+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, December 3, 2010

HIV/AIDS ဂေဟာအလှူကြောင့် အနုပညာရှင်တချို့ ယာယီပိတ်ပင်ခံရ

HIV/AIDS ဂေဟာအလှူကြောင့် အနုပညာရှင်တချို့ ယာယီပိတ်ပင်ခံရ

By သင်းသီရိ
သောကြာ, 03 ဒီဇင်ဘာ 2010

NLD လူမှုထောက်ကူပြုအဖွဲ့က လူငယ်တွေဖွင့်လှစ်ထားတဲ့ HIV/AIDS ဝေဒနာရှင် ကူညီစောင့်ရှောက်ရေး ဂေဟာကို သွားခဲ့ကြတဲ့ အနုပညာရှင်တချို့ရဲ့ အနုပညာလုပ်ငန်းတွေကို MRTV 4 ရုပ်သံဌာနအနေနဲ့ ခေတ္တရပ်ဆိုင်းထားဖို့အတွက် ပြန်ကြားရေးဌာနက ညွန်ကြားထားပါတယ်။ ဒါပေမဲ့ ကာယကံရှင်တွေကို တိုက်ရိုက် အသိပေးအကြောင်းကြားတာမျိုးတော့ ခုချိန်ထိ မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က တောင်ဒဂုံမှာရှိတဲ့ HIV/AIDS ဝေနာရှင်တွေ ကူညီရေးဂေဟာမှာ နေထိုင်ကြတဲ့ ဝေဒနာရှင်တွေကို အလှုဒါနပြုခဲ့ကြတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးထုတ်လုပ်ရေး အစီအစဉ်တွေ ရှိမယ်ဆိုရင် ခေတ္တရပ်ဆိုင်းထားဖို့ ပြန်ကြားရေးဌာနက MRTV 4 ရုပ်သံဌာနကို ညွန်ကြားထားပါတယ်။ အဲဒီကနေတဆင့် ပြန်ကြားရေးဝန်ကြီး ဌာနအောက်မှာရှိတဲ့ FM ရေဒီယိုအပါအ၀င် အချင်းချင်း နှုတ်နဲ့သတိပေးတဲ့ သဘောမျိုးဖြစ်ပြီး တရားဝင် စာရွက်စာတမ်းနဲ့ ညွန်ကြားချက် ထွက်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီသတင်းက ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက်ကတည်းက အတော်လေး ပျံ့နှံ့နေခဲ့ပြီး အခုတော့ MRTV 4 ကို ခေါ်ပြီး သတိပေးတာ တွေ့ရတယ်လို့ ယာယီ ဟန့်တားခံရတဲ့ စာရင်းထဲမှာပါနေသူတဦး ဖြစ်တဲ့ ရုပ်ရှင်ဒါရိုက်တာ ချိုတူးဇော်က ပြောပါတယ်။

“တိတိကျကျကြီး စာနဲ့ပေနဲ့လို့တော့ မကြားဘူးဗျာ။ MRTV 4 မှာ သူတို့ program တွေ၊ အင်တာဗျူးတွေကို သက်ဆိုင်တဲ့ အနုပညာသမားတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှမလုပ်ဖို့။ သူတို့ personal ညွှန်ကြားတယ်လို့ကြားတယ်။ ဒါကတော့ ထုံးစံပဲဗျာ။ အရင်လုပ်ခဲ့တာ ကိုမေတ္တာတို့၊ ကိုကျော်သူ တို့တုန်းကလည်း စာနဲ့ပေနဲ့တော့ သူတို့က ထုတ်တာမဟုတ်ဘူး။ နုတ်နဲ့ပဲ ညွှန်ကြားတာမျိုးတွေ လုပ်တတ်တယ်ဗျ။ အခုလည်း အဲဒီလိုပဲဗျ။ ဒါပေမဲ့ အခုဟာက ကျနော်တို့ကြားတာကတော့ အင်တာဗျူးတို့၊ program တို့ကို မလုပ်ဖို့ ညွှန်ကြားထားတယ်လို့ပဲ၊ ဒါက တဆင့်စကား တဆင့်နားနဲ့ကြားတာပါ။”

ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ ဦးဆောင်ပြီး အဆိုတော် ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ သံသာဝင်း၊ ကျားပေါက် စာရေးဆရာမ သန်းမြင့်အောင်၊ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ တေးရေးဆရာ ကိုရဲလွင် တို့ဟာ လူနာရှင်တွေကို အကျွေးအမွေးနဲ့ အလှူအတန်းတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး ဒီအလှူကို မသွားဖြစ်ကြတဲ့ ဒါရိုက်တာ ချိုတူးဇော်နဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) တို့ရဲ့ နံမည်တွေလည်း စာရင်းထဲမှာ ပါဝင်နေပါတယ်။ ဒါပေမဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ကတော့ သူရဲ့ အငြိမ့်ခွေနဲ့ ပတ်သက်ပြီး အခုလို ခေတ္တရပ်နားခံရတာ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။

အခုလို သတင်းတွေထွက်လာပေမဲ့ ကာယကံရှင်တွေ ဖြစ်ကြတဲ့ အနုပညာရှင်တွေဆီကို တိုက်ရိုက် အကြောင်းကြားတာ မရှိသေးသလို ခုချိန်ထိတော့ သူတို့ရဲ့ အနုပညာလုပ်ငန်းတွေ ဟန့်တားခံရတာ၊ ရပ်တန့်သွားတာမျိုး မရှိဘူးလို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

“အခုထက်ထိတော့ ကျနော်တို့ကို တိတိကျကျပေါ့နော်၊ တာဝန်ရှိတဲ့တစုံတယောက်က ဖုန်းနဲ့သော်လည်းကောင်း၊ စာတွေဘာတွေ ထုတ်ပြီးတော့သော်လည်းကောင်း အကြောင်းကြားတာ အခုထိတော့ မရှိသေးဘူးခင်ဗျ။ သူများတွေ ပြောနေတာကို ကျနော်တို့လည်း သူများတွေလိုပဲ ကြားနေတဲ့ဟာပဲ ရှိတာပေါ့။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ ဒါ စတုဒီသာကျွေးကြတဲ့လ၊ အဲဒီမှာ ကျနော်တို့သွားပြီးတော့ စတုဒီသာသဘောမျိုး ဒံပေါက်ကျွေးတယ်။ ပြီးတော့ အနုပညာ ချွေးနည်းစာနဲ့ ကျနော်တို့ ရှာဖွေထားတဲ့ ဟာတွေထဲကနေ ကျနော်တို့ ဒီလိုပဲ ဖဲ့ပြီးတော့ ဒီဝေဒနာသည်တွေကို လှူဒါန်းတဲ့အတွက် မလုပ်ရတော့ဘူးဆိုတဲ့အထိ ဖြစ်လာလိမ့်မယ်လို့ ကျနော်တော့ လုံးဝ မထင်ပါဘူး။”

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဖြစ်ပါတယ်။ အခြား အနုပညာရှင်တွေကိုလည်း ဆက်သွယ် မေးမြန်းကြည့်တဲ့အခါမှာတော့ သူတို့ကို အသိပေး အကြောင်းကြားတာမရှိဘူးလို့ ပြောသလို စာပေစိစစ်ရေးကိုလည်း တရားဝင် ညွှန်ကြားချက် မထွက်သေးပါဘူး။ တကယ်တော့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အနေနဲ့ အလှူအတန်းပြုတာဟာ အပြစ်ဖြစ်စရာတခု မဖြစ်ပေမဲ့ ဒီဂေဟာကို ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်သွားရောက် အားပေးခဲ့တဲ့နေရာဖြစ်သလို လူနာတွေကိုလည်း အကူအညီပေးကြဖို့အတွက် မေတ္တာရပ်ခံထားတာမိုလို့ နောက်ထပ် အနုပညာရှင်တွေက ဒီလုပ်ငန်းတွေ အပေါ်မှာ အာရုံစိုက်လာမှုတွေ မဖြစ်လာအောင်၊ စိတ်ဝင်စားမှုတွေ မများလာအောင်လို့ ဟန့်တားခြိမ်းခြောက်တဲ့သဘောမျိုး ဖြစ်မယ်လို့လည်း သုံးသပ်ကြပါတယ်။

“တကယ်ကို စိတ်ထဲက နှစ်နှစ်ကာကာနဲ့ ယုံယုံကြည်ကြည်နဲ့လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့သူတွေ အဖို့ကတော့ ဒါ ဘယ်သူ့မှကို ထည့်စဉ်းစားကြမှာမဟုတ်ပါဘူး။ ကိုယ့်ယုံကြည်ချက် အတိုင်းပဲ လုပ်ကြမှာပဲ။ ယုံကြည်ချက် ပြင်းထန်တဲ့သူတွေအတွက်ကတော့လေ ဘယ်သူ့အတွက်မှာ စဉ်းစားဖြစ်မှာ မဟုတ်ဘူး။ သူတို့ယုံကြည်ချက်အတိုင်း ဆက်သွားကြမယ်လို့ ကျနော် ထင်ပါတယ်။”

ဒါရိုက်တာ ချိုတူးဇော် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နံမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူကိုလည်း သူ့ရဲ့ လူမှုရေးလုပ်ငန်းတွေကြောင့် အနုပညာလုပ်ငန်းတွေ ရပ်ဆိုင်းထားခံရတာရှိသလို နံမည်ကြီးသရုပ်ဆောင် ကိုမေတ္တာ ဆိုရင်လည်း ခေတ္တယာယီ ရပ်ဆိုင်းခံရတဲ့ အခြေအနေမျိုးတွေ ကြုံခဲ့ရပါတယ်။ ဒီလိုပါပဲ မြန်မာ့စာပေလောကထဲမှာဆိုရင်လည်း စာရေးသားခွင့်တွေ ပိတ်ပင်ခံထားရတဲ့ အနုပညာရှင်တွေ အများအပြား ရှိပါတယ်။



Find this article at:
http://www.voanews.com/burmese/news/Burma-HIV-AIDS-NLD-artists-12-03-10-111262299.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, December 2, 2010

ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး ရေလမ်း စစ်အစိုးရ ပိတ်


ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး ရေလမ်း စစ်အစိုးရ ပိတ်

By နိုင်ကွန်းအိန်
ကြာသပတေး, 02 ဒီဇင်ဘာ 2010

စစ်အစိုးရတပ်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့အသွင်ကို လက်မခံတဲ့ DKBA တပ်ကြားမှာ အခုဆိုရင် စစ်ရေးအရ တိုက်ခိုက်မှုတွေ တိုးလာနေပါတယ်။ ကရင်ပြည်နယ် ဘုရားသုံးဆူ ဒေသဘက်မှာ ဒီလို တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေကြောင့် မိုးတွင်းအချိန် တခုတည်းမှာ အားကိုးစရာ တခုတည်းသာဖြစ်တဲ့ ရေကြောင်းလမ်းကို စစ်အစိုးရဘက်က ပိတ်ပင်ထားတယ်လို့လည်း ဆိုပါတယ်။ ဒီလို ရေကြောင်းလမ်း ပိတ်ပင်ခဲ့တဲ့အတွက် ပညာရေး၊ ကျန်းမာရေး ကိစ္စတွေမှာ သွားလာရေး ခက်ခဲသွားသလို ခရီးသွား ကုန်သည်တွေ အတွက်လည်း ထိခိုက်နစ်နာမှုတွေ ရှိနေတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ စစ်အစိုးရနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ကို လက်မခံတဲ့ DKBA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရေး လုံခြုံရေးအရ ဒီဇင်ဘာလဆန်းမှာ ရေလမ်း ခရီးသွားလာမှုကို ပိတ်ပင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို ရေကြောင်းလမ်း ပိတ်ပင်ခဲ့တာဟာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အမိန့်အရ ဘုရားသုံးဆူ နယ်မြေခံ စစ်ကြောင်းမှူးကိုယ်တိုင် ကြီးကြပ်နေရတယ်လို့ နယ်မြေခံတဦးက အခုလို ပြောပါတယ်။

“ချောင်းဆုံနဲ့ ကြာအင်းဆိပ်ကြီး ရေလမ်းကတော့ ၈းဝ၀ နာရီ အချိန်မှာ ပိတ်ခံရတယ်။ ပိတ်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ စက်လှေဂိတ် တာဝန်ခံကို ကျနော်မေးကြည့်တော့ သူတို့က အတိအကျတော့ မသိရဘူးပေါ့၊ ဘာကိစ္စလဲ၊ သူတို့ကပြောတာ စစ်ရေးစစ်ရာ ကိစ္စပဲ၊ အခုပိတ်ရတာ၊ အဲဒါ တိုင်းက တိုက်ရိုက်ညွှန်ကြားတော့ တခြားသော အကြောင်းအရာတော့ ဘာမှမသိရဘူး။ ချောင်းဆုံမှာရှိတဲ့ စက်လှေက ကြာအင်းဆိပ်ကြီးဘက်ကို ဆင်းလို့မရဘူး။ ကြာအင်းဆိပ်ကြီးမှာရှိတဲ့ စက်လှေကို ချောင်းဆုံကို တက်လာလို့ မရဘူး။ အဲဒါ စစ်ကြောင်းမှူး ကိုယ်တိုင်ကနေ ချောင်းဆုံမှာ ထိုင်ပြီးတော့ စောင့်ရတယ်၊ ပိတ်ထားရတယ်ပေါ့။”

အခုလို ရာသီမှာ ဘုရားသုံးဆူနဲ့ သံဖြူဇရပ်မြို့ကို သွားတဲ့ ကားလမ်း မပေါက်သေးတဲ့အတွက် ခရီးသည်တွေ အနေနဲ့ သွားလာရေးအတွက် ရေကြောင်းလမ်းကိုသာ အမှီသဟဲ ပြုနေရပါတယ်။ အခုလို ရေကြောင်းလမ်း ပိတ်ပင်ခဲ့တဲ့အပေါ် KNU ခေါ် ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်မဟာ ၆ က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး စောထဲနေကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ အခုလို ပြောပါတယ်။

“ဒီ ဘုရားသုံးဆူမှာ DKBA ဝင်ပစ်ပြီးတော့ ဌာနေနယ်မြေ ရှင်းလင်းတယ်ပေါ့။ ဇမိချောင်း အနောက်ဘက်ခြမ်းကျတော့ ၄၀၅ စစ်ကြောင်း ၂ ရှင်းရတယ်။ ဇမိချောင်း အရှေ့ဘက်ခြမ်းကျတော့ ခမရ ၄၀၆ စစ်ကြောင်း ၁-၂ က ရှင်းပေးရတယ်။ အဲဒီရှင်းတဲ့နေရာမှာ ရွာသား ဒါးပလက်ကိုလည်း ပစ်သတ်တယ်ပေါ့၊ မဲတဗွီးလမ်းခွမှာ။ ဒီ ဘုရားသုံးဆူမှာရှိတဲ့ လူထုတွေ စားနပ်ရိက္ခာတွေကျတော့ ထိခိုက်တာပေါ့။ ပြီးရင် ကုန်သည်တွေ အပေါ်မှာတော့ ထိခိုက်တာပေါ့။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့တုန်းက DKBA နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်အစိုးရဘက်က ထိခိုက်ကျဆုံးမှု ရှိခဲ့တဲ့အပေါ် တန်ပြန်ပိတ်ဆို့တဲ့ အနေနဲ့ ပြုလုပ်ခဲ့တယ်လို့လည်း သက်ဆိုင်ရာ လှေဂိတ်တာဝန်ခံ တဦးက ပြောပါတယ်။ ဒီတိုက်ပွဲမှာ စစ်အစိုးရဘက်က ထိခိုက်မှု များပြားခဲ့တာကြောင့် မဲတဗွီးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ရွာသား ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ဘုရားသုံးဆူမြို့မှာ ဆေးဝါးကုသမှု ခံနေရတယ်လို့လည်း စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အခုဆိုရင် ခရီးသွားလာရေးအတွက် တခုတည်းသော အမှီပြုစရာ ရေကြောင်းလမ်းကို ပိတ်ပင်ခဲ့လို့ ပြည်သူတွေအတွက် ထိခိုက်မှုတွေ ရှိနေတယ်လို့ ဘုရားသုံးဆူမြို့ခံ ကျန်းမာရေး ဝန်ထမ်းတဦးက အခုလို ပြောပါတယ်။

“ပိတ်ထားတဲ့ အခါကျရင် အဲဒီမှာ တချို့လူတွေ ပြန်ရခက်တာပေါ့။ အဲဒီရွာကလူတွေ နေထိုင်မကောင်းတဲ့ အခါကျရင် လာဖို့ ခက်တယ်ပေါ့၊ လှေလမ်းပိတ်တော့။ ကျန်းမာရေးအရ ဆေးရုံ ဆေးခန်းနဲ့ ကမန်းကတန်း လာဖို့က သွားလာလို့ မရဘူး။ အဲ ကျောင်းသားတွေ အခြေအနေကတော့ သွားလာလို့မရ၊ မလွယ်ကူတဲ့ အခြေအနေမှာ ရှိတယ်။ ကုန်သည်တွေလည်း ပြန်ကြမယ်လေ၊ သူတို့ ပစ္စည်းလာပို့တဲ့ကုန်တွေ ဘာမှမယူပြန်ကြဘူး။ ဒီလိုပဲ လှေတွေ တိုက်ရိုက် အလွတ်ဆင်းမယ်ပေါ့။”

ဘုရားသုံးဆူမြို့ကို သွားလာဖို့ကြတော့ နွေပိုင်းမှာဆိုရင် မော်တော်ကားလမ်းကို အဓိက အားထားနေရပြီး မိုးတွင်းပိုင်းမှာဆိုရင် ရေကြောင်းလမ်းကိုပဲ အားထားနေရပါတယ်။ အခုလို နယ်ခြားစောင့်တပ် အသွင်ကို လက်မခံတဲ့ ဗိုလ်မှူးကြီး စောနော်တရာ ဦးစီးတဲ့ DKBA တပ်တွေကို လိုက်လံ ထိုးစစ်ဆင်တဲ့ အခြေအနေကြောင့် ခရီးသွားလာရေးကို ပိတ်ပင်ခဲ့တဲ့အတွက် ဘုရားသုံးဆူမြို့ နယ်မြေခံတွေနဲ့ ခရီးသည်တွေ၊ ကုန်သည်တွေအတွက် ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။

အခုဆိုရင် မြန်မာစစ်အစိုးရတပ်တွေ အနေနဲ့ တပ်ရင်း ၅ ရင်းကို ဖြန့်ကြက်ထားပြီး DKBA နဲ့ KNU တပ်ဖွဲ့တွေကို ထိုးစစ်ဆင်နေတာကြောင့် ဒေသခံ ပြည်သူတွေအတွက် လုံခြုံရေးအရ အာမခံချက် မရှိတဲ့ အနေအထားမှာ ရှိနေတယ်လို့ နယ်စပ် စစ်ရေး အကဲခတ်သူတွေကနေ ပြောဆိုသုံးသပ်မှုတွေလည်း ရှိနေပါတယ်။


Find this article at:
http://www.voanews.com/burmese/news/dkba-myanmar-army-three-pagoda-pass-111195049.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဒီအိမ်ကိုဘယ်လိုပြင်ရပါ့


