|
Wednesday, June 24, 2009
THE LITTLE GIRL
စစ်သားကြီးတယောက် အကြောင်း
ရန်ကုန်သားလို့ပြောရင်မမှားဘူးလို့ထင်တာပဲ။ ဘာကြောင့်လည်းဆိုတော့ ကျုပ်က သိပ်အ ကြွားသန်တာ၊ အစားလည်း ကြီးတော့ မော်လမြိုင်သားဆိုလည်း မမှားဘူး။ မန္တလေးသား မဟုတ်တာကတော့ သေခြာတယ်၊ ကျုပ် စကားပြောအရမ်းညံ့တယ်။
ရန်ကုန်မှာမွေးပေမယ့် တောထဲမှာလူဖြစ်လာတာဆိုတော့ စကားပြောရိုင်းတယ်လို့ ပြောရမှာ ပေါ့ဗျာ။
ထိုင်း မြန်မာနယ်စပ် တော်လှန်ရေးနယ်မြေထဲကို ကျုပ် ၁၉၇၉ ကတည်းက အခြေချပေမယ့် ဘာရာထူးရာခံမှမရခဲ့ဘူး။ အပြောအဆိုရိုင်းစိုင်းလို့။
၁၉၈၂ ခုနှစ်မှာတော့ ကျုပ် မွေးရပ်ဇာတိကို ပြန်ဖြစ်တယ်။ ဖြစ်ချင်တော့ မန်းငွေအောင်တို့ ရန်ကုန်ကိုဝင်စီးတဲ့ အချိန်။ ကော့ကရိတ် မှတ်ပုံတင်ကိုင်တဲ့လူတွေ ချက်ခြင်းပြန်အပို့ခံနေရ တဲ့အချိန်မှာ မှတ်ပုံတင်မရှိတဲ့ကျုပ်အတွက် ထောက်ခံစာတို့ဘာတို့ဆိုတာက ငွေတပြားမှမ ကုန်ပဲ လုပ်လို့ရတယ်။ ဘာကြောင့်လည်းဆို ကျုပ်က ဒီရပ်ကွက်မှာမွေးလာတာ၊ အားလုံး ဇေပဲ။
ကျုပ်ရဲ့သူငယ်ချင်းမိန်းကလေးတွေက ကျုပ်ကိုကြည့်ပြီး နင်ဒီလို အရပ်အမောင်းမျိုးအထိ ရှိလိမ့်မယ်လို့ ငါတို့မထင်ဘူး၊ အသားကလည်းဖြူနေတာပဲ၊ ဘာညာပေါ့ဗျာ။
သိတယ်မဟုတ်လား၊ ငယ်ပေါင်းတွေဆိုတော့ အဖြူထည်သက်သက်၊ မရိုးသားတဲ့အမူအရာ လုံးဝမရှိတဲ့ တကယ့်အဖြူထည်။ ဘယ်လောက်ကြည်နူးစရာကောင်းသလဲ။ မြှောက်ပြောရင် ကြိုက်တဲ့အထဲမှာ ကျုပ်ပါတယ်။
မန်းငွေအောင်တို့ ရန်ကုန်ကိုဝင်စီးပြီးတဲ့ နောက်တနေ့မှာ ကျုပ်ရဲ့ငယ်သူငယ်ချင်း ချိုနိုင် ရောက် လာတယ်ဗျ။ စစ်လွယ်အိပ်အရှည်တလုံးနဲ့ စစ်စလွယ်သိုင်းအိပ်သေးလေးတလုံး။
ဝတ်ထားတာက အရပ်ဝတ်အရပ်စား။ စစ်မျက်နှာသုပ်ပုဝါတထည်က လည်ဂုတ်ပေါ်မှာ။
အသားညိုတယ်၊ အရပ်အမောင်းက ကျုပ်နဲ့မတိမ်းမယိမ်း။
ကျုပ်နဲ့သူ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြတော့ ကျုပ်ကကျုပ်အကြောင်းကို ကရင်ပြည် နယ်ထဲက ရွာလေးတရွာမှာ အဆုံးသပ်ထားလိုက်တယ်။
ကျုပ်နဲ့သူက လည်ပင်းဖက်ပြီးကျောင်းတက်လာကြတာဗျ၊ ကျုပ်တို့ကျောင်းကို ဂျမားကျောင်း လို့ခေါ်တယ်။ ဗမာ့တပ်မတော်ရဲ့ဘခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်ဘေး၊ ဂျမားလမ်းအတိုင်း ကုလားကုန်းကိုတက်၊ ကုလားကုန်းပေါ်မရောက်ခင် ညာဘက်ချိုး၊ နည်းနည်းလေးလျှောက် လိုက်ရင် ကျုပ်တို့ကျောင်းကိုရောက်ပြီ။
ကျုပ်တို့ရပ်ကွက်ကို အရင်တုန်းက နတ်မောက်စက်မှုလက်မှုကျောင်းဝင်းလို့ပဲ ခေါ်ကြတာ၊ အခုတော့ အဲဒီနေရာကို ကရင်ကုန်းလို့ခေါ်တယ်ဆိုပဲ။
သူ့အကြောင်းမပြောခင် သူ့အစ်ကိုအကြောင်းနည်းနည်းပြောပြမယ်။
သူ့အစ်ကိုအကြီးနာမည်က ချိုကြီး။
ကျုပ်တို့ မူလတန်းကျောင်းတက်နေချိန်မှာ သူ့အစ်ကိုကြီး ချိုကြီးက အဌမတန်း(ရှစ်တန်း)
ငါးထပ်ကြီးဘုရားနားက တရုတ်ကျောင်း(နမ်ယမ်)မှာကျောင်းတက်တယ်။
သူ့အစ်ကိုဟာ စာအရမ်းတော်တယ်၊ အားကစားလည်းဖြစ်တယ်၊ အတန်းထဲမှာ အတော်ဆုံး မဟုတ်တောင်မှ အလယ်အလတ်မကဘူး။
တနေ့တော့ လူငယ်ဘာသာဘာဝ သူငယ်ချင်းသုံးလေးယောက် အားလပ်ချိန်မှာ ရောက်တတ် ရာရာ စကားပြောနေရင်းကနေ မိန်းကလေးဘက်ရောက်သွားကြတယ်။
အဲဒီမှာ ကျောင်းသားတယောက်က
ထိချက်က ပြင်းမပြင်းဆိုတာတော့မသိဘူး၊ အဲဒီကျောင်းသားရဲ့ သွားနှစ်ချောင်း လော်ကယ်ရ ထားနဲ့ ဘုရားဖူးထွက်သွားပါသတဲ့။
ကျောင်းအုပ်ကြီးစီကိုရောက်သွားတော့ ကျောင်းသားသုံးယောက်စလုံးက ကျွန်တော်တို့က နောက်ပြောတာပါ ဆိုတဲ့စကားလုံးကို တွင်တွင်ပြောနေသလို ချိုကြီးကလည်း တမင် သက်သက် ကရင်လူမျိုးကိုစော်ကားတာ ဆိုတာနဲ့တချိန်လုံးတင်တာပေါ့။
နောက်ဆုံးတော့ သုံးယောက်နဲ့တယောက်ဖြစ်တဲ့ ချိုကြီးရလိုက်တဲ့ အပြစ်ကတော့ ကျောင်း ထွက်လက်မှတ်ပေါ်မှာ မင်နီသားထားတဲ့ ကျောင်းအုပ်ဆရာကြီးရဲ့ ကျောင်းထုတ်လက်မှတ်ပဲ ဖြစ်ပါတယ်။
အကြောင်းပြချက်က ကျောင်းသားအချင်းချင်းစကြနောက်ကြပြောင်ကြတာဖြစ်တယ်၊ ပြဿနာ ကို သက်ဆိုင်ရာကျောင်းအုပ်ကြီးစီမှာ တိုင်တန်းပြောဆိုခြင်းမရှိပဲ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့အတွက် ပါတဲ့ဗျား။
မြင်းကောင်းခွါလိတ်၊ ပန်းကောင်းအညွန့်ကျိုး ဆိုသလို ချိုကြီးတယောက်ပြည်ထောင်စုမြန်မာ နိုင်ငံတော်အတွင်းမှာရှိတဲ့ ဘယ်ကျောင်းမှာမှ တက်ရောက်ပညာသင်ကြားခွင့်မရှိတော့တဲ့ နောက် စစ်တပ်ထဲကိုရောက်သွားပါတော့တယ်။
ဟေ့ကောင် ချိုနိုင် မင်းစစ်ထဲဝင်တာ မင်းအစ်ကိုကြီးကိုအားကျလို့လား
အခုငါပြန်လာတာ ငါ့အဖေရဲ့ သမ၀ါယမလက်မှတ်ကိုရွေးပေးဘို့နဲ့ ပြုံးရီငါ့အပေါ်ဘယ်လိုသ ဘောထားသလဲဆိုတာ သိချင်လို့ပဲ။ ဒီမှာမင်းမြင်လား ငါသေနတ်ယူလာတယ် အဲဒါ ဒီဗမာ အဖိုးကြီးနဲ့အဖွါးကြီး ကဂျိုးကဂျောင်လုပ်လို့ကတော့ အမျိုးပြုတ်ပြီသာမှတ်။
ကျုပ်ကြည့်လိုက်တော့ စစ်လွယ်အိပ်အရှည်ထဲမှာ မောင်းပြန်သေနတ်တလက် ကျည်အပြည့်နဲ့ ကျည် ကပ်နှစ်ကပ်အပြင် ကျည်ဆံတချို့ပွကျဲနေတာတွေ့လိုက်ရတယ်။
မင်းအဖေရဲ့ သမ၀ါယမလက်မှတ်က ဘာကြောင့်ရွေးပေးရမှာလည်း
ငါက ခမရ ၄၄၊ မင်းပြောတဲ့ရွာကို ငါရောက်တယ် မင်းတို့မိသားစုကိုလိုက်မေးတာ တယောက်မှမသိဘူး၊ ငါတို့မိုးတွင်းဘက်ကြီး အပစ်ခံရတုန်းက သေနတ်ခြောက်လက် ရေထဲမြုတ်သွားတယ်၊ ပြန်ဆည်ခိုင်းတာမရဘူး။ ငါသိပါတယ် ရေငုတ် ရှာတဲ့လူတွေ ရေအောက်က မြက်တောထဲမှာ ၀ှက်ထားတယ်ဆိုတာ။
အဲဒီတော့မှကျုပ်က
သူက
ငါမမေ့နိုင်တဲ့ တိုက်ပွဲတပွဲရှိတယ်ကွ။အဲဒီတိုက်ပွဲမှာ ငါတို့ အတော်အထိနာတယ် ကဒိုင်ဒိတိုက် ပွဲလို့ လူသိများတယ်။ ငါတို့ ထောင်ချောက်မိတယ်လို့ပဲပြောရမှာပေါ့၊ တောင်တွေပတ်လည် ၀ိုင်းနေတဲ့ ကွင်းပြောင်ထဲအရောက် အနွှာခံလိုက်ရတာ၊ တိုက်ပွဲဖြစ်တော့ ကုန်းမြင့်တွေအပေါ် နေရာတက်ယူပေမယ့် အဲဒီကုန်းပေါ်ကနေ ပုံပျက်ပန်းပျက်ပြန်အဆုတ် တပ်ရင်းမှူးတယောက် ဒါဏ်ရာနဲ့ကျန်နေတယ်၊ အဲဒါတပ်ရင်းမှူးကို ပြန်ချလာဘို့လူရွေးတော့ငါလည်း နာမည်စာရင်း ပေးလိုက်တယ်၊ နောက်တန်းကိုပြန်ရောက်ရင် ဗိုလ်သင်တန်းတက်ခွင့်ပေးမယ် ဆိုလို့ပါ။ ကြိုးနဲ့တွယ်တက်ပြီးတပ်ရင်းမှူးကိုထမ်းချအလာ တ၀က်မှာတင် လက်နက်ကြီးကျည်က ကြိုးကိုထိပြီး နှစ်ယောက်သားမြေကြီးပေါ်ကိုဝရုန်းသုန်းကားနဲ့ကျတာပဲသိလိုက်တယ် ငါသတိရလာတော့ မင်္ဂလာဒုံ စစ်ဆေးရုံကိုရောက်နေပြီ။ တပ်ရင်းမှူးမသေဘူး။ ငါလည်း ဗိုလ် သင်တန်းတက်ဘို့ ပြည်ကိုသွားရတယ်။ အဲဒီမှာ ပညာအရည်အချင်းမရှိပေမယ့် ရဲစွမ်းသတ္တိရှိ တဲ့ငါ့ကို အထူးလေးစားကြောင်း၊ စစ်ဗိုလ်တယောက်ဆိုတာ သေရေးရှင်ရေး ကိစ္စမျိုးနဲ့ကြုံလာ ရင် အချိန်တိုအတွင်းမှန်ကန်တဲ့ဆုံးဖြတ်ချက်ချရတာမို့ ရဲဘော်မှာအဲဒီအရည်အချင်းတွေနဲ့ ကိုက် ညီတဲ့အချက်တွေရှိမရှိသိအောင်ဆိုပြီး ငါ့ကိုမေးခွန်းသုံးခုမေးတယ်၊အဲဒီအထဲက နှစ်ခုဖြေ နိုင်ရင် ဗိုလ်သင်တန်းတက်ခွင့်ပေးမယ်လို့ပြောတယ်။
ပထမဆုံးမေးခွန်က
သူတို့ငါ့ကို အရမ်းသဘောကျသွားတယ်။
ငါ့ကိုထပ်မေးတယ်။
ရဲဘော်ဘယ်မှာနေသလဲ။
ရန်ကုန် ဗဟန်း။
ရွှေတိဂုံကို ရောက်ဘူးမှာပေါ့။
ဟုတ်။
ဘယ်မုဒ်ကနေ ဘုရားပေါ်ကိုတက်သလဲ။
အရှေ့မုဒ်။
ခြေထောက်တော်ကနေ ရင်ပြင်တော်အထိ လှေခါးထစ် ဘယ်နှစ်ထစ်ရှိသလဲ။
ငါမဖြေနိုင်ဘူး။
နောက်ဆုံးတခုကို မေးတယ်။
