဲဒီမမလေးရဲ့နံမည်က ခင်မျိုးစောတဲ့ အခုဆိုဖွါးဖွါးဖြစ်နေပြီ မြေးတွေ မြစ်တွေနဲ့။ ထင်တာပဲ အပျိုကြီးလည်းဖြစ်နိုင်လောက်ပါတယ် မာနကြီးလို့။(ကျုပ်ထင်လို့နေမှာပါ မာနကြီးတာဟုတ်ချင်မှ ဟုတ်မှာ)
စာလုံးအကြီးကြီးရေးပြီး ခဲလုံးနဲ့ဖိထားလိုက်တာ။ သူလည်း ကျုပ်လိုပဲ ဘောလုံးကွင်းကိုဖြတ်ရတာလေ ကျုပ် ဘယ်လိုရေးလဲဆိုတာပြန်ရေးပြမယ် ခင်မျိုးစော နင့်ကိုငါချစ်တယ် လို့ရေးတာ စာရွက်တရွက်မှာ စာလုံးတလုံး။
စာတရွက် အုတ်ခဲတလုံး ဖြစ်ချင်တော့ဗျာ ကျုပ်တို့ကျောင်းဆင်းချိန်နဲ့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို အဲဒီဘော် ဒါဆောင်က ကျောင်းတော်သားကြီးတွေဘောလုံးဆင်းကန်ကြတာဆိုတော့ ခဲလုံးတွေကိုပြန်ပြန်ဖယ်နေရလို့
ခဲလုံးအောက်က စာရွက်တွေနဲ့အတူ ကျုပ်ဖေဖေကိုလာပြောကြတော့ ကျောပြင်ဗျောတင်ခံရတော့တာပေါ့။
အဲဒီလိုရှက်တတ်လိုက်တာ နောက်ဆိုလျင် မိန်းကလေးတွေက ကျုပ်ကိုချစ်တယ်ပြောမှအိမ်ထောင်ပြုမယ်ဆိုတဲ့
အတွေးက ဟိုသင်းတွေပေါက်လာတာနဲ့အတူ(နှုတ်ခမ်းမွှေး)စိတ်ကူးကယဉ်နေလိုက်သေး။
ကျုပ်ဆန္ဒမပြည့်ပါဘူး။
ဒီလိုနဲ့ ရှက်လာလိုက်တာ မနေ့တနေ့ကမျှ ကျုပ်ဟာတော်တော်ကို အရှက်ကင်းမဲ့တဲ့ လူတယောက်ပါလား
ဆိုတာသိလိုက်ရလို့ အခုလိုရေးလိုက်တာပါ။
သူတပါးပိုင်ဆိုင်သည့်ပစ္စည်းကို ခိုးယူခြင်းဆိုတဲ့ အကြောင်းနဲ့သက်ဆိုင်ပါတယ်။ ဟုတ်ကဲ့ ကျုပ်သူများပစ္စည်းကို
ခိုးပါတယ်။ ဘလော့လောက သမားပီပီ သူတပါးပိုင်တဲ့ပစ္စည်းကိုခိုးတဲ့ သူခိုးကြီးတယောက်ပါ။ ကာယကံရှင်သိအောင်ခိုးသလို ကာယကံရှင်မသိအောင်လည်းခိုးခဲ့ပါတယ်။
ဥပမာ ဘလော့တခုက ဓါတ်ပုံကို ကျုပ်ခိုးခဲ့ပုံလေးရေးပြချင်ပါတယ်။ အဲဒီလိုခိုးခဲ့ပုံလေး မရေးခင်မှာ ခိုးတဲ့အနေ အထားရောက်ရတဲ့ အကြောင်းလေးကို အလျင်ရေးပါ့မယ် ကျုပ်ရဲ့အကျင့်ဆိုးတခုက လူတယောက်ဟာ သူ့ ကိုယ်သူ ထင်ထင်ပေါ်ပေါ်ဖြစ်ချင်တယ်လို့ယူဆမိလျင် အဲဒီလူကို လုံးဝကို နေရာမပေးချင်တာဖြစ်ပါတယ်။
ဒါကြောင့်ဓါတ်ပုံတွေပေါ်မှာ အဲဒီဓါတ်ပုံပိုင်ရှင်က သူ့ရဲ့အမှတ်အသားတခုခုကို ရေးထားတယ်ဆိုလျင် အဲဒါကို ဖျက်ပစ်ပြီး ကျုပ်ဘလော့ပေါ်မှာပြန်တင်လိုက်သလို အခြားတနေရာက ရပါတယ်ဆိုပြီးလုပ်ပါတယ်၊ ဓါတ်ပုံပေါ် မှာ ဘာမျှမရေးထားဘူးဆိုလျင်တော့ အဲဒီကာယကံရှင်ရဲ့ အမည်နာမကို တိတိကျကျ ဖေါ်ပြပေးပါတယ်။ ဒါကတော့ ကျုပ်ရဲ့အလွန်ဆိုးရွားတဲ့ မိုက်မဲတဲ့ အကျင့်ဖြစ်ပါတယ်။
တခါတလေကျပြန်တော့ ကာယကံရှင်တွေရဲ့ အမည်နာမကိုတိတိကျကျရေးပြချင်ပေမယ့် အာရုဏ်က အလုပ် ထဲမှာနစ်နေတော့ မူလပိုင်ရှင်ရဲ့ နံမည်နဲ့လိပ်စာကို ပြန်ရှာလို့မရတာတွေဖြစ်တာနဲ့ ဘယ်ကယူထားတာပါ ဆိုတာ မရေးပြဖြစ်တာတွေရှိခဲ့ပြန်ပါသေးတယ်။