ဒီအိမ်ကိုဘယ်လိုပြင်ရပါ့

Written by နီမင်းဆွေ

အောင်မြင်နေတဲ့ ယောက်ျားတစ်ယောက်ရဲ့ နောက်ကွယ်မှာ သိပ်တော်တဲ့ မိန်းမတစ်ယောက် ရှိတယ်တဲ့။ အဲဒီလို အောင်မြင်နေတဲ့ ယောက်ျားတစ်ယောက် အောက်ကို ကျွမ်းစိုက်ကျသွားတဲ့ အချိန်မှာလည်း သူ့နောက်ကွယ်မှာဒုတိယ မိန်းမတစ်ယောက် ရှိနေတတ်တယ်တဲ့။အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး ပညာရှိတွေ ပြောခဲ့ကြတဲ့ စကားတွေထဲက ရေပန်းစားတဲ့ အဆိုအမိန့် တစ်ခုပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး လူတွေပြောခဲ့ကြတဲ့ အဆိုအမိန့်တွေဟာ ကမ္ဘာပေါ်မှာ တော်တော်များပါတယ်။ စစ်နဲ့ ပတ်သက်ပြီး ပြောခဲ့ကြတဲ့ အဆိုအမိန့်တွေနဲ့ နှိုင်းစာမယ်ဆိုရင် အရေအတွက်အားဖြင့် နင်လားငါလားပါပဲ။ ဘယ်သူကမှ သိပ်ပြီး သိသိသာသာ ပိုများမယ် မထင်ပါဘူး။ ပညာရှိတွေကလည်း အိမ်ထောင်ရေး စစ်ရေးနဲ့ အချစ်အကြောင်းတွေကိုပဲ တော်တော်များများ ပြောခဲ့ကြဟန် တူပါတယ်။ ဒါ့ကြောင့် ဒီသုံးခုဟာ လူသားတွေအပေါ်မှာ အလွှမ်းမိုးဆုံးလို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ပြောခဲ့ကြတဲ့ စကားတွေထဲမှာ ဒဿနတွေ အများကြီး ပါလေ့ရှိပါတယ်။ စစ်နဲ့ပတ်သက်ပြီး ပြောခဲ့ကြတဲ့ အဆိုအမိန့်တွေထဲမှာတော့ ကြေကွဲစရာ သံဝေဂရစရာ သင်ခန်းစာ ယူစရာတွေနဲ့ ပြည့်လျှမ်းနေတတ်ပြီး၊ အချစ်နဲ့ပတ်သက်ပြီး ပြောကြတာတွေထဲမှာတော့ အကုန်လုံးနီးပါး စိတ်ဓာတ်တက်ကြွစရာ တွေချည်းပါပဲ။ တစ်ခါတလေ ကဗျာတွေတောင်မှ ပါလာလိုက်သေး။

အဲဒီလို ပညာရှိ သုခမိန်တွေ ပြောခဲ့ကြတဲ့ အဆိုအမိန့် မျိုးစုံထဲမှာတော့ ခုနကပြောခဲ့တဲ့ အဆိုအမိန့်လေးကို ကြိုက်တဲ့လူ တော်တော်များ ပါတယ်။ မှန်သင့်သလောက်လည်း မှန်နေတာကိုး။ ဇနီးဖြစ်သူဟာ ခင်ပွန်းသည်ရဲ့အနားမှာ အစဉ်သဖြင့် ရှိနေတတ်တာ ဆိုတော့ ခင်ပွန်းသည်ရဲ့ အားနည်းချက်နဲ့ အားသာချက်တွေကို သူသာအသိဆုံး ဖြစ်တယ်။ ဒါ့ကြောင့် ခင်ပွန်းသည်ကို အထောက်အကူ ပေးချင်တယ်ဆိုရင် သူ့ထက်ပိုပြီး အထောက်အကူ ပေးနိုင်မယ့်လူ ရှိနိုင်မယ် မထင်ဘူး။ ဒါပေမယ့် ဒါကလည်း ခင်ပွန်းသည်ရဲ့ ဘ၀ရှေ့ရေးကို စိတ်ဝင်တစား ရှိပါဦးပါမှ။ စိတ်ဝင်စားမယ် ဆိုရင်တော့ ဒါလုပ်ဖို့ သိပ်ခက်မှာ မဟုတ်ပါဘူး။ ခင်ပွန်းသည်ကို စိတ်ဝင်စားပြီး အကင်းပါးတဲ့ မိန်းမတွေဟာ ယောက်ျားဖြစ်သူ အကြောင်း အူသိမ်ချေးခါး မကျန်အောင် သိနေတတ်ကြပေမယ့် ယောက်ျားတွေကျတော့ မိန်းမတွေအကြောင်း ကောင်းကောင်းမသိကြတာ များတယ်။
အိမ်ထောင်ပြုတဲ့ နေရာမှာ အချိန်ယူ လေ့လာစဉ်းစားပြီးမှ ပြုကြတဲ့ လူတွေရှိသလို မျက်စိကို စုံမှိတ်ပြီး ခလုတ်ကို ဆွဲချခဲ့ကြသူတွေလည်း လောကကြီးမှာနည်းမှာ မဟုတ်ပါဘူး။ ဘ၀ကြင်ဖော်ကို စိန်ရွေးသလို မှန်ဘီလူးနဲ့ သေချာကြည့်ပြီးမှ ရွေးခဲ့ရွေးခဲ့၊ မျက်စိစုံမှိတ်ပြီး ခလုတ်ကိုပဲ ဆွဲချခဲ့ဆွဲချခဲ့၊ အိမ်ထောင်ကျပြီးတဲ့ အခါမှာတော့ ကိုယ်ထင်သလို ကိုယ့်စိတ်တိုင်းကျ ဖြစ်မလာတာပဲ များမှာပါ။ ဒါဟာ ဓမ္မတာပါပဲ။

တစ်ခါတုန်းက ဦးကြီးက 'ဦးကြီးလည်း အခု အသက် ၈၀ ကျော်နေပြီ အိမ်ထောင်သက်လည်း ၆၀ ကျော်ပြီ၊ ဒါပေမယ့် အခုအချိန်ထိ မင့်ဒေါ်ဒေါ်ကြီးရဲ့ စိတ်နေသဘောထားကို သေသေချာချာ အကုန်မသိသေးဘူးကွ'လို့ ပြောခဲ့ဖူးပါတယ်။ နိုင်ငံတ ကာမှာ ရှိကြတဲ့ ယောက်ျားတွေလည်း ကိုယ့်ဆီမှာလိုပဲ ဖြစ်မယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပုံတစ်ပုဒ်ကို ကြားဖူးလို့ပါ။ အဲဒါကတော့ တစ်ခါတုန်းက သူတော်စင်တစ်ပါးဟာ စိတ်ကောင်းစေတနာရှိပြီး ရိုးသားတဲ့ ယောက်ျားတစ်ယောက် ရှေ့မှာ ကိုယ်ထင်လာပြပြီး လိုရာဆုတစ်ဆုကို တောင်းခိုင်းပါတယ်။ အဲဒီယောက်ျားရဲ့ ဇနီးက ဟာဝိုင်ယီမှာနေပြီး သူကတော့ ဆန်ဖရန်စစ္စကိုမှာ နေရသူမို့ ဇနီးသည် ရှိရာကို ကားနဲ့မောင်းပြန်လို့ရအောင် ဟာဝိုင်ယီနဲ့ ဆန်ဖရန်စစ္စကို အကြားကို တံတားထိုးပေးပါလို့ သူတော်စင်ကြီးကို ပူဆာသတဲ့။ ဒီကိစ္စဟာ မဖြစ်နိုင်ဘူးတော့ မဟုတ်ဘူး။ ဒါပေမယ့် အကွာအဝေးက အဖြောင့်တိုင်းမိုင် ၂၅၀၀ ရှိပြီး ပင်လယ်ရေအနက်က တချို့နေရာတွေမှာ ၄ ကီလိုမီတာတောင် ရှိတာဆိုတော့ တံတားတိုင်တွေ ဒီလောက် အများကြီးကိုစိုက်ဖို့ ဘယ်လွယ်ပါ့မလဲ။ ဒါနဲ့ သူတော်စင်ကြီးက တခြားဆုတစ်ဆုကို ပြောင်းပြီး တောင်းပါလို့ ဆိုပါတယ်။

အဲဒီတော့ အနှီ ထိုယောက်ျားက သူနဲ့သူ့ဇနီးနဲ့ အိမ်ထောင်ကျတာ နှစ်နှစ်ဆယ် ကျော်လာပါပြီ။ သူ့ဇနီးရဲ့ စိတ်နေ သဘောထားကို ခုချိန်ထိ မသိသေးလို့ အဲဒါသိနိုင်အောင်သာ လုပ်ပေးပါတော့လို့ ဆုကိုပြန်ပြောင်းပြီး
တောင်းလိုက်သတဲ့။ အဲဒီတော့မှ သူတော်စင်ကြီးလည်း ခေါင်းကုတ်လိုက်ပြီး၊ ဒါဆို ခုနက မင်းပြောတဲ့ ဟာဝေယီနဲ့ ဆန်ဖရန်စစ္စကို အကြားမှာပဲ တံတားထိုးပေးပါတော့မယ်ကွာလို့ ပြောလိုက်တယ်လို့ ဆိုပါတယ်။ ဒါဟာ မိန်းမတွေကို နားလည်ရခက်တဲ့အကြောင်း တင်စားညွှန်းဆိုထားတဲ့ ယောက်ျားလုပ် ဟာသပုံပြင်တစ်ပုဒ်ပါပဲ။

မိန်းမတွေ သိနိုင်ခက်တာနဲ့ ပတ်သက်တဲ့ တစ်ခြား အဆိုအမိန့် တစ်ခုကတော့ 'လူပျိုတွေဟာ လူအိုတွေထက် မိန်းမတွေအကြောင်းကို ပိုသိကြတယ် ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ သူတို့သာ မိန်းမတွေအကြောင်း မသိ ကြရင် ခုလောက်ဆို အိမ်ထောင်ကျပြီး ဖြစ်ကုန်ကြရော့ပေါ့'လို့ ဖြစ်ပါတယ်။

မိန်းမတွေဟာ အိမ်ထောင်ကျပြီးတောင်မှ သိနိုင်ခက်နေသေးရင် သမီးရည်းစားဘ၀မှာ ပိုပြီး သိနိုင်ခက်မှာပါပဲ။ ဒါ့ကြောင့် သူ့စရိုက်နဲ့ ကိုယ့်စရိုက် အံကိုက်ဖြစ်အောင် စိတ်တိုင်းကျ ဘ၀ကြင်ဖော်ကို ရွေးချယ်ပြီး အိမ်ထောင်ပြုဖို့ဆိုတာ လွယ်မယ်မထင် ပါဘူး။ ယောက်ျားတွေဟာ အချစ်ကို ရှေ့တန်းတင်ပြီး စွန့်စားခဲ့ကြတာပဲ များမှာပါ။