ဗဟန်းကဆိုတော့ ရွှေတိဂုံနားက ဦးဝိစာရကျောက်တိုင်မြင်ဘူးလား။
ဟုတ်။
အခုမေးမယ့်မေးခွန်းဟာ ရဲဘော်အတွက် နောက်ဆုံးအခွင့်အရေးဖြစ်တယ်။ အသေခြာစဉ်းစားပြီးမှဖြေပါ။ ငါးမိနစ် အချိန်ပေးမယ်။
ဟုတ်။
ဦးဝိစာရဟာ သပိတ်ကို ပိုက်ထားသလား။လွယ်ထားသလား။
ငါအတော်ကို စဉ်းစားပေမယ့် မသေခြာဘူးဖြစ်နေတယ်။ မြင်တာတော့ကွာ နေ့တိုင်းလိုလိုပါပဲ။ သတိမထားမိတော့ မတတ်နိုင်ဘူး။ ပိုက်ထားတယ်ဖြေရင် ကောင်းမလား။ လွယ်ထားတယ် ဖြေရင် မှန်မလားပေါ့။ နောက်ဆုံးတော့
တကယ်တော့ ဦးဝိစာရမှာ သပိတ်မပါဘူးကွ။
ငါ့ကို မေးခွန်းတခုမှန်တဲ့အတွက် မေမြို့ကိုသွား။ ယဉ်မောင်းသင်တန်းတက်။ ထောက်ပံ့နဲ့ထောက်ပို့ (၅၅၅)မှာ တပ်ကြပ်ကြီးစာရေးဆိုပြီး တိုးပေးလိုက်တယ်။
အခု ငါရှေ့တန်းထွက်စရာမလိုတော့ဘူး။ ဒါကြောင့်ငါ့အဖေရဲ့ သမ၀ါယမလက်မှတ်ကို ရွေးပြီး ပြုံးရီ ငါ့နောက်ကိုလိုက်ဖြစ်ပြီဆိုရင်တော့ အေးဆေးပဲ။ ပြုံးရီက ငါ့ကိုသံယောဇဉ်ရှိနေလျှက်နဲ့ သူ့မိဘတွေက တားဦးမယ်ဆိုရင်တော့ ပွဲကြမ်းပြီ။
တပါတ်အကြာမှာ ကျုပ် နယ်စပ်ကို ပြန်လာခဲ့ပါတယ်။
ကျုပ်ရင်ထဲမှာမရှင်းတာက စစ်သားတယောက်ကို ဒီလိုမေးခွန်းတွေမေးလိုက်တာဟာ ဘာသဘောလည်းဆိုတာနဲ့ ဒီမေးခွန်းသုံးခွန်းမှန်ရုံလေးနဲ့ ဗိုလ်သင်တန်းတက်ခွင့်ရလို့ ဗိုလ်ဖြစ်လာတဲ့ စစ်သားတယောက်ရဲ့ အရည်အချင်းဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ဖြစ်လာနိုင်ပါ့မလားဆိုတာပါပဲ။
မင်းစိုးစံ အဝေးရောက် ကရင်ဒုက္ခသည်တဦး
Tuesday, June 23, 2009
သဘောထားထုတ်ပြန်ချက်
ထိုနယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့်ပတ်သက်၍ တိုင်းရင်းသားအပစ်အခတ်ရပ်အဖွဲ့အများစုက
ယနေ့ နအဖစစ်အစိုးရနှင့် ၎င်း၏အသုံးချခြင်းကို ခံနေသော ကရင်အပစ်အခတ်ရပ်အဖွဲ့ များ၏ ထိုးစစ်များ ကြောင့် အောက်ပါဆိုးကျိုးများကို ကရင်ပြည်သူလူထုများခံစားနေရပါသည်။
၁။ တိုက်ပွဲများကြောင့် အပြစ်မဲ့ကရင်လူထုများ သေကြေဒဏ်ရာရခြင်းနှင့် ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ထွက်ပြေးလာမှုများ ပိုမိုများပြားလာရခြင်း။
၂။ ကရင်ကျေးရွာများ မီးရှို့ဖျက်ဆီးခံရခြင်း၊ လယ်ယာခြံမြေများ အဓမ္မသိမ်းဆည်းခံရခြင်း။
၃။ အဓမ္မစစ်သားစုဆောင်းခံရခြင်း၊ မတရားအခွန်ကောက်ခံမှုများကို ခံရခြင်း၊ ပေါ်တာအဖြစ် ဖမ်းဆီးခံရခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခံရခြင်း။
၎။ အမျိုးသမီးများ မတရားပြုကျင့်ခံရခြင်း၊ ကလေးငယ်များ၏ ကျန်းမာရေးနှင့်ပညာရေး ပိုမိုဆိုးရွားလာခြင်း။
အထက်ပါဖိနှိပ်ခံရမှုများကြောင့် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေတွင်းလည်း
၁။ ထိုင်းနိုင်ငံသို့ ကရင်လူငယ်များ ပညာရေးမပြီးဆုံးပဲ တရားမ၀င်အလုပ်သမားများအဖြစ် ၀င်ရောက်မှုများ တိုးပွားလာခြင်း။
၂။ ပညာရေး၊ ကျန်းမာရေး ပိုမိုနိမ့်ကျလာခြင်း။
၃။ မူးယစ်ဆေးဝါးနှင့်လောင်းကစားများကို တရားဝင်သဖွယ် ခွင့်ပြုထားခြင်းကြောင့် ကရင်လူကြီး၊ လူငယ်များ စာရိတ္တပျက်ပြားလာခြင်း။
၎။ စာရိတ္တပျက်ပြားလာခြင်းကြောင့် စည်းလုံးညီညွတ်မှုနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ကွယ်ပျောက်လာရခြင်း။
၅။ ကရင်စာပေယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ ထိန်းသိမ်းဖေါ်ထုတ်ရာတွင် ပူးပေါင်းဆောင် ရွက်မှုများ နည်းပါးလာခြင်း။
၆။ နအဖ၏ထိုးစစ်များတွင် ကရင်အပစ်အခတ်ရပ်အဖွဲ့ များကို အသုံးချနေခြင်းသည်။ ကရင်အမျိုးသားညီညွတ်ရေးကို ထိခိုက်လာခြင်းနှင့် အမျိုးသားရေးဂုဏ်သိက္ခာညှိုးနွမ်းလာစေခြင်းများကို
သို့ရာတွင်လည်း လက်ရှိဖြစ်ပေါ်နေသော ကရင်ပြည်နယ်၏ခြေအနေများကြောင့် ပြည်တွင်းပြည်ပရှိကရင် လူထုများအတွင်း စိုးရိမ်မှုများကြီးထွားလာကာ နအဖစစ်အစိုးရနှင့်၎င်းတို့၏အသုံးချခံ ကရင်အဖွဲ့အစည်းများကို ပိုမိုပြင်းထန်စွာရှုတ်ချလာကြသည်။
ထို့ကြောင့် ကရင်အပစ်အခတ်ရပ်အဖွဲ့အစည်းများအား အမျိုးသားညီညွတ်ရေးကိုရှေးရှု၍ အကြံပြုလိုသည်မှာ
မြန်မာနိုင်ငံ၏နိုင်ငံရေးပြဿနာများကို အဖြေရှာရာတွင် အကြမ်းဖက်သောနည်းဖြင့် မည်သို့ မျှပြေလည်နိုင် မည်မဟုတ်ပါ။
ထိုသို့ကရင်ပြည်သူလူထုဘက်မှ ပြန်လည်ရပ်တည်ခြင်းအားဖြင့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရာတွင် ပိုမိုထိရောက်စွာ လုပ်ဆောင် နိုင်မည်ကို ကျွန်ုပ်တို့အထူးယုံကြည်ပါသည်။
ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးမှ ကရင်အမျိုးသားလွှတ်မြောက်ရေးအောင်ပွဲပန်းတိုင်သို့ 
စက်ရုံ၊ အလုပ်ရုံ၊ နယ်မြေခံ
ပြည်တွင်း၊ ပြည်ပ ကရင်အဖွဲ့ အစည်းများ
Monday, June 22, 2009
ရသေ့ရှစ်သောင်း ဆရာကောင်း
ဇာတ်သဘင်အကြောင်း ဘာတခုမှနားမလည်တဲ့သူတို့ဇာတ်အဖွဲ့ကို ဘယ်သူမှမငှားကြဘူးတဲ့။
ကုန်ကုန်ပြောရရင် သူတို့ရွာက အလှူတောင်မှ သူတို့ဇာတ်ကိုမငှားပဲ တခြားနယ်ကဇာတ်ကို သာ ငှားသတဲ့။
အတိုချုပ်ပြောရရင် အဲဒီဇာတ်အဖွဲ့ဟာ နံမည်သာရှိပြီး၊ ဘာတခုမှ လှုပ်ရှားမှုမရှိတဲ့နောက် ဇာတ်အဖွဲ့ပျက်လုပျက်ခင်ဖြစ်နေတဲ့ အချိန်လေးမှာပဲ အခြားနယ်တနယ်က အလှူပွဲအတွက် သူတို့ဇာတ်ကိုလာငှားပါလေရော။
နဂိုလ်ကတည်းက ဇာတ်သဘင်အကြောင်းနားမလည်တဲ့အပြင် ပျက်ခါနီးနေတဲ့ဇာတ်အဖွဲ့ဟာ လူအင်အားကလည်းနည်း ဇာတ်သဘင်တခုမှာရှိသင့်တဲ့ အရာတွေက မပြည့်စုံဆိုတော့ ဘာဇာတ်ကလို့ကရမှန်းမသိအောင် ဖြစ်နေသတဲ့။
အဲဒီတော့ အဖွဲ့ခေါင်းဆောင်လို့ယူဆရတဲ့လူက သူ့အစီအစဉ်နဲ့ ရသေ့ရှစ်သောင်း၊ ဆရာကောင်း ဆိုတဲ့ ဇာတ်ကို ကမယ်ဆိုပြီး ဆုံးဖြတ်ချက်ချကျေငြာလိုက်သတဲ့။
ညနေပိုင်းမှာတော့ အဲဒီနယ်က နယ်သူနယ်သားလူကြီးလူငယ်အားလုံး ဇာတ်ပွဲကြည့်ဘို့သူ့ ထက်ငါ အလုအယက် ဖျာတွေခင်းပြီးနေရာယူကြတာပေါ့။
အဲဒီဇာတ်ဟာ ညဦးယံကတည်းက ကလာကာဖွင့်လိုက် ရသေ့တပါးကိုပြလိုက်၊ ကလကာပြန်ချလိုက်၊ နောက်တခါ ကလကာဖွင့်လိုက် ရသေ့တပါးကိုပြလိုက်၊ ကလကာပြန်ချလိုက်နဲ့ လုပ်နေလိုက်တာ သန်းကောင်ကျော်တဲ့အထိ ရသေ့ချည်းသက်သက်ပြနေရောတဲ့ဗျို့။
ပွဲကြည့်တဲ့လူအုပ်ထဲက အသက်ခပ်ကြီးကြီးလူတယောက်က မနေနိုင်တော့တာနဲ့ ဘယ်လိုလဲ ကွ မင်းတို့ဟာက ရသေ့ချည်းပဲပြနေတော့မှာလား ဆိုပြီးဘုတောတော့ ဇာတ်အဖွဲ့ခေါင်းဆောင် လေအေးအေးလေးနဲ့ပြောလိုက်ပုံက ဆန္ဒမစောပါနဲ့ဗျာ အခုအချိန်အထိရသေ့တထောင် တောင် မပြည့်သေးပါဘူး၊ ရသေ့ရှစ်သောင်းနဲ့တယောက် ပြည့်တဲ့အထိ ဆက်လက်ကြည့်ရှု အားပေးကြပါ ခင်ဗျား တဲ့။
အဝေးရောက် ကရင်ဒုက္ခသည်တဦး
မင်ဏီဆိုးတားပြည်နယ် စိန့်ပေါမြို့တွင် ဆုတောင်းပွဲတရပ်ကျင်းပခြင်း
မင်ဏီဆိုးတားပြည်နယ်စိန့်ပေါမြို့တွင် ဆုတောင်းပွဲတရပ်ကျင်းပခြင်း
June 21, 2009 နေ့တွင် မင်ဏီဆိုးတားပြည်နယ်၊စိန့်ပေါမြို့၌ Karen Buddhist Association မှကြီးမှူး၍ အမှတ်603, Maryland Ave ရှိ ကရင်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်း၌ တိုက်ပွဲများအတွင်းကျဆုံးသွားကြရသည့် နှစ်ဘက်ကရင့်စစ်သည်တော်များအတွက်
ရည်စူး၍ ဆွမ်းကျွေးတရားနာ ဆုတောင်းပွဲတရပ် ကျင်းပပြုလုပ်ကြောင်း သတင်းရရှိပါသည်။