အင်မတန်ရှက်ဘို့ကောင်းတယ်ဆိုတာ သိလိုက်ရပုံက ဘလော့တခုကို အလည်ရောက်သွားတော့ ခိုးယူ ခြင်းဆို
တာဘာလဲ ဆိုတာကိုကွက်ကွက်ကွင်းကွင်းရေးထားတာ ဖတ်လိုက်ရလို့ပါ။ ပိုက်ဆံမရှိလို့ Computer နဲ့ ပတ်သက်တဲ့ Software တွေကို ခိုးယူနေရာကနေ ဈေးကွက်မရှိဖြစ်ရ ဈေးကွက်မရှိလို့ ခိုးကူး အဲဒီလိုနဲ့ မုန့်လုံးစက္ကူကပ်
သီချင်း(ဂျာအေး သီချင်း)လိုဖြစ်နေပုံကို စာရေးသူ IT ပညာရှင်တယောက်ရေးထားတာပါ။
ကျုပ်ရဲ့ပိုင်းခြားသုံးသပ်နိုင်စွမ်းခေါင်းပါးမှုကြောင့် တကယ့်သူခိုးကြီးဖြစ်ခဲ့ပါသေးတယ် ဘာလဲဆိုတော့ You tube မှာ တင်ထားတဲ့ဗွီဒီအိုဖိုင်တွေမှန်သမျှ အားလုံးလွတ်လွတ်လပ်လပ်ကူးခွင့်ရှိတယ်ထင်ပြီး လိုချင်တဲ့အပိုင်းတွေကို ကူးပြီး ပြန်တင်မိတာတွေရှိတယ်ဗျ။ အဲဒီမှာတင် You tube ကနေပြီးကျုပ်အကောင့်ထဲကို စာတစောင်ရေးပို့လိုက် တယ် ခင်ဗျားရဲ့ ဗွီဒီအိုဖိုင်ထဲက ဟာတွေဟာ ဘယ်သူ့ရဲ့မူပိုင် ဖြစ်တယ် ဒါကြောင့် အဲဒီကိုသွားပြီးခွင့်ပြုချက်ယူပါ ဆိုတာပါလာတော့ အဲဒါကျုပ်သူခိုးဖြစ်တာပဲ။
ဟုတ်ကဲ့ လူအယောက်စီတိုင်းရဲ့ ကိုယ်ကျင့်တရားကောင်းမှုဟာ လူ့ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းရဲ့ ကိုယ်ကျင့် တရားကောင်းမှုနဲ့ လူ့အသိုက်အမြုံစည်ပင်တိုးတက်ကောင်းမွန်ခြင်းပဲဗျ ပညာရှိတွေပြောကြတာ။ လူအယောက်စီတိုင်းရဲ့ ကိုယ်ကျင့်တရားမကောင်းမှု အများကြီးစုမိသွားပြီဟေ့ ဆိုလျင် အဲဒီလူတွေရဲ့ လူ့ပတ်ဝန်း ကျင်နဲ့ လူ့အဖွဲ့အစည်းဟာ ဆိုးကျိုးပဲဖြစ်သွားတော့မှာပေါ့နော်။
စာဖတ်သူကိုယ်တိုင်ဖြစ်စေ စာဖတ်သူတို့ရဲ့ အသိမိတ်ဆွေ လုပ်ဖေါ်ကိုင်ဘက်ထဲကဖြစ်စေ စာဖတ်သူတို့ပတ် ၀န်းကျင်အသိုင်းအ၀န်းကဖြစ်စေ သူတပါးပိုင်ပစ္စည်း အဖွဲ့ပိုင်ပစ္စည်း တခုခုကို ကိုယ်ပိုင်ပစ္စည်းအဖြစ်သုံးစွဲ ယူငင် ထားတဲ့ ပုဂ္ဂိုလ်များရှိနေမယ်ဆိုလျင်တော့ အဲဒီပုဂ္ဂိုလ်ဟာ စာဖတ်သူကိုဖြစ်စေ အဖွဲ့အစည်းကိုဖြစ်စေ လူ့အသိုင်း အ၀န်းကိုဖြစ်စေ ပျက်စီးအောင်လုပ်တဲ့ လူဆိုတာသေခြာပေါက်ပါပဲ။
ကိုကျော်သူ (ရုပ်ရှင်သရုပ်ဆောင်) ရေးတဲ့ ကဗျာလိုလို စာလိုလို စာကြောင်းလေးကိုရေးချလိုက်ရင်း ဘလော့ဂ်လောကသားများအားလုံး ကိုယ့်ခြင်းကိုယ်ထိန်းနိုင်ကြပါစေ။
ဟိတ်
ကိုယ့်လမ်း ကိုယ်သွား
ကိုယ့်အလုပ် ကိုယ်လုပ်
ကိုယ့်တာဝန် ကိုယ်ကြေ
ကိုယ့်သီလ ကိုယ်လုံ
ကိုယ့်သမိုင်း ကိုယ်ရေး
ဒါပဲ
ကျော်သူ
ကိုယ့်လမ်း ကိုယ်သွား
ကိုယ့်အလုပ် ကိုယ်လုပ်
ကိုယ့်တာဝန် ကိုယ်ကြေ
ကိုယ့်သီလ ကိုယ်လုံ
ကိုယ့်သမိုင်း ကိုယ်ရေး
ဒါပဲ
ကျော်သူ
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
0 comments:
Post a Comment