ဒီအကြောင်းပြောရင်းနဲ့ ရုပ်ရှင် ဇာတ်ကား တစ်ကားကို သွားသတိရ မိသေးတယ်။ လျို့ဝှက်သဲဖို ဇာတ်ကားဖြစ်ပြီး သူငယ်ချင်း စုံထောက်နှစ်ယောက်ဟာ နာမည်ကြီး လူဆိုးတစ်ယောက်ကို ဖမ်းဖို့ အိမ်ကြီးတစ်အိမ်ထဲ ၀င်သွားကြတယ်။ အိမ်ကြီးထဲက ဟနေတဲ့ အခန်းတံခါး တစ်ချပ်ကို စုံထောက်တစ်ယောက်ဖွင့်ပြီး ၀င်သွားလိုက်တာနဲ့ ချောက်ခနဲ မီးပိတ်သံ ကြားလိုက်ရပြီး တစ်ခန်းလုံး မှောင်ကျသွားတယ်။ အထဲဝင်သွားတဲ့ စုံထောက်ဟာလည်း လည်ကုပ်ကနေကိုင်ပြီး အခန်းထဲ ဆွဲသွင်းတာ ခံလိုက်ရတယ်။ တစ်ဆက်တည်းမှာပဲ သတ်သံပုတ် သံလဲကျတဲ့ အသံတွေကို ကြားကြရတယ်။ ဒါနဲ့ ခဏအကြာမှာပဲ ဒိုင်းဆိုတဲ့ သေနတ်သံ ကြားလိုက်ရပြီး အခန်းထဲမှာ မီးပြန်လင်းလာတယ်။ အဲဒီအချိန်မှာ နဖူးကို ကျည်ဆံမှန်ပြီး ကြမ်းပြင်ပေါ်မှာ လဲကျနေတဲ့ လူဆိုးကို ပရိသတ်ကြီး တွေ့လိုက်ကြရတာပါပဲ။ တံခါးဝမှာ ကျန်ခဲ့တဲ့ စုံထောက်ကလည်း ပစ္စတိုကြီးကို လက်ထဲမှာကိုင်လို့။ အဲဒီမှာ လူဆိုးနဲ့သတ်ပုတ်ရင်း ကြမ်းပြင်ပေါ်မှာ လဲကျနေတဲ့ စုံထောက် ပြန်ထလာတယ်။ ပြီးမှ 'ကျေးဇူးပဲ သူငယ်ချင်းရာ ဒီလောက်မှောင်ထဲမှာ မင်း ဘယ်လိုလုပ် ချိန်ပစ်လိုက်တာလဲ' လို့ မေးတယ်။ အဲဒီအခါမှာ အခန်းဝမှာ ရပ်နေတဲ့ သူငယ်ချင်းစုံထောက်က 'ငါလည်း ဘယ်တတ်နိုင်တော့မလဲကွာ မျက်စိကိုမှိတ်ပြီး ခလုတ်ကို ဆွဲချလိုက်ရတာပေါ့' ဆိုပြီး ပြန်ပြောလိုက်လို့ လူဆိုးနဲ့ နပန်းလုံးရတဲ့ စုံထောက်ခမျာ သတ်ရပုတ်ရတုန်းက ချွေးမပျံဘဲ အခုမှ နဖူးမှာ ချွေးစေးတွေ ပျံလာတာကို ပရိသတ်ကြီးက တွေ့လိုက်ကြရတော့တာကိုး။

အိမ်ထောင်ပြုတဲ့နေရာမှာ အချိန်ယူ လေ့လာစဉ်းစားပြီးမှ ပြုကြတဲ့ လူတွေ ရှိသလို မျက်စိကိုစုံမှိတ်ပြီး ခလုတ်ကို ဆွဲချခဲ့ကြသူတွေလည်း လောကကြီးမှာ နည်းမှာမဟုတ်ပါဘူး။

ဘ၀ကြင်ဖော်ကို စိန်ရွေးသလို မှန်ဘီလူးနဲ့ သေချာကြည့်ပြီးမှ ရွေးခဲ့ရွေးခဲ့၊ မျက်စိစုံမှိတ်ပြီး ခလုတ်ကိုပဲ ဆွဲချခဲ့ဆွဲချခဲ့၊ အိမ်ထောင်ကျပြီးတဲ့ အခါမှာတော့ ကိုယ်ထင်သလို ကိုယ့်စိတ်တိုင်းကျ ဖြစ်မလာတာပဲ များမှာပါ။ ဒါဟာ ဓမ္မတာပါပဲ။ လူဟာလူပဲ မို့ ဗီဇကို မပြင်နိုင်ကြပါဘူး။ မတူညီတဲ့ ဗီဇနှစ်ခုကို ပေါင်းစပ်တဲ့ နေရာမှာ အ၀ိုင်းထဲကို လေးထောင့်ထည့်သလို အံမ၀င်ခွင်မကျ ဖြစ်ကြရမှာကတော့ အသေအချာပါပဲ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အိမ်ထောင်ဘက်ကိုချည်း ငါနဲ့ စိတ်သဘောချင်း မတိုက်ဆိုင်လိုက်တာ ဆိုပြီး စွတ်အပြစ်တင်နေဖို့တော့ မသင့်ပါဘူး။ ဒါကြောင့်လည်း 'မှန်ကန်တဲ့ အိမ်ထောင်ဘက်ကို ရွေးချယ်နိုင်ဖို့ထက် မှန်ကန်တဲ့ အိမ်ထောင်ဘက်အဖြစ် ရပ်တည်နိုင်ဖို့ပဲ ကြိုးစားပါ'လို့ ပညာရှိတွေ ပြောခဲ့ကြတာပဲ ဖြစ်မယ်ထင်ပါတယ်။

ဒီတော့ မှန်ကန်တဲ့ အိမ်ထောင်ဘက်ကို ရွေးမိတဲ့ လူရဲ့ဘ၀နဲ့ မရွေးမိတဲ့လူရဲ့ ဘ၀ဟာ ဘာကွာခြားသွားနိုင်သလဲလို့ မေးစရာ ဖြစ်လာပါတယ်။ ကွာခြားမှုတွေ အများကြီး ရှိမယ်ဆိုတာကိုတော့ ငြင်းနိုင်မယ် မထင်ပါဘူး။ နောက်ပြီး ခုနက ပြောခဲ့သလို 'အောင်မြင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ နောက်ကွယ်မှာ တကယ်တော်တဲ့ မိန်းမတစ်ယောက် ရှိနေတတ်တယ်'ဆိုတဲ့ အယူအဆကိုလည်း အကြမ်းဖျဉ်းအားဖြင့်တော့ မှန်တယ်လို့ပဲ ပြောရမှာ ဖြစ်တယ်။

ကိုယ့်နိုင်ငံ သမိုင်းမှာပဲ ကြည့်ကြည့် ကမ္ဘာ့သမိုင်းမှာပဲ ကြည့်ကြည့် အောင်မြင်တဲ့ဘုရင်နဲ့ ဧကရာဇ်တွေရဲ့ နောက်ကွယ်မှာ တကယ်တော်တဲ့ မိဖုရားတွေ ရှိနေကြတာကို ငြင်းမှမငြင်းနိုင်ပဲဟာကိုး။

ဒီနေရာမှာ ဇနီးသည် တော်တာမတော်တာကို အသာထားလို့ ဇနီးသည်ဟာ အေးအေးဆေးဆေး နေတတ်သေးတယ်ဆိုရင် သိပ်မဆိုးလှသေးဘူး။ အေးအေးဆေးဆေး မနေဘဲ နားပူနားဆာ လုပ်တတ်မယ်ဆိုရင်တော့
သိပ်မချောင်ဘူး။ နားပူနားဆာ လုပ်တတ်တဲ့ မိန်းမတောင်မှ နှစ်မျိုးနှစ်စား ရှိသေးတယ်။ အဲဒါကတော့ အနားမှာထိုင်ပြီး ပတ်မကြီး တီးနေသလို နားပူနားဆာ လုပ်တတ်တဲ့ မိန်းမနဲ့ လေချိုသွေးပြီး အပျော့ဆွဲနဲ့ ဘယ်လိုမှ
မခံသာအောင် နားပူနားဆာ လုပ် တတ်တဲ့ မိန်းမရယ်လို့ ဖြစ်ပါတယ်။ လေချိုပဲသွေးသွေး ပတ်မကြီးပဲ တီးတီး ယောက်ျားတွေခမျာမှာတော့ သက်သာစရာ မရှိပါဘူး။ ဒီဒဏ်ကို အလူးအလဲ အခံရဆုံး ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး တစ်ဦးရှိပြီး သူကတော့ အမေရိ ကန် သမ္မတ အေးဘရဟန်လင်ကွန်း (Abraham Lincoln)ပါပဲ။ လင်ကွန်းရဲ့ဇနီး 'မေရီတော့ဒ်'(Mary Todd) ဟာ ယောက်ျားကို ဂျီတိုက်တဲ့ နေရာမှာတော့ နံပတ်ဝမ်း တစ်ဂဏန်း တစ်အဖြစ် ကမ္ဘာမှာ အတော်နာမည်ကြီးသူ ဖြစ်တယ်။