အခန်းအနားအစီစဉ်အရ ဦးစွာပထမ ဗုဒ္ဓဘာသာဝင်များမှ သံဃာတော်များအား နေ့လည်ဆွမ်း ဖြင့် ဆက်ကပ်လှူဒါန်းပြီး ငါးပါးသီလခံယူခြင်းနှင့်အတူ ပရိတ်တရားတော်များနာယူကြကြောင်း နှင့် တော်လှန်ရေးရဲဘော်ဟောင်းများမှ ၎င်းတို့ဖြတ်သန်းလာခဲ့ကြရသည့် ကိုယ်တွေ့ဖြစ်ရပ်များ ကို အသီးသီးပြောကြားသွားကြကြောင်း သိရှိရပါသည်။
ထိုသို့ပြောကြားရာတွင် မည်သူမှားသည် မည်သူမှန်သည်ဆိုသည်ကို အငြင်းပွါးပြောဆိုတိုက်ခိုက်နေရမည့် အချိန်အခါမဟုတ်သကယ့်သို့၊ မည်သူ့ကိုလိုလား၍ မည်သူ့ကို ဆန့်ကျင်ကန့်ကွက်ရမည့်အချိန်မဟုတ်ကြောင်း လိုအပ်သည်မှာ အချင်းချင်း တိုက်ခိုက်ခြင်းသည် နှစ်ဘက်စလုံး၏ ကိုယ်စီအားနည်းချက်နှင့် မှားယွင်းမှုများသာဖြစ်သည် သာမက ထိုမှားယွင်းမှုများကြောင့်ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲပြဿနာများအား မည်သို့ လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည့်အဖြေကို ရှာဖွေအကောင်အထည် ဖေါ်ရန် သာဖြစ်ကြောင်းအသေးစိပ်ပြောကြားသွားသည်ဟုသိရှိရပါသည်။
ထို့အပြင် အဝေးရောက်ကရင်ဒုက္ခသည်တဦးက နယ်စပ် ဒုက္ခသည်စခန်းအတွင်းမှ၎င်း၏ ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည့်ကြေကွဲစရာအဖြစ်အပျက်များကို ၀မ်းပန်းတနည်းပြောကြားသွားပြီး ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ကရင့်ရိုးရာယဉ်ကျေးမှု ဒုံးအက ဖြင့် ဖျော်ဖြေတင်ဆက်ခြင်းလုပ် ရပ်သည် သင့်တော်ပါ၏လောဟုမေးမြန်းရာ တက်ရောက်လာသူများက လုံးဝသင့်တော် လျှော် ကန်မှုမရှိပါကြောင်း တခဲနက်ဖြေကြားကြကြောင်း ထို့နောက် တက်ရောက်လာကြသော ဗုဒ္ဓ ဘာသာဝင်များနှုင့်ရဟန်းသံဃာများက ဖြစ်ပွါးလျှက်ရှိသည့် အချင်းချင်းတိုက်ပွဲအတွင်း ကျဆုံး သွားကြရသော ကရင့်စစ်သည်တော်များအပါအ၀င် အပြစ်မဲ့ပြည်သူလူထုအတွက်ရည်စူး၍ ဖ ယောင်းတိုင်မီးများထွန်းညှိကာ ကောင်းရာသုဂတိသို့ လားစေရန် ဆုတောင်းပေးသည့်အပြင် ၀မ်း နည်းခြင်းအထိန်း အမှတ်အဖြစ် တမိနစ်တိတိငြိမ်သက်ပေးကြကြောင်းသတင်းရရှိပါသည်။
တဆက်တည်း နယ်စပ်တွင်မိမိတို့၏ အသက်ရှင်သန်ရေးအလို့ငှာ ဒုက္ခဆင်းရဲခြင်းကြီးမားစွာ ဖြင့်ပြေးလွှားလျှက် ဖြစ်သလိုရပ်တည်နေထိုင်နေကြရသောကရင် စစ်ပြေးဒုက္ခသည်များအတွက် တတ်နိုင်သရွေ့ ကူညီပံ့ပိုးရန် အလှူငွေတရပ်ကိုကောက်ခံရာ၌ ၃၀၅ဒေါ်လာတိတိရရှိ ကြောင်း သတင်းရရှိပါသည်။
Karen Buddhist Association ၏ တာဝန်ရှိသူတဦးမှ ကျေးဇူးတင်အမှာစကားပြောကြားရာ၌ ယခုကောက်ခံရရှိသောငွေကြေးသည် ရုပ်ပိုင်းဆိုင်ရာအရ အလွန်အမင်းနည်းပါးသည့်ငွေကြေး တရပ်ဖြစ်သော်လည်း စိတ်ဓါတ်ပိုင်းဆိုင်ရာအရမူ တန်ဘိုးမဖြတ်နိုင်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် တဦးလျှင် တဒေါ်လာ နှစ်ဒေါ်လာဖြင့်ပေါင်းစည်းထားသော စိတ်ဓါတ်ကြောင့်၊ ဒေါ် လာ ရာချီ၍ ဖြစ်တည်ပေါ်ပေါက်လာခြင်းသည် စုစည်းမှု၏အင်အားတရပ်ဖြစ်ကြောင်း မိမိတို့ ကော်မီတီအနေဖြင့် ယခုကောက်ခံရရှိသည့်ငွေအား လူအများယုံကြည်စိတ်ချသည့် အဖွဲ့ အစည်းမှတဆင့် ဒုက္ခသည်များထံသို့ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားသွားပြီး လူ ၈၀ တက်ရောက်သည့် အဆိုပါအခန်းအနားကို မွန်းလွဲ ၂း၃၀ တွင်ရုပ်သိမ်းလိုက်ကြောင်း သ တင်းရရှိပါသည်။
သတင်းပေးပို့သူ ဖူ့ယောင်ဟဲ့ USA
ဓါတ်ပုံမှတ်တမ်း စ၀်ထေါဟ်တွါ် USA
ဖူ့ယောင်ဟဲ့နှင့် စ၀်ထေါဟ်တွါ်တို့အား အထူးကျေးဇူးတင်ပါသည်။
မင်းစိုးစံ အဝေးရောက် ကရင်ဒုက္ခသည်တဦး
Saturday, June 20, 2009
ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း အပ်နှင်းပွဲအခန်းအနားကျင်းပခြင်း
ယနေ့ June 20, 2009 နေ့တွင် မင်ဏီဆိုးတားပြည်နယ်၊စိန့်ပေါမြို့၌ Karen Buddhist Association မှကြီးမှူး၍ ဘုန်းတော်ကြီးကျောင်းဆောင်နှင်းအပ်ပွဲအခန်းအနားတရပ် ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
အဆိုပါဘုန်းတော်ကြီးကျောင်းသည်Karen Buddhist Association မှ တည်ထောင်ခဲ့သော ကရင်ဗုဒ္ဓဘာသာကျောင်းဆောင်ဖြစ်ပြီး သံဃာတော်အရှင်သူမြတ်များအထံသို့ ပေးအပ်လှူဒါန်း ခြင်းဖြစ်ကြောင်း ထိုအခန်းအနားသို့ သီတဂူဓမ္မ၀ိဟာရကျောင်းတိုက်မှ ဆရာတော်အရှင် နာယကာ လင်္ကာရ နှင့် အရှင်ဏေမိန္ဒတို့လည်း ကြွရောက်အားပေးချီးမြှင့်ကြောင်း သတင်းရရှိပါသည်။
အခန်းအနားတွင် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ဆရာတော်ဦးသုန္ဓရထံမှ ကရင်ဘာသာဖြင့် ငါး ပါးသီလခံယူကြပြီး ဆရာတော်နာယကာလင်္ကာရထံမှ ကျောင်းသင်္ခန်းလှူဒါန်းရခြင်း၏ အကျိုး တရားများကို ရိုသေလေးမြတ်စွာဖြင့်မှတ်သားနာယူကြပါသည်။
ဆရာတော်အရှင်နာယကာလင်္ကာရ ဟောကြားတော်မူသော တရားတော်၌ တဦးနှင့်တဦး ယုံ ကြည်မည်၊ အကျင့်သီလတူညီမည်၊ စွန့်လွှတ်အနစ်နာခံမှုခြင်းတူညီမည်၊ ဝေဘန်ပိုင်းခြား သုံး သပ်မှုတူညီမည်ဆိုပါက မည်သည့် အဖွဲ့အစည်းမဆို ပုရွက်ဆိပ်များ၊ ပျားများပမာ တိုးတက် အောင်မြင်မှုများ ဆထက်ထမ်းပိုးရရှိမည်ဖြစ်သည့်နည်းတူ စီမံကွပ်ကဲမှုညံ့ဖျင်းပါကဆုတ်ယုတ် ကျဆင်းကာ ယိုင်လဲပြိုကွဲမည်ဖြစ်ကြောင်း ဟောကြားသွားပါသည်။
ဆက်လက်၍ ဆရာတော်က ကျောင်းဆောင်ကို လှူဒါန်းရာတွင် ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ အစွဲထား၍ မလှူအပ်ကြောင်း ဤကျောင်းဆောင်သည် မည်သည့်သံဃာတော်မဆို သီတင်းသုံး နားခိုခွင့်ရှိ ရမည်ဖြစ်ပါသဖြင့် စည်းမျဉ်းစည်းကမ်းများချမှတ်ကာ ထိုစည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင့်ကြံ ဆောင်ရွက်မည်ဆိုပါလျှင် ဘာသာသာသနာတိုးတက်မည်ဖြစ်ကြောင်း၊ လူတွင်လူ့စည်းကမ်းရှိ သကယ့်သို့ သံဃာသည်လည်း သံဃာ့စည်းကမ်းရှိကြောင်း၊ ထိုစည်းမျဉ်းစည်းကမ်းများနှင့် အ ညီအဖွဲ့၏ တိုးတက်ရာတိုးတက်ကြောင်းကို စွမ်းစွမ်းတမာန်လုပ်ဆောင်သွားကြရန် ဟောကြား သွားကြောင်း သတင်းရရှိပါသည်။
အခန်းအနားကို ညနေ ၃း၀၀ နာရီခန့်တွင်ရုပ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။
သတင်းပေးပို့သူ ဖူ့ယောင်ဟဲ့ USA
သတင်းဓါတ်ပုံ စ၀်ထေါဟ်တွါ် USA
စာမတတ်ပေမယ့် လက်ရေးလှကြတဲ့လူတွေအတွက်
စာမတတ်ပေမယ့် လက်ရေးလှကြတဲ့လူတွေအတွက်
2003 ခုနှစ် ကရင့်အမျိုးသားနှစ်သစ်ကူးနေ့ မှာ ခင်ဗျားဘာတွေပြောသွားသလဲဆိုတာ ခင်ဗျားတို့ ထုတ်ထားတဲ့ဗွီစီဒီခွေကို ပြန်ကြည့် လိုက်ပါလား။ ခင်ဗျားပြောတာနဲ့လုပ်တာ ကိုက်ရဲ့လားဆိုတာ။ တခုသေခြာတာက ခင်ဗျားပညာမရှိဘူးဆိုတာ ကျုပ်တို့သိတယ်။ နားလည်ပေးလို့ရတယ်။ ခင်ဗျားကိုယ်တိုင်ကလည်း ခင်ဗျားမှာပညာမရှိဘူးဆိုတာ ၀န်ခံထားတာပဲ။
အောက်က ကဗျာလေးကို ခင်ဗျား ခံစားကြည့်လိုက်ပါလား။ မျိုးဆက်သစ်လူငယ်တွေအတွက် အနာဂါတ်ခရီး ဘယ်လောက်အထိ ဆုတ်ယုတ်စေသလဲဆိုတာ။ အော် ကျုပ်မေ့သွားတယ် ခင်ဗျား စာမတတ်ဘူး။ ဟုတ်သားပဲ ခင်ဗျားမှစာမတတ်တာ။ ဘယ်လိုလုပ်ခံစားမှာလဲလို့။
စာမတတ်ပေမယ့် ဓါတ်ပုံတော့ကောင်းကောင်းကြည့်တတ်ပါတယ်။ ခင်ဗျား ဇာတ်လိုက်လုပ်တဲ့ခွေတွေ ရှိနေတယ်လေဗျာ။ အောက်ကဓါတ်ပုံထဲက ကလေးဟာ တနေ့ကျရင် ခင်ဗျားတို့ ကျုပ်တို့ရဲ့ ပုခုံးပြောင်းတာဝန် ယူရမယ့် လူဗျ။ သူ့မျက်နှာကို ခင်ဗျားသေသေခြာခြာကြည့်လိုက်စမ်းပါ။
ဒီလိုသာဆိုရင် အားလုံးကိုယ်ကျိုးနဲရတော့မှာပါလား။