ဒါပေမယ့် လင်ကွန်းရဲ့ဘ၀မှာ ဒီဇနီးသည် ကိစ္စနဲ့ ပတ်သက်ပြီး ကဗျာဖွဲ့ဇာချဲ့ မနေခဲ့ပါဘူး။ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ခဲ့တာပါပဲ။ တကယ်တော့ လင်ကွန်း နှစ်နှစ်ကာကာချစ်ခဲ့တဲ့ 'အန်းရပ်ထလက်ချ'် (Ann Rutledge)ဆိုတဲ့ အမျိုးသမီး တစ်ယောက်ဟာ တကယ်ရှိခဲ့တာပါ။ ဒါပေမယ့် 'အန်း'ဟာ အသက်နှစ်ဆယ့်ငါးနှစ်တောင်မှ မပြည့်ခင် အရွယ်ကောင်းတုန်း အချိန်မှာပဲ အူရောင်ငန်းဖျားရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်။ ၄-၁၁-၁၈၄၂ ခုနှစ်ရက်နေ့ မေရီတော့ဒ်နဲ့ လက်ထပ်ဖို့ သွားမယ်လုပ်နေတုန်း ဘယ်သွားမလို့လဲလို့ သူ့ကို မေးတဲ့သူတွေကို လင်ကွန်းက 'To hell, I suppose' (ငရဲပြည်ကိုသွားမလို့ပဲ ဆိုပါတော့)လို့ဖြေခဲ့တာပါ။ ဒါကိုကြည့်ရင် လင်ကွန်းဟာ မျက်စိမှိတ်ပြီး ခလုတ်ကိုဆွဲချခဲ့တာ မဖြစ်နိုင်ဘဲ သူ့နဖူးတည့်တည့်ကိုပဲ ကျည်ဆံမှန်သွားခဲ့တာ ထင်ရှားပါတယ်။ ဒါပေမယ့် သစ်လုံးအိမ်ငယ်လေးထဲမှာ မထင်မရှား ဖွားမြင်လာခဲ့တဲ့ လင်ကွန်းဟာ ပတ်မကြီး အဆက်မပြတ် တီးနေတဲ့ ငရဲခန်းထဲကနေ အအောင်မြင်ဆုံး လူသားတစ်ယောက်၊ ကမ္ဘာသူ ကမ္ဘာသားတွေ အလေးစားဆုံး လူသားတစ်ယောက်အဖြစ်ကို ရောက်အောင်ကြိုးစားနိုင်ခဲ့တာပါပဲ။

ဒီတော့ မိန်းမဂျီကျရင် လူဟာ မတိုးတက်တော့ဘူးလား ဆိုတဲ့ အမေးကို သိပ်ဟုတ်တာပေါ့လို့ ဖြေရမှာ တော်တော့်ကို ခက်သွားတယ်။ ဘာပဲပြောပြော ကိုယ့်ရဲ့ ပင်ကိုယ်စိတ်ရင်း ဓာတ်ခံကသာ အဓိကဖြစ်မယ် ထင်တာပါပဲ။

မန္တလေးတက္ကသိုလ် တက်တုန်းကလည်း အင်မတန်မှ ချစ်ခင်ရတဲ့ သူငယ်ချင်း တစ်ယောက်ဟာ ပထမနှစ်မှာပဲ အတန်းထဲက ကျောင်းသူတစ်ဦးနဲ့ အိမ်ထောင်ကျသွားတယ်။ သူက 'ငါကတော့ ပျက်နေတဲ့ အိမ်တစ်ဆောင်ကို မရရအောင်ပြင်မယ် ပြင်လို့ မရရင်တော့ ဒီအတိုင်းမထားဘူး မီးရှို့ပစ်မယ်'လို့ ခဏခဏပြောလွန်းလို့ သူ့အတွက် အတော့်ကို စိတ်မောခဲ့ရတာပါ။ စမပြင်ခင်ကတည်းက မီးရှို့ချင်တဲ့အစွဲက သူ့ရဲ့ပင်ကိုယ်စိတ်ရင်း ဓာတ်ခံထဲမှာ ရှိနေခဲ့တာဆိုတော့ ဒီအိမ်က ဘယ်လိုလုပ် ကောင်းလာနိုင်ပါတော့မလဲ။

သူ့ရဲ့အိမ်ထောင်လည်း မကြာခင်မှာ ကွဲသွားပြီး နှစ်ယောက်စလုံးလည်း ကျောင်းမပြီးခဲ့ပါဘူး။


နီမင်းဆွေ

Comments

+2 #2 U Mar Ga 2010-11-26 04:58
အဓိပ္ပာယ် နှစ်ခွ ထွက်နေသလားလို့။


+22 #1 Fresh 2010-11-26 02:58
'မှန်ကန်တဲ့ အိမ်ထောင်ဘက်ကို ရွေးချယ်နိုင်ဖို့ထက် မှန်ကန်တဲ့ အိမ်ထောင်ဘက်အဖြ စ် ရပ်တည်နိုင်ဖို့ ပဲ ကြိုးစားပါ'. တဲ့။ အိမ်ထောင်တစ်ခုရဲ့ အရေးကြီးဆုံး အချက်လို့ ထင်ပါတယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, December 1, 2010

တရုတ်အဆိုတော် အမျိုးသမီးငယ် မျက်နှာအလှအပ အတွက် ခွဲစိတ်ကုသမှု ခံယူနေစဉ်အတွင်း သေဆုံး


တရုတ်အဆိုတော် အမျိုးသမီးငယ် တစ်ဦးသည် မျက်နှာအလှအပ အတွက် ခွဲစိတ်ကုသမှု ခံယူနေစဉ် အတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

၂၄ နှစ်အရွယ်ရှိ ၀မ်ပေသည် နိုဝင်ဘာလ ၁၅ ရက်နေ့က မျက်နှာပြင်မေးရိုးကို ပလတ်စတစ်ဆာဂျရီ ပြုလုပ်နေစဉ် ၀ူဟန်မြို့တွင် သေဆုံးခဲ့သည်ဟု တရုတ်မီဒီယာ တစ်ရပ်မှ သတင်းထုတ်ပြန်ခဲ့သည်။

ဝမ်ပေသည် ၎င်း၏အသွင်အပြင်ကို ယခုထက် ပိုမိုကြည့်ကောင်းစေရန် ပြုပြင်ရန် လိုအပ်သည်ဟု ထင်မြင်လျက်ရှိသူ ဖြစ်သည်။ ၀မ်ပေ သေဆုံးမှုကြောင့် ပလပ်စတစ်ဆာဂျရီ ပြုလုပ်ခြင်း၏ ဘေးအန္တရာယ်ကို မီးမောင်းထိုးပြလိုက်သကဲ့သို့ ဖြစ် သွားသည်။

တရုတ်တွင် ပလတ်စတစ်ဆာဂျရီဖြင့် ခွဲစိတ်ပြုပြင်သူပေါင်း တစ်နှစ်လျင် သုံးသန်းကျော်မျှ ရှိသည်ဟု နိုင်ငံပိုင် မီဒီယာမှ ထုတ်ပြန်ချက်များ အရ သိရှိရသည်။ထုံဆေးမတော်တဆမှု ဖြစ်ခြင်းကြောင့် Zhong Ao Cosmetic Surgey ဆေးရုံတွင် ကွယ်လွန်ခဲ့ရခြင်း ဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

ခွဲစိတ်မှု ပြုလုပ်နေစဉ်အတွင်း မေးရိုးမှသွေးများ ရုတ်တရက်ထွက်လာပြီး အောက်ဆီဂျင်ပိုက်ကို ပိတ်ဆို့မှု ဖြစ်ခဲ့ပြီး အသက်ရှူကျပ်မှု ဖြစ်ပေါ်ခဲ့သည်ဟု သိရှိရသည်။ အဆိုပါ ဆေးရုံတွင်ပင် ၀မ်ပေ၏ မိခင်မှလည်း တစ်ချိန်တည်း ခွဲစိတ်မှုခံယူ နေချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မျက်နှာ ခွဲစိတ်ပြုပြင်လိုသူ အဆမတန် များပြားလာခြင်းကြောင့် ကောင်းစွာ ကျွမ်းကျင်ခြင်း မရှိသည့် ဆရာဝန်များဖြင့် အော်ပရေးရှင်း ပြုလုပ်နေရခြင်းသည် အန္တရာယ်တစ်ရပ်ပင် ဖြစ်ကြောင်း တရုတ်နိုင်ငံ ကွမ်တုံ ဆေးကောလိပ်မှ ပလတ်စတစ်ဆာ ဂျရီဆိုင်ရာ ပါမောက္ခ ကျန်းဟွာပင်းက ပြောကြားခဲ့သည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဆေးလိပ် မီးခိုးငွေ့ကြောင့် သေဆုံးရသူ အရေအတွက်တစ်နှစ်ခြောက်သိန်းခန့်ရှိ


ဆေးလိပ်သောက်သူများထံမှ မီးခိုးငွေ့ကို ရှူရှိုက်မိသောကြောင့် သေဆုံးရသူ အရေအတွက်မှာ ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် ခြောက်သိန်းခန့်ရှိပြီး ၎င်းတို့အနက်မှ သုံးပုံတစ်ပုံခန့်မှာ ကလေးငယ်များ ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းတစ်ခုအား ဗြိတိန်နိုင်ငံ၊ Lancet ဆေးဂျာနယ်တွင် နိုဝင်ဘာလ ၂၆ ရက်နေ့က ဖော်ပြခဲ့သည်။

ယင်းကဲ့သို့ သေဆုံးရခြင်းမှာလည်း မိသားစုအတွင်းရှိ ဆေးလိပ် သောက်သူများထံမှ အများဆုံး ရှူရှိုက်မိကြခြင်း ဖြစ်ပြီး တန်ဖိုးကြီးမားစွာ ပေးဆပ်ရခြင်း ဖြစ်ကြောင်း ယင်းဂျာနယ်တွင် ဖော်ပြထားသည်။

ကမ္ဘာပေါ်ရှိ ဆေးလိပ်မသောက်သူများအနက် ကလေးငယ် ၄၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၃၅ ရာခိုင်နှုန်း၊ အမျိုးသား ၃၃ ရာခိုင်နှုန်း တို့သည် ဆေးလိပ်သောက်သူများထံမှ မီးခိုးငွေ့များကို ရှူရှိုက်နေရကြောင်း နိုင်ငံပေါင်း ၁၉၂ နိုင်ငံမှ ကောက်ယူရှိ သည့် နောက်ဆုံး အချက်အလက်များ အရ သိရှိရသည်။

၂၀၀၄ ခုနှစ်အတွင်း ဆေးလိပ်ကြောင့် သေဆုံးသူ ၅ ဒသမ ၇ သန်းခန့် ရှိခဲ့ပြီး ၅ ဒသမ ၁ သန်းမှာ မိမိကိုယ်တိုင် ဆေးလိပ်သောက်မှုကြောင့် ဖြစ်ကြောင်း သိရသည်။ သူတစ်ပါး ဆေးလိပ်ငွေ့ကို ရှူရှိုက်မိသောကြောင့် သေဆုံးရသူများအနက် ထက်ဝက်နီးပါးမှာ အမျိုးသမီးများ ဖြစ်ပြီး ကျန် အရေအတွက်မှာ ကလေးငယ်များနှင့် အမျိုးသားများ ထက်ဝက်စီခန့် ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ သေဆုံးရာတွင်လည်း ၆၀ ရာခိုင်နှုန်းမှာ နှလုံးရောဂါကြောင့် ဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် ဖြစ်သည်။ ပန်းနာရောဂါနှင့် ကင်ဆာရောဂါများသည် လည်း သေဆုံးရခြင်း အကြောင်းများ တွင် ပါဝင်ကြောင်း သိရသည်။

ဆေးလိပ်သောက်သူများထံမှ မီးခိုးများ ရှူရှိုက်မိသောကြောင့် သေဆုံးသူ ပမာဏသည် ကမ္ဘာပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ အရေအတွက်၏ တစ်ရာခိုင်နှုန်း ပါဝင်ကြောင်း Lancet ဂျာနယ်တွင် ဖော်ပြထားသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း ရွှေ့ပြောင်းလုပ်သား သန်း ၄၅၀ အထိ ရှိလာမည်



၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း ရွှေ့ပြောင်းလုပ်သား သန်း ၄၅၀ အထိ ရှိလာမည် ဖြစ်ပြီး အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက တို့မှ ထွန်းသစ်စ စီးပွားရေးနိုင်ငံများမှာ အဓိက ရွှေ့ပြောင်းသည့် ရပ်ဝန်းများ ဖြစ်လာမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာအဖွဲ့(အိုင်အိုအမ်)က ထုတ်ပြန်ခဲ့သည်။

ရွှေ့ပြောင်းလုပ်သား အရေအတွက်မှာ ကမ္ဘာတစ်ဝန်း ၂၁၄ သန်း ရှိနေပြီး ယခုတိုးနှုန်းအတိုင်း သွားမည်ဆိုပါက ၂၀၅၀ တွင် ၄၅၀ သန်း အထိ ရှိလာမည် ဖြစ်သည်ဟု ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။

ဖွံ့ဖြိုးပြီး နိုင်ငံများတွင် သက်ကြီးရွယ်အိုများလာချိန်၌ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အလုပ်လုပ်နိုင်သူဦးရေ သိသာသာသာ တိုးတက်လာခြင်းက ရွှေ့ပြောင်းလုပ်သား အရေအတွက် တိုးတက်စေသည့် အဓိက အကြောင်းရင်း ဖြစ်ကြောင်း သုံးသပ်သည်။

၂၀၂၅ ခုနှစ်တွင် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ အလုပ်ခွင်ဝင်ကြမည့် လူငယ်အရေအတွက်မှာ လက်ရှိဖွံ့ဖြိုးပြီး နိုင်ငံများရှိ အလုပ်လုပ်နိုင်သူဦးရေထက် ကျော်လွန်သွားမည်ဟု ခန့်မှန်းထားသည်။ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့မှ ဖွံ့ဖြိုး မှုနှုန်းမြန်သော နိုင်ငံများသည် ရွှေ့ပြောင်း အခြေချသူတို့အတွက် ရပ်ဝန်းဖြစ်လာမည် ဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စုကိုမူ မီနိုင်ဖွယ် မရှိသေးဟု သုံးသပ်ထားသည်။ ၂၀၁၀ တွင် အမေရိကန်သည် ရွှေ့ပြောင်းလုပ်သား ၄၂ ဒသမ ၈ သန်း ဖြင့် ထိပ်ဆုံးတွင် ရှိနေသည်။
Credit for http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စနစ်မကျသောမိလ္လာစနစ် အသုံးပြုမှု မြစ်ချောင်းများ၏ ရေထုညစ်ညမ်းမှုကို မြင့်တက်လာစေ

ငမိုးရိပ်ချောင်း တစ်နေရာ

ရန်ကုန်မြို့ရှိ မြစ်ချောင်းများ နံဘေးနှင့် အနီးအနား ပတ်ဝန်းကျင် ဆင်ခြေဖုံးမြို့နယ်ရပ်ကွက်များ၏ စနစ်ကျနမှုမရှိသော မိလ္လာစနစ် အသုံးပြုမှုများကလည်း မြစ်ချောင်းများ၏ အရည်အသွေးကို နိမ့်ကျလာစေပြီး ရေထုညစ်ညမ်းမှု ပမာဏကို မြင့်တက်လာစေကြောင်း သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများကို လေ့လာနေသူအချို့၏ ပြောပြချက်အရ သိရှိရသည်။

ရန်ကုန်မြို့ရှိ မြစ်ချောင်းများ၏ ရေထုညစ်ညမ်းမှု ပမာဏမှာ အာဆီယံမှ သတ်မှတ်ထားသော စံနှုန်းများကိုများစွာ ကျော်လွန်လျက်ရှိပြီး ယင်းကဲ့သို့ ရေထုညစ်ညမ်းမှု ပမာဏများပြားနေခြင်းမှာ မြစ်ချောင်းများအနီးနှင့် နံဘေးရှိစက်ရုံများမှ စွန့်ပစ်လိုက်သော ရေဆိုးများ မြစ်ချောင်းထဲသို့ ရောက်ရှိနေခြင်းအပြင် အနီးပတ်ဝန်းကျင် ရပ်ကွက်များရှိ မိလ္လာသုံးစွဲမှုများ စနစ်မကျခြင်းများလည်း ပါဝင်နေကြောင်း သိရှိရသည်။ "ရန်ကုန်မြို့ရဲ့ အဓိကမြစ်ကြောအနေနဲ့ ရန်ကုန်မြစ်နဲ့ ပန်းလှိုင်မြစ်ရှိပါတယ်။ ကွဲထွက်သွား တဲ့ချောင်းအနေနဲ့ဆိုရင် ငမိုးရိပ်ချောင်း၊ ပုဇွန်တောင်ချောင်း စတာတွေရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းက လှိုင်မြစ်နဲ့ ပန်းလှိုင်မြစ် ဆုံတဲ့ နေရာမှာရှိတဲ့ ရေအရည် အသွေးကို နမူနာယူပြီးလေ့လာ ကြည့်တဲ့အခါမှာ ရေထုညစ်ညမ်းမှုက တော်တော်ကို များနေတာတွေ့ရတယ်။ အဓိကတော့ မြစ်ရေချောင်းရေထဲမှာ ဓာတုဗေပစ္စည်းတွေ အများကြီးပျံ့နှံ့နေတာကို တွေ့ရတယ်။ အဲဒီလိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းက ဘာလဲဆိုရင်မြစ်ချောင်းနံဘေး တွေက စက်ရုံတွေက ရေဆိုးတွေမြစ် ထဲကို စွန့်ပစ်ကြတယ်။ ပြီးတော့ မြစ်ချောင်းဘေး လူနေရပ်ကွက်တွေ နဲ့ ဆက်စပ်ဧရိယာတွေထဲမှာ မိလ္လာ သုံးစွဲတွေက စနစ်မကျဘူး။ အဲဒီ စနစ်မကျတဲ့ မိလ္လာစွန့်ပစ်မှုတွေကနေ ထွက်ရှိလာတဲ့ ရေဆိုးတွေကလည်း မြစ်ချောင်းထဲကို ရောက်ရှိပြီး မြစ်ချောင်းရေကို ညစ်ညမ်းစေတာပါ"ဟု ရေထုညစ်ညမ်းမှု အခြေအနေကို လေ့လာဖြစ်ခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့၏ မိလ္လာစွန့်ပစ်မှု အခြေအနေကို လေ့လာကြည့်ပါက လူနေထူထပ်သောရန်ကုန်မြို့တွင်းမြို့ နယ်များတွင်သာ မိလ္လာအနည်ထိုင် ကန်ကြီးများဖြင့် စနစ်တကျ အသုံးပြုကြပြီး ဆင်ခြေဖုံးနှင့် မြို့သစ်မြို့နယ်များတွင်မူ ကျင်းထဲသို့ စွန့်ပစ်သည့်ပုံစံများဖြင့် အများဆုံးအသုံးပြုကြကာ အချို့နေရာများတွင်မူ ယင်မလုံသည့် တိုက်ရိုက်စွန့်ပစ်သည့်ပုံစံ များလည်း ရှိနေသည်ဟု သိရသည်။ ယင်းကဲ့သို့ မိလ္လာစွန့်ပစ်မှုများကြောင့် မိုးတွင်းကာလတွင် ရေနှင့်အတူ အဆိုပါ မိလ္လာများ ရောပါသွားပြီး ၎င်းတို့မှာ မြစ်ချောင်းများအတွင်းသို့ ရောက်ရှိ စေခြင်းဖြစ်ကြောင်း သိရသည်။