ခင်ဗျားဘေးမှာ စာတတ်တဲ့သူတွေရှိတယ်။ သူတို့ကို ဖတ်ခိုင်းပါ။ စာမတတ်ပေမယ့် လက်ရေးလှတဲ့လူတွေကြောင့် စာတတ်တဲ့လူတွေ နိုင်ငံခြားရောက် အဲအဲယောင်လို့ ဘေးရောက်ကုန်မှတော့ ကျုပ်မပြောချင်ဘူး။ တော်လှန်တဲ့လူတွေ သဘောပေါက်ကြပါတယ်၊ ကျုပ် ဘာကိုဆိုလိုသလဲဆိုတာ။
စစ်သားကြီးကို ကြောက်လို့ပါ
ခိုင်မာကျော်ဇော
ဇွန် ၁၈၊ ၂၀၀၉
အဖွားရယ်
နင်ဘယ်သွားသွား ချန်မထားနဲ့
နင်ဘယ်ပြေးပြေး ငါလိုက်ပြေးမယ်
နင်ငတ်သေလည်း ငါလိုက်သေမယ်
စစ်သားကြီးကို ငါကြောက်တယ်။
အဖွားရယ်
ငါတို့ အိမ်မှာ နေချင်ပါတယ်
ဒါပေမယ့်လည်း
မနေရဲဘူး။
စစ်သားကြီးကို ငါကြောက်တယ်။
ငါတို့ ပညာသင်ချင်ပါတယ်
ဒါပေမယ့်လည်း
ငါတို့ကျောင်းကို မသွားရဲဘူး။
စစ်သားကြီးကို ငါကြောက်တယ်။
ငါတို့တောင်ယာ မဝေးပါဘူး။
ဒါပေမယ့်လည်း
မသွားရဲဘူး။
စစ်သားကြီးကို ငါကြောက်တယ်။
ငါတို့ နွားကို သူဆွဲသွားတာ ငါမြင်ပါတယ်။
ဒါပေမယ့်လည်း
မပြောရဲဘူး
စစ်သားကြီးကို ငါကြောက်တယ်။
ငါ့မိဘကို သူနှိပ်စက်တာ ငါမြင်ပါတယ်။
ဒါပေမယ့်လည်း
မအော်ရဲဘူး
စစ်သားကြီးကို ငါကြောက်တယ်။
ငါ့မိဘကို သူတို့ သတ်တာ ငါမြင်ပါတယ်
ဒါပေမယ့်လည်း
မငိုရဲဘူး
စစ်သားကြီးကို ငါကြောက်တယ်။
ဟိုမှာ ဟိုမှာ
စစ်သားကြီးတွေ
သေနတ်တွေနဲ့
ငါတို့ရှိရာ လာနေကြပြီ
ငါ့ကို ချစ်ရင် ဖက်ထားပေးပါ
စစ်သားကြီးကို ကြောက်လို့ပါ
စစ်သားကြီးကို ကြောက်လို့ပါ
စစ်သားကြီးကို ကြောက်လို့ပါ။ ။
(ဇွန်လ ၁၅ရက်၊ ၂ဝဝ၉)
ကဗျာနှင့် ဓါတ်ပုံကို မိုးမခ သတင်းစဉ်မှ တိုက်ရိုက်ကူးယူဖေါ်ပြပါသည်။
မင်းစိုးစံ အဝေးရောက် ကရင်ဒုက္ခသည်တဦး
Monday, June 15, 2009
မြေဇာပင်အတွေး
ဓါတ်ပုံ KIC
အပါး ရှေ့တန်းက
ငါတို့DKBA တပ်သား
KNU ရဲ့ စခန်းအများအပြားကို
ထိန်းထားလိုက်ပြီ တဲ့။
အမိုးရေ သိပ်ဆိုးတဲ့ DKBA ကို
ပြည်သူချစ်တဲ့ ငါတို့ KNU က
အပြတ်ချေမှုန်းလိုက်လို့
ကျဆုံးဒါဏ်ရာ ရယုံမက
ထိုင်း ကတောင် ဖမ်းမိသတဲ့။
ဓါတ်ပုံ KIC
ဖေဖေ ဗမာသခင်တွေမှာထားခဲ့တဲ့
ကရင်အမျိုးပြုတ်ဘို့အရေး
သိပ်မဝေးတော့တာမို့
ပြတိုက်ထဲပို့မယ့် သားတို့ရဲ့အစီစဉ်အတွက်
ရောက်တဲ့အရပ်က သာဓုခေါ်ပါ။
မင်းစိုးစံ အဝေးရောက် ကရင်ဒုက္ခသည်တဦး
Saturday, June 13, 2009
ပုင်ပုင်.အှ်
ပြဿနာတရပ်ကို ဖြေရှင်းရာတွင် အပိုင်း (၂)
ပြဿနာတရပ်ကို ဖြေရှင်းရာတွင် အပိုင်း (၂)
ဒီနေ့ဖြစ်ပေါ်လာတဲ့ ဆရာကြီးသခက်ကိုယ်တော်မှိုင်းရဲ့ သေတမ်းစာနဲ့ပတ်သက်လို့ “သခင်ကိုယ်တော်မှိုင်းဟာ ကေအဲန်ယူနဲ့ ပြည်တွင်းစစ်ကို စေ့စပ်ဆွေးနွေးတဲ့နည်းနဲ့ ငြိမ်းချမ်းရေးရဖို့ ရပ်ခံခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လှည့်လည်
ရာမှာ မြစ်ဝကျွန်းပေါ်ကရင်များက အထူးကြည်ညိုလေးစားကြတယ်။ ကရင်ရွာများကို သွားရောက်ဟောပြောခဲ့တယ်။ သူ့မှာ တိုင်းရင်းသားလူမျိုး စုတွေအပေါ် အထင်သေးနှိမ်ချတဲ့စိတ်၊ ခွဲခြားဖိနှိပ်ချင်တဲ့စိတ် လုံးဝမရှိဘူး။ စိတ်သဘောထား အင်မတန်နူးညံ့ သူဖြစ်တယ်။ ... ဆရာကြီးကွယ်လွန်ချိန်အထိ ကျနော်တောက်လျှောက် အနီးကပ်နေခဲ့တာ၊ ကျနော့်လက်ပေါ် မှာပဲ ဆုံးသွားတာဖြစ်တဲ့အတွက် ဒီလိုသေတမ်းစာဆိုတာမျိုး လုံးဝမရှိခဲ့ဘူးလို့ ကျနော်သေချာပြောရဲတယ်။
ဒါ့ အပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံမှာ၊ ဗုဒ္ဓဘာသာထုံးစံမှာ သေတမ်းစာ ဆိုတာလည်း မရှိပါဘူး”
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လှည့်လည်စည်းရုံးရာမှာ ကရင်အမျိုးသား နိုင်ငံရေးသမားတွေဖြစ်တဲ့ မန်းထွန်းရင်၊ မန်းကျော်အုံး၊ စောကျော်စိုး (အင်းစိန်)၊ စောကျော်စိန်၊ ဒေါက်တာ ဆင်ဖိုးတို့နဲ့တွဲခဲ့ပါတယ်။ စာလုံးအပြာလေးတွေကတော့ စောကျော်ခွိရဲ့ နားခိုရာ Blog ကနေကောက်နှုတ်ထားတာဖြစ်ပါတယ်။ အသေးစိပ်ကို သွားရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်
ပြဿနာကဒီိလိုဖြေရှင်းလိုက်ရုံနဲ့ ပြေလည်သွားပါ့မလားဆိုတာ မေးစရာဖြစ်လာပါတယ်။
ဘာကြောင့်လည်းဆိုတော့ ၁၉၉၈ တုန်းက အခြေနေအကြောင်းကြောင်းကြောင့် ကျုပ်တို့မဖြေ ရှင်းလိုက်နိုင်ခဲ့တဲ့ပြဿနာတရပ်ဟာ အခုဆိုရင် နောက်ထပ်အဆစ်ပါ ပါလာပြန်တယ်။
နောက်ထပ်အဆစ်ပါလာတာက ဘာလဲဆိုတော့ ကျုပ်စီကို e-mail နဲ့ မိတ်ဆွေတယောက် ပို့ပေးလိုက်တာလေးကို ဖတ်ကြည့်ကြပါ။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာကတော့ စာဖတ်သူတွေရဲ့ အဆုံးအဖြတ်သာဖြစ်ပါတယ်။
အောင်ဆန်း၏ နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံစည်းမျဉ်းဥပဒေများ
အပိုင်း (၁)
နိုင်ငံတော်အရေး ။ (က) ကရင်ပြည်ကို လုံးဝမပေးရ။
(ခ) အချက်အချာရှိသည့်နေရာမှာ ကရင်တွေကို အကြီးအကဲမထားရ။
(ဂ) အဆောက်အဦးရှိသည့်နေရာမှာ ကရင်တွေကို အကြီးအကဲမထားရ။
(ဃ) ကရင်လူမျိုးတွေကို သွေးနှောစနစ်လုပ်ရမည်။
အပိုင်း(၂)
နိုင်ငံတော်စစ်ရေး ။ ကရင်နီတောင်တန်းက အောင်ဆန်းကလူမှော် နောက်တမ်းမှတကယ်ဆော်မယ်။
ကြိုးစားဘို့တွေး မေ့လျှင် တို့ကြေလိမ့်မယ်။ တောင်မှန်လျှင် အလံတွေကို မိုး ချိုးအစကရှင်း။
အပိုင်း(၃)
နိုင်ငံတော်အုပ်ချုပ်ရေး
အခန်း(၁ - ၂)
အခန်း (၁) လက်ပြင်ကြ ပို့ ဆောင်ခန်း၊ ရင်နှီးစွာသွေးဆောင်။
အခန်း(၂) ဂေါရန် ခေါ် ဟိုတောင်ကြောက သောကော၍နေထိုင်၊ ရင်းနှီးစွာဘာသာနှောပြန်၊ နောက်အတည် ကျွန်ပြည်မည့်လိမ့်မည် လွှမ်းစေဘို့ တို့တန်ခိုး။
မဟာဗမာလူမျိုးကြီးအသိုင်းအ၀ိုင်း
(၁) အောင်ဆန်း
(၂) သခင်ကိုယ်တော်မှိုင်း
(၃) သခင်နု
(၄) သခင်တင်
(၅) သခင်ထွန်းအုပ်
(၆) သခင်ဗစိန်
(၇) သခင်ကျော်ဒွန်း
(၈) သခင်မြ
(၉) ဦးကျော်ငြိမ်း
(၁၀) ဦးဘဆွေ
(၁၁) ဗန်းမော်တင်အောင်
(၁၂) သခင်သန်းထွန်း
(၁၃) သခင်စိုး
ဝါဒပိုင်းဆိုင်ရာ ဦးဆောင်သူ
(၁) အောင်ဆန်း
(၂) ကိုယ်တော်မှိုင်း
(၃) သခင်နု
(၄) သခင်တင်
ဝါဒီပိုင်းဆိုင်ရာ ဦးဆောင်သူ
(၁) သခင်ထွန်းအုပ်
(၂) သခင်ဘစိန်
(၃) သခင်ကျော်ငြိမ်း
(၄) ဦးဘဆွေ
ကရင်အဆောက်အဦးတွေကို ဖြိုခွဲရန်ဦးဆောင်သူ
(၁) သခင်သန်းထွန်း အောင်ဆန်းပေးသောတာဝန်မှာ - ဗမာပြည်ကွန်မြူနစ်ပါတီ၊ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့  အစည်းထွက်လာလျှင် ၀ါးမျိုရေး (ပြည်ပအစိုးရ)
(၂) သခင်စိုး အောင်ဆန်းပေးသောတာဝန်မှာ - ဗမာပြည်အလံနီကွန်မြူနစ်ပါတီ၊ ဗြိတိသျှအစိုးရဖွဲ့ စည်းထားသည့် ကရင်တပ်မတော်ကို ဖျက်ဆီးပစ်ရမည် (သုတ်ဿာန်)
(၃) ဗန်းမော်တင်အောင် အောင်ဆန်းပေးသောတာဝန်မှာ - ကရင်တွေ နိုင်ငံရေးနားမလည်အောင် အတိုက်အခံလုပ် (ပမညတ) (ပြည်ထောင်စုမြန်မာနိုင်ငံညီညွတ်ရေးတပ်ပေါင်းစု)
(၃) သခင်နု အောင်ဆန်းပေးသောတာဝန်မှာ - ပြည်မအုပ်ချုပ်ရေး၊ လူမျိုးကြီးလူမျိုးငယ် ၀ါးမျိုရေးစနစ်၊ ကရင်အိုးအိမ် သေကြေဖျက်ဆီးရေး။
ဗမာခေါင်းဆောင်အကြီးအကဲ (၃) ဦး
(၁) အောင်ဆန်း
(၂) ဦးကျော်ငြိမ်း
(၃) သခင်နု
အောင်ဆန်းနှင့် ဦးနုတို့ အမြင် - ကျွန်တော်တို့ ခေတ်ကျရင် ကရင်တွေ လုံးဝမရှိစေရ၊ ကျွန်တော်တို့ ခေတ်မှာ ကရင်တွေ ရှိလို့ ရှိရင် နောက်နောင်လမည့် ဗမာသားသမီးရာတနာကောင်းလေးတွေဟာ ဘ၀တိုင်းဘ၀တိုင်းမှာ ကရင်တွေနဲ့ ဆက်တိုက်ရမှာဘဲ၊ အဲဒါကြောင့် မင်းတို့ (ဗမာတွေ) နားလည်ရမှာက ဒီပြည်မှာ ကရင်မရှိစေရ။