"ရန်ကုန်မြို့ မြစ်ချောင်းတွေရဲ့ ရေထုညစ်ညမ်းမှု ဘယ်လောက်များသလဲ ဆိုတာကို ရေအရောင်ကို ကြည့်ပြီး သိနိုင်ပါတယ်။ ရေရဲ့အရောင်တွေက ကော်ဖီရောင်လို ဖြစ်နေတယ်။ အဲဒီလို ရေထဲမှာ ဓာတုပစ္စည်းတွေ ပျံ့နှံ့တဲ့အတွက် ရေနေသတ္တ၀ါတွေအတွက်လည်း စိုးရိမ်စွယ်ရာဖြစ်ပါတယ်။ ဓာတု ပစ္စည်းတွေကို စားသုံးမိရင် ရေနေ သတ္တ၀ါတွေ သေကြေပျက်စီးကုန် ကြမှာပဲ။ ဒါကြောင့် ဒီလိုမြစ်ချောင်းထဲကို စက်ရုံတွေရဲ့ စွန့်ပစ်ရေဆိုးတွေကို ထိန်းချုပ်တဲ့စနစ် တွေ လိုအပ်နေတဲ့အပြင် မိလ္လာစွန့်ပစ်မှုနဲ့ပတ်သက်ပြီး အသိပညာပေးမှုတွေလည်း လိုအပ်နေပါပြီ" ဟု သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများကို လေ့လာနေသူ တစ်ဦးက ပြောပြခဲ့သည်။

ယင်းကဲ့သို့ စက်ရုံထွက် စွန့် ပစ်ရေဆိုးများကို ထိန်းချုပ်နိုင်ရန်အတွက် စက်ရုံများတွင် ကိုယ်ပိုင် ရေဆိုးသန့်စင်နိုင်သည့်ကန်များ ထားရှိရန်အတွက် သက်ဆိုင်ရာမှ အချိန်ပေး ပြုလုပ်စေခဲ့ရာ အရက်ချက်စက်ရုံ အများစုတွင်မူ ကိုယ်ပိုင် ရေဆိုးသန့်စင်နိုင်သည့် ကန်များထားရှိလာကြပြီ ဖြစ်ကြောင်း စက်ရုံလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်ရန်နှိုးဆော်ထားသည့် စက်ရုံများတွင် အရက်ချက်စက်ရုံ၊ သားရေစက်ရုံ၊ ပဲခွဲ စက်ရုံ၊ အအေးခန်း (ငါးပုစွန်) စက်ရုံ၊ ဆိုးဆေးအသုံးပြုသော အထည်စက်ရုံ၊ ငံပြာရည်စက်ရုံ၊ အချိုရည်စက်ရုံများနှင့် ဓာတုဗေဒ ပစ္စည်းသုံးစက်ရုံများ ပါဝင်ကြောင်း သိရသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ငါးဖမ်းတံငါလှေ ယခင်နှစ်များထက် များပြားမှု ရေကြောင်းလမ်းပိတ်ဆို့မှုနှင့် ငါးမျိုးတုန်းမှု


ပွင့်လင်းရာသီ အစပြုသည့် နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ကာ သံလွင်မြစ် အဆုံးပိုင်း (မုတ္တမ၊ ကျွဲခြံ၊ ခေါင်းဆေးကျွန်း) ရေပြင်ဧရိယာများတွင် ဒေသခံ ငါးဖမ်းတံငါလှေများ ယခင်နှစ်များထက် စင်းရေ များပြားမှု ရှိလာသည့်အလျောက် မြစ် တွင်းသွားလာ ရေယာဉ်များ၏ ရေကြောင်းပိတ်ဆို့မှုများနှင့် ငါးအလွန်အကျွံ ဖမ်းဆီးမှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေမည့် ငါးမျိုးတုန်း ပျောက်ကွက်မှုများမှာလည်း ပိုမို အရေးပါလျက် ရှိနေကြောင်း မြစ်တွင်း ဂေဟစနစ်ကို သုတေသန ပြုလုပ်နေသူ တစ်ဦးက သုံးသပ်ပြောဆိုပါသည်။

''ပွင့်လင်းရာသီမှာ ငါးဖမ်းဆီးတာက သဘာဝကျတော့ ကျပါရဲ့။ ငါးအလွန်အကျွံ ဖမ်းဆီးတာကတော့ သဘာဝ မကျဘူးလေ။ ငါးမျိုးတုန်းလာခဲ့ရင် မြစ်တွင်းဂေဟစနစ်လည်း ပျက်စီးလာနိုင်ပါတယ်။ ပြီးတော့ ရေပြင် ဧရိယာအပြည့် ငါးဖမ်းလှေတွေ ပြည့်နှက်နေတာကလည်း မြစ်တွင်းသွားလာ ရေယာဉ်တွေအတွက် အန္တရာယ် ဖြစ်ပေါ်လာနိုင်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောပါသည်။

''ရေပြင်ဧရိယာ အပြည့်တံငါ လှေတွေခံနေတော့ ရေကြောင်းလမ်းလည်း ပိတ်ဆို့ကုန်တာပေါ့။ ဒီလမ်းကြောင်းမှာက သံလွင်တံတား(မော်လမြိုင်)ကို ဖွင့်လှစ်ပြီးကတည်းက ရေယာဉ်တွေ သွားလာမှု နည်းသွားတယ် ဆိုပေမယ့် လက်ရှိ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးက ထုံးအိုင်-မော်လမြိုင် ခရီးစဉ်နဲ့ ဘားအံ-မော်လမြိုင် ခရီးစဉ်ကို ပြေးဆွဲနေတဲ့ သင်္ဘောတွေ ရှိနေတုန်းပဲ။ သင်္ဘောတွေ ဖြတ်သန်းချိန်တွေကို ရှောင်ပြီး ပိုက်တွေကို ချသင့်ပါတယ်။ ရေယာဉ်ပန်ကာနဲ့ ငါးဖမ်းပိုက်တွေ ငြိရင် သူ လည်း မကောင်း၊ ကိုယ်လည်းမကောင်းပဲ၊ မလိုလားအပ်တဲ့ ပြဿနာတွေက အများကြီးရှိတယ်''ဟု ၀ါရင့် ဆလင်တစ်ဦးက ဆိုသည်။

သံလွင်မြစ် အဆုံးပိုင်း ရေပြင်ဧရိယာများတွင် ဒေသခံ ငါးဖမ်းတံငါလှေ စင်းရေများ ယခင်နှစ်များထက် ပိုမိုများပြားလာရခြင်းမှာ တစ်ဖက်နိုင်ငံမှ အပြီးအပိုင် ပြန်လာကြသည့် ရွေ့လျားအလုပ်သမားများနှင့်လည်း ပတ်သက်မှု ရှိနေကြောင်း သိ ရှိရသည်။''သူတို့က ဟိုမှာအဆင် မပြေလို့ နေရပ်ကို အပြီးပြန်လာကြတယ်။ ဒီရောက်တော့ လက်ငုပ်လက်ရင်း အလုပ်တွေကိုပဲ ဆက်လုပ် ဖြစ်တယ်။ ဒီရေပြင်ဧရိယာမှာ ငါးဖမ်းတံငါလှေတွေက ရာနဲ့ချီပြီး ရှိနေတယ်''ဟု မုတ္တမ(ကျွဲခြံ)ရွာမှ ဒေသခံ ငါးဖမ်းတံငါသည် တစ်ဦးက ပြောကြားသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဓာတ်ဆီဝယ်ယူသည့်ကားများ များပြားသည့်နည်းတူ ဓာတ်ဆီပြန်ရောင်းသည့် ကားများ များပြားလျက်ရှိ


ပုဂ္ဂလိက ဓာတ်ဆီဆိုင်များတွင် ဓာတ်ဆီဝယ်ယူသည့်ကားများ ပြည့်ကြပ်သည့်နည်းတူ ပြင်ပမှ ဆီပြန်လည်ဝယ်ယူသည့် ဆိုင်အချို့တွင်လည်း ဓာတ်ဆီပြန်ရောင်းသည့် ကားများ များပြားလျက်ရှိသည်ဟု သတင်းရရှိပါသည်။

''ဆီထုတ်တဲ့နေရာမှာတင် ကားများတာ မဟုတ်ဘူး။ တန်းစီစောင့်ရတာ မဟုတ်ဘူး။ ဆီပြန်ရောင်းတဲ့ နေရာမှာလဲ ရောင်းဖို့အတွက် ကိုယ့်အလှည့်ကျဖို့ကို တန်းစီစောင့်ဆိုင်း ရောင်းချတဲ့အထိ ကားတွေများနေတယ်''ဟု တာမွေမြို့နယ်မှ ယာဉ်ပိုင် ရှင်တစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့ များပြားရသည့် အဓိက အကြောင်းမှာ ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များမှ ဆီဝယ်ယူသည့် ဈေးနှင့် ပြင်ပဆီ ဈေးကွာဟချက်ကြောင့် ဖြစ်ကြောင်း သိရသည်။

''ဆိုင်မှာဝယ်တဲ့ ဈေးက တစ်ဂါလန်ကို ၂၅၀၀၊ ပြန်ရောင်းရင် တစ်ဂါလန်ကို ၃၂၀၀ ကျပ် ရတယ်ဆိုတော့ တစ်ဂါလန်ကို ၇၀၀ မြတ်တယ်။ အဲဒီအတွက် ထုတ်တဲ့နေရာမှာ တန်းစီနေသလို ပြန်ရောင်းတဲ့နေရာမှာ တန်းစီနေတာပေါ့''ဟု ပုဂ္ဂလိက ဓာတ်ဆီဆိုင်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးကလည်း ဆိုသည်။

ထိုသို့ ပြင်ပဈေးနှင့် စက်သုံးဆီ ဆိုင်များမှ ရောင်းချပေးသည့်ဈေး ကွာဟရသည့် အဓိကအချက်မှာ နယ်မြို့များ၏ ၀ယ်လိုအားကြောင့် ဖြစ်သည်ဟု သိရသည်။

''နယ်မြို့တွေက ဆီဆိုင်ရှိတဲ့ မြို့ကလာတဲ့ ဆီတွေကိုပဲ အားထားရတာလေ။ ဒီတော့ ဆီဆိုင်က ၀ယ်ရင်းဈေးထက်တော့ အမြဲတမ်း နယ်ဈေးက မြင့်နေတာပေါ့။ ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ ထင်ထားတာထက် ဈေးက ပိုမြင့်တက်လာတယ်။ အဓိက အချက်ကတော့ ပြည်နယ်ဘက်တွေကပါ ၀ယ်လိုအား ရှိလာတဲ့ အတွက်ပါ။ တစ်ချို့နယ်ဆို ဓာတ်ဆီတစ်ဂါလန် ကျပ် ၄၀၀၀ ကျော်၊ တစ်ချို့ကျတော့ ကျပ် ၃၇၀၀၊ တစ်ချို့ကျတော့ ကျပ် ၅၀၀၀ အဲဒီလို အမျိုးမျိုးရှိတယ်။ ခရီးအကွာအဝေးနဲ့ လမ်းပန်းဆက်သွယ်မှုပေါ် မူတည်ပြီး ဈေးကကွာနေတာ''ဟု ဆီဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကလည်း ရှင်းပြခဲ့သည်။