တဆက်တည်းမှာ ဦးကျော်ငြိမ်းက ကျူပင်ခုတ်ကျူငုတ်မကျန်၊ ကရင်မှန်လျှင် အဆိပ်သားကောင်မချန် လုပ်ငန်းအစီအစဉ်ကို ချမှတ်လုပ်ဆောင်ရန်။
ပြည်ထောင်စုရယ် မောင်ရင်နုရယ် ဆိုရှယ်လစ်ရယ် ဒင်းတို့ရဲ့ကျင့်ကြံပုံတွေ ယုတ်မာလွန်း လှတယ်
တာရှည်ဝါးရင် ကြာရှည်ခါးမယ်အရေခြုံများရယ် ဒင်းတို့နဲ့တစ်နယ်စီ တစ်ပြေစီဝေးဖို့ကွယ်
မွန်ကရင်တို့ ပအိုဝ်ပြည်နယ် ကော်သူးလေးမှာ သီးခြားတည်တော့မယ်။ ခေါင်းဆောင်အောင်ဆန်းတို့နဲ့တင်ထွတ်တို့ပါ သေကံကြုံရှာတယ်။
ကိုယ့်ဗမာကိုယ်ချင်းသတ်ကာ မင်းအာဏာ လုတဲ့ပါတီရယ် အော် ဖား ဖား ချင်း
ငါး ငါးချင်း မြိုစားတဲ့ကိန်း ဆိုက်ပေါ့ကွယ်
လူထုကိုလှည့်ဖျားကာ ချေးငွေ ဥစ္စာ ကိုယ်ကျိုးစီးပွားရှာကာ သန်းသန်း ကုဋေကျော်တယ်
ပုဒ်မ(၅)နဲ့ အမျိုးမျိုးဖိနှိပ်ချုပ်ချယ် ပါတီ ရန်ဖက်တွေက အသက်အန္တရယ် ချက်ချင်းတွေ့ပါတယ်
အော် အနီရောင် လွှမ်းတဲ့လက်ဝဲအစိုးရရယ် ကရင် မွန် ပအိုဝ်မျိုးတွေကိုကွယ် ကျူငုတ်မကျန်အောင် သတ်ချင်လွန်းလို့ရယ် ယုတ်မာပါပေတယ် စောဘဦးမှ ရွေးလို့သတ်လိုက်တယ်။ သေသူဇာနည်တွေကိုလေးစားပါလို့ရယ် သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် နေရောင်မပေါ်မီဝယ်
အမိုက်မှောင် ဒုက္ခတွေ့တယ် သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် စောဘဦးရဲ့လေးချက်မူဝယ်
တို့လက်နက်ကို အသက်ပေးလို့ရယ် တို့လက်နက်ကိုလိုချင်ရင်ကွယ်
ဟေ့ အသက်နဲ့လဲမယ်
ဟေ့ ကမ္ဘာက ထင်ရှားသိအောင် ထူထောင်ကာ ကော်သူးလေး ပြည်နယ်
တို့လူမျိုးတွေ ရှေးရိုးအစဉ်အလာ ကိုယ့်ဝါဒ ကိုယ်သိရအောင်
ကိုယ့်ကြမ္မာကိုယ်ဖန်တီးရတော့မယ်။
Thursday, June 11, 2009
ပြဿနာတရပ်ကို ဖြေရှင်းရာတွင် အပိုင်း(၁)
ကျုပ်တို့မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာအသေးအဖွဲလေးတွေဟာ တနေ့နေ့တချိန်ချိန်မှာ ကြီးမားတဲ့ အစိုင်အခဲဖြစ်လာပြီး တယောက်နဲ့တယောက် မျက်နှာခြင်းမဆိုင်ချင်လောက်အောင် ဖြစ်သွား တတ်ပါတယ်၊ ပိုဆိုးတာက နှစ်ပေါင်းကြာလာတဲ့အခါမှာ အဲဒီပြဿနာနဲ့တွဲလျှက် တခြားပြဿ နာတွေပါ အဖေါ်အဖြစ်နဲ့ပေါ်ပေါက်လာတတ်ပါသေးတယ်။
ကျုပ်အမြင်ကတော့ ပြဿနာတရပ်ကိုဖြေရှင်းတဲ့အခါမှာ သမိုင်းကြောင်းကို ကွယ်ဝှက်ထိန်ချန် ထားဘို့မလိုသလို စည်းလုံးညီညွတ်ရေးကို အဓိကထားတယ်ဆိုရင် တန်းတူရည်တူ ပွင့်ပွင့် လင်းလင်း ပြောဆိုဆွေးနွေးဘို့ အထူးလိုအပ်ပါတယ်။
ဒီသေတမ်းစာကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက တကယ်ရေးခဲ့တာ မှန်တယ်ဆိုရင်၊ ကျုပ် တို့ NLD တခုလုံးအနေနဲ့ ကျုပ်တို့ရုံးမှာချိတ်ဆွဲထားတဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဓါတ်ပုံတွေ၊ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံတွေကို ချက်ခြင်းဖြုတ်ပစ်ပြီး၊မြေမြှုတ်ပစ်မယ့်အပြင် တိုင်းရင်းသားတွေကို ကျုပ်တို့တောင်းပန်မယ်၊ အကယ်၍များ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ဒီသေတမ်းစာနဲ့ ပတ်သက်လို့ ခင်ဗျားတို့တိုင်းရင်းသားတွေက ကျုပ်တို့ကိုတောင်းပန်ရမယ်
ဆိုင်းမဆင့်ဗုံမဆင့် ကျုပ်လ္ဘက်ရည်ဆိုင်ထဲကို NLD/ LA ကလူသုံးယောက်ရောက်လာပြီး ကျုပ် ကိုပြောနေတာဖြစ်ပါတယ်။
ဒုက္ခသည်စခန်း မီးရှို့ခံရအပြီး နာကျည်းဘွယ်ရာမြင်ကွင်း ၁၉၉၈ခုနှစ်
အချိန်ကတော့ ၁၉၉၈ ခုနှစ်၊ နေရာကတော့ ဟွှေးကလုတ် ကရင်ဒုက္ခသည်စခန်း။(ကော်မူးရာ) (ဝမ်းခါစခန်း) နဲ့အင်မတန်နီးတဲ့စခန်းတခုဖြစ်ပါတယ်။ အင်မတန်နီးတဲ့အတွက်ကြောင့်ပဲလား မသိဘူး၊ ၁၉၉၈ ခုကတော့ဖြင့် ဒုတိယအကြိမ်မြောက် SPDC နဲ့ DKBA တို့ပူးပေါင်းပြီး ဒုက္ခ သည်စခန်းကို မီးရှို့ဖျက်ဆီးသွားတာခံလိုက်ရတဲ့ အချိန်ဖြစ်ပါတယ်။
ကျုပ်လ္ဘက်ရည်ဆိုင်နာမည်ကို မင်းစိုးစံလို့ ပေးထားပါတယ်။ ရပ်ကွက် ၇ မှာပါ။
SPDC နဲ့ DKBA တို့ မီးဝင်ရှို့တဲ့ နှစ်ကြိမ်စလုံး ရပ်ကွက် ၇ ဟာ၊လုံးဝမီးမလောင်လိုက်တဲ့ တခု တည်းသောရပ်ကွက်ဖြစ်ပါတယ်။
ဒီဒုက္ခသည်စခန်းမှာ ရပ်ကွက်စုစုပေါင်း ၁၁ ရပ်ကွက်ရှိပါတယ်။ စခန်းရဲ့ တည်နေပုံအနေအ ထားကတော့ ရပ်ကွက် ၁ကနေ ရပ်ကွက် ၅ အထိက တစုစုထားသလိုဖြစ်နေပြီး၊ ရပ်ကွက် ၆ ကတော့၊ ရပ်ကွက် ၅နဲ့ ကြားထဲမှာ ရေနုတ်မြောင်းလေးတခုခြားထားပါတယ်။
ရပ်ကွက် ၈ကနေ ရပ်ကွက် ၁၁ကတော့ အစုလေးတစုလိုဖြစ်နေပြီးတော့ ရပ်ကွက် ၇ကတော့ တသီးတခြားလေးဖြစ်နေပါတယ်။
မီးမလောင်တဲ့ရပ်ကွက်အတွက် မီးလောင်ခံရတဲ့ ရပ်ကွက်က ၀မ်းသာရမယ့်အစား ရပ်ကွက် ၇က၊DKBA ရပ်ကွက်လို့ပြောတဲ့အပြင်၊ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ကျုပ်ကို DKBA ကအရာရှိ ဆို ပြီးမကြားတကြားပြောတာလည်း ခံလိုက်ရသေး။
၁၉၉၆ ခုနှစ် DKBA မှ ဒုက္ခသည်များအား ပြန်လည်အခြေချ နေထိုင်ရန် ဖိအားပေးမှုအပေါ် သွားရောက်ညှိနှိုင်းစဉ်
ဘာကြောင့်ရပ်ကွက် ၇ မီးမလောင်ရတာလဲဆိုတာ ကျုပ်ပြောပြမယ်။
ပထမအချက်ကတော့ တခြားရပ်ကွက်တွေနဲ့ ရောနှောမနေပဲ သီးသန့်လေးဖြစ်နေတယ်။
ဒုတိယအချက်က မဲဆောက်ကို သွားတဲ့ကားလမ်းမနဲ့ နီးတယ်၊ ထိုင်းနယ်ခြားစောင့်တပ် (အောဆော်) လူဝင်လူထွက်စစ်ဆေးရေးဂိတ်ရှိတယ်။ ထိုင်းကျေးရွာဆေးပေးခန်းနဲ့ နီးတယ်။
တတိယအချက်က SPDC နဲ့ DKBA တို့ မီးလောင်တိုက်သွင်းမယ့် စာရင်းထဲမှာ ရပ်ကွက် ၇ကို တမင်တကာ ချန်ထားတာဖြစ်နိုင်တယ်။ ဘာကြောင့်ဆိုတာ စာရှုသူတို့ ကိုယ့်ဦးဏှောက် ကို နည်းနည်းအလုပ်ပေးကြည့်လိုက်ပါလား။
SPDC နဲ့ DKBAတွေလက်စွမ်းပြလိုက်ပုံက ပထမအကြိမ်တုန်းကတော့ မီးရှို့ရုံပဲ၊ နောက်တော့ လူပါသတ်ပြတယ်။
လက်နက်ထုတ်လုပ်ရောင်းချသော နိုင်ငံများအတွက် အစတေးခံ ကရင်ဒုက္ခသည်အမျိုးသမီးတဦး(ဟွှေးကလုတ် ဒုက္ခသည်စခန်းမှ နန်းမပိန်) ၁၉၉၈
လက်နက်ထုတ်လုပ်ရောင်းချသောနိုင်ငံများ၏စီးပွါးဖွံဖြိုးတိုးတက်ရေးအတွက် အစမ်းသပ်ခံ လူသားများအနက်မှ ကရင်အမျိုးသားတဦး
(ဟွှေးကလုပ်ဒုက္ခသည်စခန်းမှ မန်းဇေယျာ) ၁၉၉၈
သူတည်းတယောက် ကောင်းဘို့ရောက်မူ သူတယောက်မှာ ပျက်လင့်ကစာ ဓမ္မတာတည်း
ဆိုတဲ့ စာချိုးလေးအတိုင်း၊ DKBA တသိုက် ကောင်းစားဘို့အတွက် ကျုပ်တို့ ကရင်ဒုက္ခသည် တွေ မီးအလောင်ခံပြီးသေပေးခဲ့ရတဲ့ မမေ့နိုင်စရာ သမိုင်းမှတ်တိုင်လေးတခုပါ။
ထိုင်ကြပါဗျာ အေးအေးဆေးဆေးပေါ့၊ ဘာသောက်မှာလည်း ကော်ဖီလား၊လ္ဘက်ရည်လား
ကျုပ်က သူတို့ကို ထိုင်စရာတွေပြုပြင်ပေးလိုက်ပါတယ်။ သူတို့ဆိုင်ထဲရောက်လာတဲ့အချိန်က လ္ဘက်ရည်သောက်ချိန်တော့မဟုတ်ဘူး။
ကျုပ်လ္ဘက်ရည်ဆိုင်က စားပွဲခုံ ကုလားထိုင်တွေနဲ့မဟုတ်ဘူး။ ခုံတန်းရှည်တခုသာသာလောက် ကို အိမ်တိုင်နဲ့ဖြစ်ကတတ်စမ်း တွဲရိုက်ထားသလို ထိုင်ခုံကလည်း ခုံတန်းရှည်ရဲ့တဘက်တချက် မှာ မြေစိုက်ခုံတန်းလေးလုပ်ထားတာဖြစ်ပါတယ်။
ကျုပ်ဆိုင်မှာ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ အကြော်စုံ၊လ္ဘက်ရည်၊ကော်ဖီ၊ မုန့်မျိုးစုံ၊ ကွမ်းယာ၊ ဆေးလိပ်၊ ရေခဲသုပ်၊ ထိုင်းနိုင်ငံထုတ်အချိုရည်မျိုးစုံ၊လ္ဘက်သုပ်၊ဂျင်းသုပ် အဲဒါတွေရောင်းတာ။
ရိက္ခာထုတ်တဲ့အချိန်ဆိုရင် ကျုပ်ဆိုင်ကလူအရမ်းစည်တယ်။ ရိက္ခာထုတ်တဲ့သူ၊ အကြွေးရစရာ ရှိလို့ ဆန်၊ဆီ၊ပဲ စတာတွေကို သိမ်းဘို့စောင့်နေတဲ့ အတိုးချစားသူတွေ၊ ရိက္ခာကိုနှစ်ခါပြန်သုံးခါ ပြန်ထုတ်နေတဲ့သူတွေ၊ နားနားနေနေ စားသောက်သူတွေနဲ့ ကြက်ပျံမကျ ပေါ့ဗျာ။