ဝယ်လိုအား မြင့်တက်သည် ဆိုပါက မည်သည့် ကုန်စည်မဆို ဈေးလိုက်ပါ မြင့်တက်သည်မှာ သဘာဝပင်ဖြစ်ပြီး ၀ယ်လိုအားဖြင့် ကိုက်ညီသည့် စက်သုံးဆီ ရောင်းချသည့်ဆိုင်များ ဖွင့်လှစ်ကာ ရောင်းချပေးမည် ဆိုပါက ၀ယ်လိုအား ရောင်းလိုအား မျှတကာ ဈေးတည်ငြိမ်သွားမည် ဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြို့များရှိ ဆီဈေးနှင့် နယ်မြို့များရှိဆီဈေးနှစ်ဆအထိ ကွာဟ


လက်ရှိအချိန်တွင် ဆီဆိုင်ရှိသည့် မြို့များရှိ ဆီဈေးနှင့် နယ်မြို့များရှိ ဆီဈေးမှာ အချို့နေရာတွင် နှစ်ဆအထိပင် ကွာဟသည်အထိ ရှိနေကြောင်း သိရသည်။ ထိုသို့ ကွာဟရခြင်းမှာ နယ်မြို့အများစုတွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ မရှိခြင်းကြောင့် ဖြစ်ကြောင်းလည်း စက်သုံးဆီ တင်သွင်းရောင်းချသူ တစ်ဦးက ဆိုသည်။ ရန်ကုန်အပါဝင် မြို့ကြီးများတွင် ပုဂ္ဂလိကစက်သုံးဆီဆိုင်များ အပြိုင် ဖွင့်လှစ်ထားရှိသည့်အတွက် မြို့ပေါ်နေထိုင်သူများ အနေဖြင့် ပုံမှန်ဆိုင်ဈေးဖြင့် ၀ယ်ယူသုံးစွဲရသော်လည်း ဆီဆိုင် မရှိသည့် နယ်မြို့များမှာမူ မြို့ကြီးများမှလာသည့် ဆီများကိုသာ အားထားကာ တစ်ဆင့်ပြန်လည် ၀ယ်ယူသုံးစွဲရသည့်အတွက် ပုံမှန်ဈေးထက် များစွာမြင့်သည့်ဈေး ပေးကာ အသုံးပြုနေရခြင်း ဖြစ်ကြောင်း သိရသည်။

''နယ်မြို့ သေးသေးလေးတွေမှာ ပုဂ္ဂလိက စက်သုံးဆီဆိုင် မရှိဘူးလေ။ ရန်ကုန်အပါအ၀င် မြို့ကြီးတွေက ပုဂ္ဂလိက ဆီဆိုင်တွေ ရောင်းပေးတာကတစ်ဆင့် အပြင်ဈေးကွက်ထဲ ပြန်ရောက်လာတာမျိုးကို ၀ယ်ယူသုံးစွဲရတဲ့အတွက် ဈေးကကွာဟနေ ရတာပါ။ အခုပဲကြည့် ပုဂ္ဂလိကဆိုင်များတဲ့ ရန်ကုန်မှာဆိုရင် ဆိုင်က ဓာတ်ဆီကို ၀ယ်တယ်။အပြင်က နယ်ပို့မယ့်သူက ကားသမားတွေဆီက ပြန်ကောက်တယ်။ ပြီးမှ နယ်ကို ပြန်ရောင်းတယ်။ နယ်ကတစ်ဆင့် အဲဒီနယ်တစ်ဝိုက် ကျေးရွာတွေက ပြန်သုံးတယ်ဆိုတော့ အဆင့်ဆင့်ဖြစ် ကုန်တယ်။ အဲဒီအတွက် ဈေးတွေက မြို့ဈေးနဲ့ အရမ်းကို ကွာဟနေတာပေါ့''ဟု လုပ်ငန်းရှင်တစ်ဦးကလည်း ရှင်းပြခဲ့သည်။

လက်ရှိအချိန်တွင် ပုဂ္ဂလိက ဆီဆိုင်များမှ ၀ယ်ယူသုံးစွဲရသည့် ဈေးမှာ ဓာတ်ဆီတစ်ဂါလန် ကျပ် ၂၅၀၀ ဖြစ်သော်လည်း၊ ပုသိမ်မြို့ပေါ် မဟုတ်သည့် နယ်မြို့များတွင် တစ်ဂါလန် ကျပ် ၃၇၀၀ မှ ကျပ် ၄၀၀၀၊ ရခိုင်ပြည်နယ်ရှိ ဆီဆိုင် မရှိသည့် မြို့များတွင် ကျပ် ၄၀၀၀ မှ ကျပ် ၅၀၀၀၊ မွန်ပြည်နယ်တွင် ကျပ် ၃၆၀၀ မှ ကျပ် ၄၀၀၀၊ ကရင်ပြည်နယ်တွင် ကျပ် ၄၀၀၀ နှင့်အထက် စသည်ဖြင့် ပေါက်ဈေးရှိကြောင်း သိရသည်။

''ဆီဆိုင်ကတော့ မြို့အနေအထားကိုကြည့်ပြီး မဖြစ်မနေ လိုက်ဖွင့်ပေးသင့်တယ်။ ဒါမှမဟုတ်ရင် ၀ယ်လိုအား ရောင်းလိုအား မမျှတတဲ့အတွက် အမြဲတစေ ကျွန်တော်တို့ နယ်ကလူတွေ မဟုတ်တဲ့ ဈေးတွေနဲ့ သုံးနေရမှာပေါ့။ ဒါကတော့ သက်ဆိုင်တဲ့သူတွေ အနေနဲ့ နာတယ်သာတယ် မဟုတ်ဘဲ လုပ်သင့်တဲ့အလုပ်ပါ။ ရန်ကုန်တော့ ဖွင့်ချင်တယ်။ နယ်ကျတော့ ၀ယ်လိုအားနည်းလို့ အမြတ်နည်းလို့ မဖွင့်ချင်ဘူးတော့ မဖြစ်စေချင်ဘူး။ ကျွန်တော်ဆိုလိုတာက လက်ခွဲ သဘောမျိုးဖွင့်လည်း ဖြစ်တာပဲလေ''ဟု ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင်အတွင်း နေထိုင်သူတစ်ဦးကလည်း ရှင်းပြခဲ့သည်။

''ပြင်ပပေါက်ဈေးနဲ့ မကွာတဲ့ ဈေးတစ်ခု သတ်မှတ်ပေးသင့်တယ်။ အပြင်မှာ ၃၀၀၀ ဆိုရင် ၂၇၀၀၊ ၂၈၀၀ လောက်ဆို ဆီထုတ်ရောင်းမယ့်သူ မရှိနိုင်တော့ဘူး။ ယာယီ ခဏအနေနဲ့ ဖြစ်ဖြစ် ကွာဟမှု နည်းနိုင်သမျှ နည်းအောင် လုပ်သင့်တယ်။ ဒါမှ အခုလို မဖြစ်သင့်တာတွေ မဖြစ်မှာ။ နောက်မှ ဈေးပြန်ချပေါ့။ ကျွန်တော်တို့ ဆီတစ်ခါထည့်ရဖို့ အချိန်နာရီဝက်၊ တစ်နာရီလောက် တန်းစီနေရတာ အဓိပ္ပာယ် မရှိဘူး။ လမ်းဘေးအပြင်ဆိုင်မှာ ၃၀၀၀ ကျော်နဲ့ ဆီဝယ်မထည့်နိုင်လို့တော့ မဟုတ်ပါဘူး။ လမ်းဘေး အပြင်ဆိုင်မှာဆိုရင် ဆီသန့်၊ မသန့်ဆိုတာလည်း စိတ်မချရဘူး။ ဘာပဲ ဖြစ်ဖြစ် အခုလို ဖြစ်နေတာတွေက မူလ ရည်ရွယ်ချက်တွေနဲ့ လွဲနေတယ်လို့ ထင်ပါတယ်''ဟု လူငယ်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါသည်။

Comments

+1 #4 ကျောင်းသားကြီး 2010-12-01 22:31
ဈေးကွက်စီးပွါး ရေးဆို တာပြိုင်ဆိုင်မှု တွေ လုပ်ပေးရမှာ ခုတော့ ပုဂ္ဂလိကလို့ ပြောရင် ဦးပိုင်နဲ့ တေဇ ပဲဆိုတော့ ဘယ်လို လုပ်ရမှာလဲ ပြီး နိုင်ငံခြားငွေ တရားဝင် လဲလှယ်ကိုင်ဆောင်ခွင့်ပေးရမှာ သူများနိုင်ငံတွေ ဘယ်နိုင်ငံသွားသွား သူတို့ တိုင်းပြည်ပိုက်ဆံကလွဲ ရင် နိုင်ငံခြားငွေ နဲ့ ဝယ်လို့ မရဖူး ဘာလို့ လဲဆိုတော့ U$နဲ့ဝယ်ပြီးသူတို့ ကပြန်လဲရင် ကော်မရှင်နှုတ်ြ ပီး ရှူံးလို့  အဲတော့ ကိုယ့်ငွေကြေးလဲခိုင်မာတယ် ကိုယ့် ပို့ ကုန်တွေလဲ ဈေးမှန်ရမယ် ဒါဒီဖက်နိုင်ငံမှာ ငါးတန်းကျောင်းသားတော်သိတယ် အစိုးရလုပ်သူတွေ မသိတာတော့ ရှက်ဖို့ ကောင်းတယ်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....