သူတို့သုံးယောက်ရောက်လာတဲ့အချိန်က မွန်းလွဲပိုင်းဆိုတော့ လူရှင်းတယ်။
အဲဒီထဲက တယောက်သောသူက
ကျုပ်တို့အတွက် လ္ဘက်ရည်သုံးခွက်ပဲလုပ်ဗျာ၊ ကျန်တာဘာမှလုပ်မနေနဲ့တော့
ကျုပ်လ္ဘက်ရည်ကောင်းကောင်းဖျော်တတ်တယ်၊ မုန့်ဟင်းခါးကောင်းကောင်းချက်တတ်တယ်၊ အကြော်ကောင်းကောင်းကြော်တတ်တယ်၊ အရက်ကောင်းကောင်းချက်တတ်တယ်။ယုံရဲ့လား။ ဒါပေမယ့် ကျုပ်ရဲ့နည်းက ရေပေါ်ဆီတွေမကြိုက်တဲ့နည်းမျိုး။
မီးလောင်ပြင်အတွင်းမှ ပစ်ပယ်ခံခဲ့ရသည့် ပူလောင်လှသော ဒုက္ခသည်များ၏ဆန္ဒ
ကဲ ဆိုပါဦးဗျ ဘာတွေဖြစ်နေလို့လဲ
ကျုပ်က သူတို့ကိုမေးရင်း လ္ဘက်ရည်ခွက်တွေကို ချပေးလိုက်ပါတယ်။ တယောက်သောသူက
နောက်အပါတ် အစည်းအဝေးကျရင် သဘာပတိလုပ်သူကို တင်ပေးပါ၊ ဗမာ့အမျိုးသားခေါင်း ဆောင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ သေတမ်းစာ နဲ့ပတ်သက်လို့ ကျုပ်တို့ ရှင်းချင်တယ်။
မနေ့က အစည်းအဝေးလုပ်နေချိန်မှာ အခုလို စာရွက်တွေဝေတယ်ဆိုတာ ကျုပ်တို့ကို သက် သက်စော်ကားတာပဲ
ရပ်ကွက်မီးလောင်ပြင်ကနေတိုက်လာတဲ့ လေပူတချို့ ကျုပ်ဆိုင်ထဲကိုဝင်လာတယ်။ ကျုပ် တို့အဖွဲ့အစည်းအဝေးကို တပါတ်တခါ ပုံမှန်လုပ်ကြပါတယ်။ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်တွေကို အုပ်ချုပ်တဲ့သူတွေကြား ကွာဟမှုတွေကို ဘယ်လိုဖြေရှင်းပေးရမလဲဆိုတာ ညှိနှိုင်းအဖြေရှာတဲ့ အသင်းအဖွဲ့ဖြစ်ပါတယ်။
ဟုတ်ပါတယ် မနေ့က အစည်းအဝေးလုပ်နေတုန်း ကျုပ်တို့အဖွဲ့ဝင်တယောက်က အစည်းဝေး ထဲကလူတိုင်းကို တယောက်တစောင် ဝေသွားတာဖြစ်ပါတယ်။
ဒါနဲ့ ကျုပ်ကလည်း
ရပါတယ်၊ အချိန်မရွေးတင်ပေးပါ့မယ်၊ တခုတော့ရှိတာပေါ့၊ အခုဒီစာရွက်ကို ထုတ်တဲ့အဖွဲ့အ စည်းက ဘယ်အဖွဲ့အစည်းလည်းဆိုတာ စာကြောင်းတွေရဲ့အောက်မှာ ရှိနေတာဆိုတော့ အဲဒီ ကာယကံရှင်အဖွဲ့နဲ့ တိုက်ရိုက်ဆွေးနွေးမယ်ဆိုရင် ပိုကောင်းမလားမသိဘူး။ အခုအချိန်က စ ခန်းတခုလုံး ပြာပုံဖြစ်နေတဲ့အပြင် လူတွေလည်းအတော်ကလေး ပူပင်သောကတွေ ရောက်နေ ကြတာဆိုတော့၊ လတ်တလောအခက်အခဲကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အရင်ဆုံးဆွေးနွေးတာက ပိုလက်တွေ့ကျမယ်ထင်ပါတယ်။
ကျုပ်က အဲဒီလိုပြောလိုက်တော့ သူတို့ထဲက လူတယောက်က
ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ အဲဒီကိစ္စ အစည်းအဝေးမှာ တင်ဖြစ်အောင် ဆက်ဆက်တင်ပေးပါ
လ္ဘက်ရည်ဘိုးကျသင့်ငွေတွေကို ရှင်းပေးပြီးသူတို့အားလုံး ပြန်ထွက်သွားကြပါတယ်။
ကျုပ် တော်တော်ခေါင်းနပန်းကြီးသွားတယ်၊ အဖွဲ့လေးက ကိုယ့်နဲ့အနီးဆုံးမှာ လက်ရှိဖြစ်ပျက် နေတဲ့ပြဿနာတွေကို ဖြေရှင်းမယ်တောင်မကြံရသေးဘူး အဖွဲ့အတွင်းစိတ်ဝမ်းကွဲစေမယ့် အ နှောင့်ယှက်က ဝင်လာနေပြီမဟုတ်လား။
ရွှေ့ပြောင်းပေးရန် ခက်ခဲသဖြင့် ခြံစည်းရိုးခပ်၍ အကာကွယ်ပေးသည့် ထိုင်း ဌာနဆိုင်ရာ အာဏာပိုင်များ ၁၉၉၇
ထိုင်းအဆင့်မြင့်အရာရှိများနှင့် သီးသန့်တွေ့ဆုံဆွေးနွေးနေကြသည့် ဒုက္ခသည်လူကြီးများ ၁၉၉၇
အစည်းဝေးလုပ်မယ့် တရက်အလိုမှာတော့ သူတို့ထဲကလူတယောက် ရောက်လာပြီး
ကျုပ်တို့ ပြောခဲ့တဲ့စကားကို ကျုပ်တို့ပြန်ရုပ်သိမ်းပါတယ်၊ မနက်ဖြန်အစည်းအဝေးမှာ အဲဒီကိစ္စ ကို မတင်ပါနဲ့တော့
နောက်နေ့အစည်းအဝေးမှာတော့ ဗမာ့အမျိုးသားခေါင်းဆောင်ကြီး ဆရာသခင်ကိုယ်တော်မှိုင်း ရဲ့ သေတမ်းစာကိစ္စဟာ ဘာမှမဖြစ်သလိုဖြစ်ခဲ့ပေမယ့် ဟော ဆယ်နှစ်ကျော်လာတဲ့ ဒီနေ့မှာ တော့ ပြန်ပြီးခေါင်းထောင်လာပြန်ပါပြီ။
ဘာကြောင့်လို့ထင်ပါသလဲ။
ပြဿနာတရပ်ကိုဖြေရှင်းတဲ့အခါမှာ စနစ်ကျရုံတင်မက၊ ပြဿနာရဲ့အရင်းအမြစ်ကို သေသေ ခြာခြာရှာပြီး ဖြေရှင်းဘို့လိုအပ်ပါတယ်။ အဲဒီလိုပဲ ပြဿနာတရပ်ကို အဖြေရှာတဲ့အခါမှာ နည်းလမ်းတခုတည်း ရှိတာမဟုတ်သလို၊ အဖြေဆိုတာကလည်း တခုတည်းနဲ့မလုံလောက်ပါဘူး။
အဓိကဖြေရှင်းရမယ့်ပြဿနာကို မဖြေရှင်းနိုင်သမျှ၊ ဘယ်လိုပြဿနာမျိုးမဆို တနေ့နေ့တချိန် ချိန်မှာပြန်ပေါ်လာတတ်တာပါပဲ။
ဒုတိယပိုင်းတွင်ဆက်လက်ဖေါ်ပြပါဦးမည်။
Wednesday, June 10, 2009
Australia တွင်ပြုလုပ်မည့် ဒုက္ခသည်များနေ့အား ကြိုဆိုခြင်း
ဗမာနယ်စပ်နှင့်ထိုင်းနယ်စပ်တွင် ပထမဦးဆုံးပြုလုပ်ခဲ့သည့် ဒုက္ခသည်များအတွက် ဆုတောင်းပွဲအခန်အနား
Australia က ကရင့်ယဉ်ကျေးမှု မောင်မယ်အပေါင်းတို့ခင်ဗျား ဒုက္ခသည်ဘ၀ဆိုတာ အင်မ တန်ကိုဆိုးဝါးတဲ့ ဘ၀ဖြစ်ပါတယ်။ သင်တို့ရဲ့အက ကိုအားပေးကြည့်ရှုတဲ့လူတွေဟာ သင်တို့ရဲ့ ရိုးရာယဉ်ကျေးမှုကို ယဉ်ကျေးမှုလို့နားမလည်ပဲ ဖျော်ဖြေရေးလို့သတ်မှတ်ထားကြတဲ့အတွက် သူတို့ရဲ့လက်ခုပ်သံတွေဟာ နယ်စပ်မှာပြေးလွှားရင်း သေနတ်ဒါဏ်ယာနဲ့ ငိုညည်းနေတဲ့ ဒုက္ခ သည်တယောက်ရဲ့ ငိုညည်းသံထက်သာယာတယ်ဆိုရင်၊ သူတို့ရဲ့လက်ခုပ်သံတွေဟာ ဗမာစစ် အစိုးရက ဒုက္ခသည်တွေကိုပစ်လိုက်တဲ့ သေနတ်သံတွေထက်သာယာတယ်ဆိုရင် ကလိုက် စမ်းပါဗျာ။
ဒုက္ခသည်တွေရဲ့ကိုယ်စား ကျုပ် မျက်ရည်ကြားကနေအားပေးနေပါ့မယ်။
Australia နိုင်ငံကိုရောက်နေကြတဲ့ ထိုင်းနိုင်ငံ ကန်ချနပ်ဘူရီ မနီလွိုင် မြန်မာကျောင်းသားများ စခန်းမှာ ဒုံးကခဲ့ဘူးတဲ့ သားသား မီးမီး တို့ရေ၊ မင်းတို့ကို ဒုံးအကသင်ပေးလိုက်တာဟာ ကရင့် ယဉ်ကျေးမှုကို ဖေါ်ထုတ်မြှင့်တင်ထိန်းသိမ်းဘို့ပါ၊ ရေပေါ်ဆီတွေ အပျင်းပြေရေးအတွက် ပျော် တော်ဆက်ဘို့မဟုတ်ပါ ဘူးကွယ်။ Australia မှာလုပ်မယ့် ဒုက္ခသည်များနေ့မှာ မင်းတို့ကပြရမယ်ဆိုရင် လုံးဝမကကြပါနဲ့။
လူကြီးတွေက မင်းတို့ကလို့ရတဲ့ငွေနဲ့ ဒုက္ခသည်ကိုကူညီမှာပါလို့ပြောလာရင် တခြားနေ့ရက် အခန်းအနားမျိုးမှာ ကလို့ရတဲ့ငွေနဲ့ ဒုက္ခသည်တွေကိုကူညီမယ်၊ ဒုက္ခသည်နေ့မှာတော့ မကပါရစေနဲ့လို့လူကြီးတွေ နားလည် လက်ခံနိုင်အောင် ပြန်ပြောလိုက်ကြပါကွယ်။
မှတ်တမ်းဓါတ်ပုံ စသန်းမြင့်
အရှေ့ပိုးကရင်စာပေနှင့် ယဉ်ကျေးမှုဖေါ်ထုတ်မြှင့်တင်ထိန်းသိမ်းရေးကော်မီတီ
မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)
Tuesday, June 9, 2009
ဖါးဒေ့နှင့်ဖါ့ယား တို့၏ စကားဝိုင်း
ဖါးဒေ့နှင့်ဖါ့ယား တို့၏ စကားဝိုင်း
ထိုင်းမြန်မာနယ်စပ် ဆေးခန်းတခုတွင်ဖြစ်သည်။
ဖါးဒေ့ ဟေ့ မင်းကိုငါတွေ့ဘူးသလိုလိုပဲ၊ မင်းဖါ့ယားမဟုတ်လား။
ဖါ့ယား တူပါတယ်လို့ ကြည့်နေတာ မင်း ဖါးဒေ့မဟုတ်လား။
ဖါးဒေ့ ဟုတ်တယ် ငါ ဖါးဒေ့ပါ၊ မင်းနဲ့ငါ ရွှေကုက္ကိုလ်မှာလုပ်တဲ့ ပထမဆုံး ချည်ဖြူဖွဲ့ပွဲကတည်းက မတွေ့ဖြစ်ခဲ့တာ၊ အခု မင်းဘာလုပ်နေသလဲ၊ ဘယ်မှာနေသလဲ၊
ဖါ့ယား ငါအခု ရွာကနေပြေးလာပြီး၊ သဲစက်မှာ ကလေးတွေကိုစာသင်ပေးနေတာ၊ ငှက်ဖျား လို့ပြောတာနဲ့ ဆေးရုံကိုရောက်လာတာပဲ။ မင်းအခြေနေကကောဘယ်လိုလဲ။
ဖါးဒေ့- အခြေအနေကကောင်းတယ်လို့ဘဲပြောရမှာပေါ့ကွာ၊နို့မို့ဆိုရင်မင်းနဲ့တောင် ဆုံဖြစ်မယ် မထင်တော့ဘူး ဆေးထိုးအပ်ရာတွေလဲငါ့တင်ပါးတစ်ခုလုံး ပျားသလက်ထက်ဆိုးနေပြီးကွ။
ဖါ့ယား-ဟါးဟါးဟါး နပ်စ် မတွေလက်သံပြောင်လှချည်လါး ဒါနဲ့  မင်းကရောဒီမှာဘာလာလုပ် တာလဲ မင်းကိုကြည့်ရတာကျန်းမာနေတဲ့ပုံဘဲ။
ဖါးဒေ့-ဟုတ်တယ် ငါဘာမှမဖြစ်ပါဘူး ငါနဲ့အတူပြေးလာတဲ့သူငယ်ချင်း ဒီမှာဆေးရုံတင်ထား တာလေ သူ့ကိုလာကြည့်ရင်းစားစရာလေးနဲနဲယူလာပေးတာ။
ဖါ့ယား - ဒါနဲ့ စကားမစပ်မင်းဒို့ အတူပြေးလာတယ်ဆိုတော့ မင်းတို့ကဘာအမှုတွေ ကျူးလွန် လာကြလို့လဲ။
ဖါးဒေ့- ဘယ်ကလာအမှုတွေကျူးလွန်ရမှာလဲကွာ ကိုယ့်ဟာကိုယ်အေးအေးလူလူ လယ်လုပ် နေရင်း အမှုကကိုယ့်စီသူ့ဟာသူလာတက်နေတာ။
ဖ့ါယား- ဒါဆိုမင်းတို့က ကောင်စီခေတ်တုန်းကလူတွေလို စပါးဒိုင်ဖိုးမကြေလို့လား။
ဖါးဒေ့- ဘယ်ကလာဟုတ်ရမှာလဲကွာ၊ စပါးဒိုင်သွင်းရမယ့်ကိစ္စလောက်ဘဲဆိုရင် ကိုယ့်ရွာက ဥက္ကဌကိုအရက်နှစ်ပုလင်းလောက် လဒ်ပေးပြီးဧကလျှော့ခိုင်းလိုက်ယုံဘဲ။
ဖါ့ယား- ဒါဆိုဘာဖြစ်လို့ လဲလင်းစမ်းပါဦး။
ဖါးဒေ့-အဖြစ်ကဒီလိုဟေ့ လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းကငါတို့ရွာမှာ နယ်ခြားစောင့်စစ်သား တိုးချဲ့ဘို့ထင်ပါရဲ့  ဒီကေဘီအေခေါင်းဆောင်တွေရောက်လာကြပြီး တပ်သားသစ်လာကောက် တာ ငါတို့ ရွာကလူငယ်လူရွယ်တွေဘယ်သူမှမလုပ်ချင်ကြတာနဲ့  ငှားပေးရမယ်ဆိုပြီး ငွေအ မြောက်အများတောင်းတော့ရွာက မပေးနိုင်တာနဲ့  အတင်းလာဖမ်းမယ်ဆိုတဲ့သတင်းကြားလို့ ငါတို့လဲတစ်ချိုးတည်းလစ်လာခဲ့ရတာ။
ဖါ့ယား အေးကွာ ငါတို့ကရင်တွေကလည်း ဍေဟ်တ်ုကိုဝ်ဍေဟ် အင်းထါင် ယးတ်ုကိုဝ်ယး အင်း ထါင် လုပ်နေတာနဲ့ပဲ၊ ရှေ့ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ငါတော့မတွေးရဲလောက်အောင် ဖြစ်နေပြီ။
ဖါးဒေ့- မတွေးရဲလည်းတွေးရမှာပဲ၊ အခုတိုက်ပွဲတွေက အကြီးအကျယ်ဆိုပဲ၊ မင်း ဘယ်လိုမြင် သလဲ၊ ဗမာစစ်အစိုးရကတော့ ယာလည်းညက်စေ၊ကြက်လည်းပမ်းစေ ဆိုတဲ့ စကားပုံအတိုင်း လုပ်နေတာကွ။ ကြက်ဘ၀ရောက်နေတဲ့ကရင်ကတော့ အချင်းချင်း ခွပ်လို့ကောင်းတုန်းပဲ။
ဖါ့ယား- DKBAနဲ့နအဖတွေပေါင်းပြီးKNUကိုအပြုတ်တိုက်မယ်လို့ကြုံးဝါးနေကြတယ်
တကယ်ဘဲသူတို့ထင်သလိုဖြစ်လာနိုင်ပါ့မလား အခြေအနေကိုနည်းနည်းလေးသုံးသပ်ပြပါဦး။
ဖါးဒေ့- ကျုပ်ဥာဏ်မှီသလောက်ပြောရရင်တော့ မပြုတ်နိုင်ဘူးလို့ရဲရဲကြီးပြောရဲတယ်ဘာဖြစ် လို့လဲဆိုတော့ နအဖဘဲဖြစ်ဖြစ် ဒီကေဘီအေဘဲဖြစ်ဖြစ်သူတို့တတွေအားလုံးဟာကရင်ပြည်သူ တွေကို အခုလိုအနိုင်ကျင့်ဖိနှိပ်မှုတွေပြုလုပ်နေသေးသမျှ KNU ဘက်က တစ်ဗိုလ်ကျတစ်ဗိုလ် တက်စနစ်နဲ့တိုက်ပွဲဝင်နေဦးမှာဘဲ၊လောလောဆယ် KNUကစစ်ရေးအရကြီးကြီးမားမားတုန့်ပြန် မှုတွေမလုပ်နိုင်သေးပေမယ့် နိုင်ငံရေးအရအားသာမှုတွေရှိနေတဲ့အတွက် ကရင်အမျိုးသားအ ချင်းချင်းပြန်သတ်ခိုင်းတဲ့ကိစ္စကို ကြာလာရင်DKBAအတွင်းပိုင်းမှာတင် လက်သင့်မခံနိုင်တဲ့ အထက်အောက်မကြေနပ်မှုကြောင့် ရှုပ်ထွေးမှုတွေသေခြာပေါက် ပေါ်လာပါလိမ့်မယ်။ ဒီကိစ္စဟာ ကမ္ဘာ့ပြည်သူတစ်ရပ်လုံးက ကျေနပ်နိုင်တာမဟုတ်တော့ပြည်သူ့ချဉ်ဖတ်ဖြစ်ပြီး နအဖလိုဘဲကရင်ပြည်သူတွေအပြင် မြန်မာပြည်ကတိုင်းရင်းသားအားလုံးနဲ့တကမ္ဘာလုံးက ၀ိုင်းဝန်းဒါဏ်ခတ်တာကိုခံရမှာအသေအခြာပဲ၊ နအဖကဘာဖြစ်လို့KNUကိုအလောတကြီးအ ပြုတ်တိုက်ချင်နေရတာလဲ။
ဖါ့ယား ကျုပ်အမြင်ကတော့၊ရှင်းနေတာပဲ ကရင်တွေကို ပြတိုက်ထဲထည့်ပစ်မယ်ဆိုတာ၊ အဲဒါ ကို အကောင်အထည်ဖေါ်နေတာဟေ့၊ ဖါးဒေ့ပြောသလို DKBA ထဲမှာအထက်အောက်မကြေ နပ်မှုဖြစ်ရုံတင်မက ကိုယ့်လူမျိုးအတွက် ဘာမှလုပ်လို့မရတော့ပါလားဆိုတဲ့အမြင်တွေမြင်လို့ ပဲဖြစ်ဖြစ်၊၂၀၁၀ ရွေးကောက် ပွဲအပြီးမှာ နအဖ ကတော့သူ့အစီစဉ်အတိုင်းDKBA ကိုလည်ပင်း ညှစ်မှာတော့ အသေအခြာပဲ၊ အဲဒီလိုဖြစ်လာရင် DKBA ထိပ်ပိုင်းခေါင်းဆောင်အချို့က သူတို့ စည်းစိမ်ဥစ္စာအတွက်လည်ပင်းအညှစ်ခံနိုင်ပေမယ့် အရာရှိငယ်အချို့နဲ့တပ်သားတွေကတော့ ထိပ်ပိုင်းခေါင်းဆောင်တွေကို အစာမကြေတဲ့နောက် စောစောတုန်းက အဖုအထစ်လေးတွေ ဟာ ကြီးမားတဲ့အစိုင်အခဲဖြစ်လာပြီး တော်လှန်ရေးလုပ်မယ်ဆိုရင် အခုလိုအလွယ်တကူ ပြန်ဝင်လာလို့ မရအောင်၊ စကားအကုန်ပြောရရင်တော့ တော်လှန်ရေး ပြန်မလုပ်နိုင်အောင် ရည်ရွယ်တာဖြစ်သလို၊ နောက်တခုက ဗမာနိုင်ငံနဲ့ထိုင်းနိုင်ငံစစ်ဖြစ်ရင် အမေရိကန်ကထိုင်း ဘက်ကနေ၀င်တိုက်မှာဆိုတော့ DKBA တွေကို နယ်ခြားစောင့်တပ်ပဲကွာ ဘာညာဆိုပြီး ငြိမ်းချမ်းရေးအရသာကို အရင်ဆုံးမြည်းခိုင်းမှာပေါ့ဗျာ။
ပျဉ်းမနားက သူတို့တပ်မတော်ဆိုလား နိုင်ငံတော်ဆိုလား အဲဒီလူတွေ လွတ်ရာကျွတ်ရာပြေး နိုင်ဘို့အတွက် သစ္စာရှိကရင်အဖြစ် သောင်ရင်းချောင်းတလျှောက်၊ဒေါနတောင်တန်းတ လျှောက် ခွေးသေ၀က်သေ သေပြကြပါလိမ့်မယ်။ အော် ဟေ့ဟိုမှာ ဆရာမမိချို မင်းကိုလှမ်း ခေါ်နေပြီ သွားတော့၊ ငါလည်းဆေးသောက်ပြီး ခဏလောက်မှိန်းလိုက်ဦးမယ်။
ဖါ့ယား (ငါး)
ဖါးဒေ့ (ဖါး)
ထူးချွန်ဆုပေးအပ်ပွဲ အခန်းအနားကျင်းပခြင်း
အနာဂါတ်မျိုးဆက်သစ်တို့၏ ပညာရေးကို မြှင့်တင်သောအားဖြင့် မင်ဏီဆိုးတား ပြည်နယ် စိန့်ပေါမြို့တွင် ကျောင်းပေါင်းစုံမှ အထူးချွန်ဆုံးကျောင်းသားကျောင်းသူ များအား ဂုဏ်ပြုလက်မှတ်ချီးမြှင့်သည့်အခန်းနားတရပ်ကို June 6, 2009 နေ့၌ ကျင်းပပြုလုပ်သွားခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုအခန်းနားအား Vietnamese Social Services of Minnesota မှဦးဆောင် ကျင်းပခြင်းဖြစ်ပြီး ၎င်းတို့၏ ရုံးဆိုက်ရာဖြစ်သော အမှတ်1159 University Avenue တွင်ကျင်းပခြင်းဖြစ်ရာ Roseville Area Middle School တွင် နိုင်ငံအသီးသီးမှ ဒုက္ခသည်အဖြစ်ရောက်ရှိအခြေချနေထိုင်ကာ ပညာသင်ကြား လျှက်ရှိသည့် ကျောင်းသားကျောင်းသူများအနက် ကရင်ကျောင်းသူ နန်းဝါးဝါး အပါအ၀င် ကျောင်းသားငါးဦး ဂုဏ်ပြုလက်မှတ်ရရှိကြောင်း သတင်းရရှိပါသည်။
နန်းဝါးဝါးသည် အမေရိကန်ပြည်ထောင်စုသို့ လွန်ခဲ့သည့် ၂၀၀၈ခုနှစ်တွင် မိသား စုများနှင့်အတူ စတင်ရောက်ရှိအခြေချနေထိုင်သည့်အားလျှော်စွာ သက်ဆိုင်ရာ နိုင်ငံ၏ ဘာသာစကားကို ရေးဘတ်ပြောဆိုရာတွင်အားနည်းသော်လည်းသင်ခန်း စာများကို ကြိုးစားသင်ယူလေ့ကျက်ယုံမျှမက၊ အတန်းသူအတန်းသားများနှင့် ဆက်ဆံ ပြောဆိုရာတွင်၎င်း၊ဆရာဆရာမတို့နှင့်ပြောဆိုဆက်ဆံရာတွင်၎င်း ပြေပြစ်ယဉ်ကျေးသောကြောင့် အဆိုပါဆုလက်မှတ်အားချီးမြှင့်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Sunday, June 7, 2009
အစွန်းရောက်အာဏာရူး မဟာဝါဒသမားများသို့
အစွန်းရောက်အာဏာရူး မဟာဝါဒသမားများသို့
ကျုပ်တို့အားလုံးရဲ့ လက်တဘက်စီမှာ
လက်ချောင်း ငါးချောင်းစီရှိတယ်။
အတိုအရှည် အရွယ်အစား
မတူကွဲပြားနေပေမယ့်
ရက်လနှစ်မြောက်များစွာ
ခြားနားတဲ့သူတို့အားနဲ့
ကျုပ်တို့ရဲ့ မြေကွက်လပ်အတွင်း
သရဖီ ဂန့်ဂေါ် သော်က စပယ်
မြတ်လေး ခတ္တာ ပန်းများစွာအတွက်
ပေါင်းသင်မြက်နှုတ် အားစုံထုတ်ခဲ့လို့
အဆင်းကုံလုံတဲ့ ပန်းယဂုံမှာ
အရောင်အသွေးစုံစွာ
ယနံ့အဖုံဖုံ ထုံဖြာရင်း
အပွင့်ခြင်းဆိုင် အလှခြင်းပြိုင်နေကြတယ်။
မတူတဲ့အဆင်း မညီတဲ့အရွက်
ခြားနားတဲ့အပွင့် ဆန့်ကျင်ဘက်အနံ့
ကွဲပြားတဲ့အရောင် ဖြစ်လာရတာဆိုတဲ့
အာဏာရူး မဟာအစွန်းရောက်သမားတွေရဲ့
ပေါခြာခြာ အူကြောင် အတွေးအခေါ်တွေနဲ့
ကျုပ်တို့လက်ချောင်းရဲ့ အတိုအရှည်အရွယ်အစား
တသားတည်းကျအောင်
ဖြတ်တောက်နှောင်တည်း ကြတ်စီး ခံရတာကြောင့်။
ရွက်ခြောက်တွေ ဗရပွနဲ့
ရောင်စုံတဲ့ပန်းတွေ ကြွေရရှာသလို
အပင်တွေခြောက်သရောင်း ထနေတဲ့အတွက်
ယနံ့သင်းခဲ့တဲ့ ကျုပ်တို့ခြံဝင်းတခုလုံး
ဖုန်းဆိုးမြေက မီးစာဘ၀ရောက်ရပြီ။ ။
Tuesday, June 2, 2009
ဆုလက်မှတ်ပေးအပ်ချီးမြှင့်သည့် အခန်းအနားကျင်းပခြင်း
အခန်းအနားကျင်းပသည့် အဆောက်အဦးအား အဝေးမှမြင်တွေ့ရစဉ်
ထိုအခန်းအနားအား စိန့်ပေါမြို့ရှိ Xcel energy center အဆောက်အဦးအတွင်း ည ၈း၀၀နာရီမှစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး Harding High School မှ ကျောင်းသားကျောင်းသူစုစုပေါင်း ၃၈၄ဦးဆုလက်မှတ်များ တက်ရောက်ရယူသွားကြကြောင်းသတင်းရရှိပါသည်။
အဆိုပါကျောင်းသူကျောင်းသား၃၈၄ဦးအတွင်း ကရင်ကျောင်းသား ၃ဦးလည်း ပါဝင်ကြောင်းနှင့် ထိုကျောင်းသားများ၏ အမည်များမှာ Saw Pa Hah, Shar Paung Shoo နှင့် Dah Poe တို့ဖြစ်ကြောင်းသိရှိရပါသည်။
အခန်းအနားစတင်စဉ်မြင်တွေ့ရသည့် မြင်ကွင်း
လွန်ခဲ့သည့် ၂၀၀၆ခုနှစ် ဂျွန်လ ၁၄ရက်နေ့တွင်လည်း ဖေါ်ပြပါ အဆောက်အဦး ၌ ယခုကယ့်သို့ပင် ဆုလက်မှတ်ပေးအပ်သည့်အခန်းအနားသို့ Harding High School မှ ကရင်ကျောင်းသူ ၂ဦးဖြစ်သည့် Kyon Par Shoo နှင့် Aye Aye Than တို့လည်းတက်ရောက်ရယူခဲ့ကြကြောင်းသိရှိရပါသည်။
ဆုလက်မှတ်များ တက်ရောက်ရယူနေကြစဉ်
ကရင်သတင်းရပ်ကွက်များ၏ အဆိုအရ လာမည့် ၂၀၁၂ ခုနှစ်တွင် အဆိုပါ Harding High School မှ ကရင်ကျောင်းသားကျောင်းသူအနည်းဆုံး ၅ဦးခန့် တက္ကသိုလ်ဝင်တန်း ဆုလက်မှတ်များရယူနိုင်ကြလိမ့်မည်ဟု ခန့်မှန်းလျှက်ရှိ ကြောင်းသတင်းရရှိပါသည်။ အဆိုပါအခန်းအနားသို့ ကျောင်းသူကျောင်းသားများ၊ကျောင်းဆရာဆရာမများ၊ ကျောင်းသားမိဘများ အပါအ၀င်စုစုပေါင်းလူဦးရည် ၃၂၀၀ ခန့်တက်ရောက်လာကြောင်း သတင်းရရှိပါသည်။
သတင်းရေးသားပေးပို့သူ ဖူ့ယောင်ဟဲ့ (USA)
ဓါတ်ပုံသတင်း စ၀်ထေါဟ်တွါ် (USA)
Monday, June 1, 2009
နာမည်တပ်ပြီး မပြောပါဘူး
ကျုပ်ကိုယ်ကျုပ် တော်လှန်ရေးသမားလား၊ နိုင်ငံရေးသမားလား၊ ဘာသာရေးသမားလား၊ စာ သမားလား၊ ကဗျာသမားလား၊ ဝေဘန်ရေးသမားလား၊ ပညာရေးသမားလား၊ ဓါတ်ပုံသမား လား၊ သတင်းသမားလား ဆိုတာ တွေးကြည့်နေမိတယ်။
တော်လှန်ရေးလုပ်သလားမေးရင် လုပ်တယ်။ နိုင်ငံရေးလုပ်လားမေးရင် လုပ်တယ်။ ဘာသာ ရေးလုပ်လားမေးရင် လုပ်တယ်။ စာရေးလားမေးရင် ရေးတယ်။ ကဗျာရေးလားမေးရင် ရေး တယ်။ ဝေဘန်ရေးလုပ်လားမေးရင် လုပ်တယ်။ ပညာရေးလုပ်လားမေးရင် လုပ်တယ်။ ဓါတ်ပုံ ရိုက်လားမေးရင် ရိုက်တယ်။ သတင်းရေးတာ သတင်းယူတာလုပ်လားမေးရင် လုပ်တယ်။
သမား လားဆိုတော့ မဟုတ်ဘူး။
သမားဆိုတဲ့ ဂုဏ်က၊ အဓိပ္ပါယ်က အရမ်းလေးနက်တယ်။ တာဝန်လည်းကြီးတယ်။ သမားဆိုတဲ့ ကြီးမားလေးလံတဲ့ ဂုဏ်ပုဒ်ကို ယူထားတဲ့ပုဂ္ဂိုလ်တွေ(လေးစားအားကိုးထိုက်သူ) အားလုံးကို ကျုပ်အကြီးအကျယ်ကိုလေးစားတယ်။
သမားဆိုတာ အရာရာတိုင်း၌အထူးနားလည်တတ်ကြွမ်း၍ ထူးချွန်ပြောင်မြောက်မှုဖြင့် မှန်ကန် ကောင်းမွန်စွာအကျိုး ဆောင်သူလို့ ကျုပ်နားလည်ထားတယ်။ (ကျုပ်နားလည်မှု လွဲနေရင်ပြင် ပေးပါ) ဒါကလည်း ကျုပ်ဦးဏှောက် ကောင်းကောင်းမဖွံ့ဖြိုးသေးခင်တုန်းက ကြားနာသင်ယူခဲ့ရတဲ့ သွန်သင်မှုတွေကို ဦးဏှောက်ကအခုထက်ထိ လက်ခံထားနေလို့လည်း ဖြစ်နိုင်ပါတယ်။
ကျုပ်တို့ငယ်ငယ်တုန်းက ဆရာကို ဆြာ (ဆလိမ်ယယစ်ရေးချ) လို့ရေးတယ်ဗျ။ ကျုပ်အလယ်တန်းကိုရောက်တော့ ဆြာ လို့မရေးတော့ပဲ ဆရာ (ဆလိမ်ရေဆ ရကောက်ရေး ချ ရာ) ဆိုပြီးဖြစ်လာတယ်။ ကျုပ်က ကျုပ်အတန်းပိုင်ဆရာကို မေးလိုက်တယ်။
အဲဒီတုန်းက ကျုပ် ရွှေနတ်တောင် အထက်တန်းကျောင်းမှာ အလယ်တန်း၊ ကျုပ်အတန်းပိုင် ဆရာက မွန်အမျိုးသား၊ သူရှင်းပြတာက တွေးဆတဲ့နေရာမှာ၊ ရာတဲ့နေရာတွေမှာ ကိုယ့်ထက် ပိုတော်တဲ့လူ၊ ပိုမှန်တဲ့လူကို ဆရာလို့ခေါ်တယ်၊ဒါကြောင့်ဆြာအစား ဆရာလို့ပြောင်းရေးတာ။
ကျုပ်က ထပ်မေးလိုက်သေးတယ် ဒါဆိုရင် သူငယ်တန်းသင်ပုန်းကြီးဖတ်စာထဲက ခဏခဏ၊ လာသာလာပါ၊ ဆရာသမား၊ ပထမထား၊ ဆိုတဲ့ အထဲက ဆရာသမားဆိုတာကကော ဘယ်လို အဓိပ္ပါယ်လဲ လို့မေးတော့၊ ကျုပ်ဆရာက ဆရာသမားဆိုတာ ဆရာ့ရဲ့ ဆရာ၊ ဆရာထက်တော် တဲ့ ပုဂ္ဂိုလ်ကို ခေါ်တာဖြစ်တယ်။ (အရင်တုန်းက ဆရာတွေက နာသုံးနာနဲ့ဆရာလုပ်နေတာ)
ထားလိုက်ပါလေ။ ဒါကတော့ ကြာလည်းအတော်လေးကို ကြာခဲ့ပြီး၊ ခပ်ဝေးဝေးမှာ ကျန်ရစ်ခဲ့ ပါပြီ။ ကျုပ်စဉ်းစားနေတာက သမားဆိုတဲ့ အသုံးအနှုံးလေးပါ။
တော်လှန်ရေးသမားဆိုရင် တော်လှန်ရေးနဲ့ပတ်သက်တဲ့ အရာတိုင်းကိုအထူးနားလည်တတ် ကြွမ်းပြီး ထူးချွန်ပြောင်မြောက်စွာနဲ့ မှန်မှန်ကန်ကန်အကျိုးပြုတဲ့လူမျိုးဖြစ်ရပါတယ်။
အဲဒီလိုပဲ ဘာသာရေးသမား၊ နိုင်ငံရေးသမား၊ သတင်းသမား၊ ကဗျာသမား၊ ဓါတ်ပုံသမား၊ ဝေ ဘန်ရေးသမား စသည်ဖြင့် ကိုယ့်ကိုယ်ကို သမားလို့ခံယူထားသူတွေ၊ ကိုယ်ခံယူထားတဲ့ ဂုဏ် ပုဒ်ကို ခိုင်ခိုင်မာမာနဲ့ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ထားဘို့ အထူးလိုအပ်ပါတယ်။
သတင်းသမားတယောက်အနေနဲ့ သတင်းတခုသွားယူမယ် ဆိုပါတော့။
အဲဒီသတင်းက လတ်တလော တဘက်ရန်သူကိုတန်ပြန်ထိုးနှက်နိုင်တဲ့ သတင်းတပုဒ်ဖြစ် အောင် ဒါမှမဟုတ် ကိုယ့်ကို မမှန်မကန်ပြောဆိုထားတာတွေကိုချေပဘို့ ဘယ်လိုလုပ်တင်ပြရ မလဲဆိုတာ သတင်းသမားမှန်ရင် သဘောပေါက်ရပါတယ်။ ဆောင်ရန်ရှောင်ရန်တွေပေါ့။
တော်လှန်ရေးသမားတယောက်အနေနဲ့ သတင်းဌာနတခုခုကို သတင်းပေးမယ်ဆိုပါစို့။
အဲဒီသတင်းက လတ်တလော တဘက်ရန်သူကိုတန်ပြန်ထိုးနှက်နိုင်တဲ့ သတင်းတပုဒ်ဖြစ် အောင် ဒါမှမဟုတ် ကိုယ့်ကို မမှန်မကန်ပြောဆိုထားတာတွေကိုချေပဘို့ ဘယ်လိုသတင်းပေးရ မလဲဆိုတာ တော်လှန်ရေးသမားမှန်ရင် သဘောပေါက်ရပါတယ်။ ဆောင်ရန်ရှောင်ရန်တွေပေါ့။
ကရင်တယောက်စီက ဗမာသတင်းသမားက သတင်းယူမယ်ဆိုရင်ဖြစ်ဖြစ်၊ ဗမာတယောက်စီ က ကရင်သတင်းသမားက သတင်းယူမယ်ဆိုရင်ဖြစ်ဖြစ်၊ ကြားမှာစကားပြန်လေးထားကြပါ။
ဘာသာစကားမကြွမ်းကျင်မှုကြောင့် ပြင်ရမလွယ်တဲ့ကြီးမားတဲ့ အမှားအယွင်းတွေကြုံရတတ်ပါ တယ်။
ဗမာက ကရင်စကားမတတ်လို့ပဲဖြစ်ဖြစ်၊ ကရင်က ဗမာစကားမတတ်လို့ပဲဖြစ်ဖြစ်၊ စကားပြန်နဲ့ ဘာသာပြန်တယ်ဆိုစေဦး၊ အသေအခြာ တည်းဖြတ်ရပါသေးတယ်။ (ရုပ်သံ)
ဗမာလို မတတ်တခေါက်ပြောတတ်တဲ့ ကရင်တယောက်စီက ရလာတဲ့သတင်းကို ဘာမှတည်း ဖြတ်မနေပဲတင်တဲ့သတင်းဆိုရင် ဒီသတင်းတင်တဲ့သူဟာ သတင်းသမားဆိုရင် သူ့သတင်းဟာ ဗမာစစ်အစိုးရကို တနည်းမဟုတ်တနည်း ကျောထောက်နောက်ခံပြုနေသလို ဒီမိုကရေစီနဲ့လူ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတွေအတွက် နောက်ကျောက မမြင်ရတဲ့ဓါးဖြစ်ပါတယ်။
အဲဒီတော့ကာ ကရင်တွေ သတင်းဌာနကို(အင်္ဂလိပ်၊ ဗမာ၊ ထိုင်း၊ ဂျပန်၊ ဂျာမဏီ၊ ပြင်သစ်) သတင်း ပေးချင်သပ ဆိုရင် သက်ဆိုင်ရာဘာသာစကားကြွမ်းကျင်တဲ့ စကားပြန်ကိုသုံးကြပါ။
တရုတ်သမ္မတတောင်မှ စကားပြန်နဲ့ပြောနေသေးတာပဲ၊ ရှက်စရာမလိုပါဘူး၊ မမှားဘို့အရေးကြီးတယ်။
အေး ဘယ်သူတွေမှားတယ်ဆိုတာကိုတော့ နာမည်တပ်ပြီး ပြောမနေတော့ဘူး ငါမမှားပဲနဲ့ ငါ့ကိုပြောနေတာများလား မသိဘူးဆိုပြီး မှန်တဲ့သူတွေက မလုံမလဲ မဖြစ်ကြနဲ့။
မှားတဲ့အထဲမှာ ငါပါနေတယ်ဆိုရင်တော့ ငါ့ကိုပြောတယ်လို့မှတ်။
အနီရောင်စာလုံးတွေကို http;//kyawtheinkha.blogspot.com ကနေ ကူးယူဖေါ်ပြထားတာပါ။
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)