+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, October 20, 2009

မှတ်တမ်းမှတ်ရာ



ဒီပုံကိုမြင်လိုက်ရုံနဲ့ သူဟာဘယ်လိုလူလဲဆိုတာလူတိုင်းသိကြမှာပါ။
ရုပ်ရှင်ကားတွေထဲမှာတော့ သူ့ကို Bruce Lee လို့သိကြပါတယ်။
သူ့ရဲ့ကိုယ်ရေးရာဇဝင်ထဲမှာတော့ Lee Xiao Loong နောက်တမျိုးကတော့ Lee Jun Fan လို့ခေါ်ပါတယ်။
အမေရိကားကိုပြောင်းလွဲပစ်လိုက်သည့် ပုဂ္ဂိုလ်(၁၀၀)စာအုပ်ထဲမှာတော့သူ့ကို Lee Hsiao Lung ဆိုတဲ့ စာလုံးပေါင်းနဲ့ရေးထားတာကိုဖတ်ရပါတယ်။
သူဟာ အမေရိကန်ပြည်ထောင်စု ကာလ်ဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ်စကိုမြို့မှာ မွေးခဲ့ပေမယ့် ဟောင်ကောင်မှာကြီးတာပါ။
သူငယ်ငယ်တုန်းက အပေါင်းသင်းသူငယ်ချင်းမရှိသလောက်ဖြစ်ပြီး အမြဲတမ်းလိုလို ထိုးကြိတ်သတ်ပုတ် တတ်တဲ့အတွက် သူစိတ်ကိုပြန်ထိန်းဘို့ ကိုယ်ခံပညာကိုသင်ကြားတာလို့ဆိုပါတယ်။
နောက်ဆုံးတော့ သူဟာ ကမ္ဘာကျော်ခဲ့ပါတယ်။
အနောက်နိုင်ငံကို ထိုးဖေါက်ဝင်ရောက်လာတဲ့ နာမည်ကျော်ဇာတ်ကားနာမည်က Enter the Dragon
ဆိုတဲ့ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။
၁၉၄၀ပြည့်နှစ်နိုဝင်္ဘာလ ၂၇ရက်နေ့မှာ မွေးတဲ့(အများသိတဲ့)Bruce Lee ဟာ ၁၉၇၃ခုနှစ်ဇူလိုင်လ ၂၀ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
ဒါကတော့ ကမ္ဘာက,သိတဲ့ ကိုယ်ခံပညာအားကစားသမားတယောက်အကြောင်းပါ။

ကျုပ်တို့ကရင်လူမျိုးထဲမှာကော ကမ္ဘာမကျော်ပေမယ့် နာမည်ကြီးကိုယ်ခံပညာအားကစားသမားတွေ
မရှိခဲ့ဘူးလား?။
သူတို့တွေက ဘယ်သူတွေလဲ?။
ကျုပ်လည်းကောင်းကောင်းမသိပါဘူး။
ကျုပ်သိသလောက်ဆို ထိုင်းဗမာနယ်စပ်ကို ရောက်လာတဲ့ပုဂ္ဂိုလ်နှစ်ယောက်ပဲရှိတယ်။
ဆရာအောင်သိန်းလေးနဲ့သမန်းကျား။
သူတို့တတွေဟာ ကျုပ်တို့ကရင့်လက်ဝှေ့လောက,မှာ လျှမ်းလျှမ်းတောက်အကျော်အမော်တွေ
ဖြစ်ခဲ့ရဲ့သားနဲ့ ဘယ်သူတဦးတယောက်ကမှ မှတ်တမ်းတင်ထားတာမရှိပါဘူး။

ဆရာအောင်သိန်းလေးက ကိုယ်လုံးကိုယ်ထည်ငယ်ပေမယ့် အင်မတန်လျှင်တဲ့မြန်တဲ့လက်သီးပြင်းတဲ့
လက်ဝှေ့ သမားကောင်းတယောက်ဖြစ်ပါတယ်။

သမန်းကျားကတော့ တတောင်အင်မတန်ပြင်းပါတယ်။
သူ့တတောင်ကို ပြိုင်ဘက်တွေရှောင်လို့မရ,သလို အဲဒီတတောင်ကိုမိတာနဲ့အားလုံးပွဲသိမ်း
သွားရတာချည်းပဲလို့ ပြိုင်ဘက်တွေက ဆိုစမှတ်ပြုကြပါတယ်။

သူ့တတောင်ကောင်းလွန်းတဲ့အတွက် ကရင်တေးသံရှင် စ,လင်းလင်း(စလေါင်းလေါင်း)က
သမန်းကျားကို ဂုဏ်ပြု သီဆိုခဲ့တဲ့တေးသီချင်းခွေ(Tape)ထွက်ခဲ့ပါသေးတယ်။
(ခုနှစ်အတိအကျမမှတ်မိတော့ပါ)

သမန်းကျားရဲ့ နာမည်အရင်းကိုလည်းကျုပ်မသိပါဘူး။
သူဟာ၁၉၈၈ အရေးအခင်းကာလမှာ ဗမာကျောင်းသားတွေကို ကရင့်တော်လှန်ရေးနယ်မြေထဲ
ရောက်အောင် သက်စွန့်စံဖျား ကူညီခဲ့တဲ့သူဖြစ်ပါတယ်။(ငွေအား၊ လူအား၊ အရှိန်အဝါ)

သူနဲ့တွေ့တော့ သူပြောပြတာတချို့ပြန်ရေးပြချင်ပါတယ်။
"ငါအဖြိုရ,အခက်ဆုံးက သထုံဘနှစ်ကွ၊ သူက ငါ့ထက်ကိုယ်လုံးကြီးတယ်၊ အရပ်လည်းမြင့်တယ်၊ တော်ရုံနဲ့မလဲဘူး။
နောက်တယောက်က တရုတ်လူမျိုး အဲဒီလူကဘယ်လောက်သန်သလဲဆိုရင်ငါနဲ့ယှဉ်ဘို့ကြိုးဝိုင်းပေါ် တက်လာတော့ အောက်က,သူ့လူတွေက နို့ဆီနှစ်ဗူးပစ်တင်ပေးလိုက်တယ်။ သူကအဲဒီနို့ဆီဗူး
တဗူးစီကို လက်တဖက်စီနဲ့ပြိုင်တူညှစ်ချလိုက်တာ နို့ဆီတွေပမ်းထွက်ကုန်တယ်။
င့ါမျက်လုံးတွေပြူးကုန်တယ်။ သူ့ပြိုင်ဘက်တွေဆိုရင် ဘိုက်တွေပေါက်ထွက်မတတ်ခံရတယ်ဆိုတာ ငါကြားထားတာကိုး။
ငါ့ဆရာဝန်ကို ဘယ်လိုလဲဆိုတဲ့ပုံစံမျိုးနဲ့မျက်စ,ပစ်လိုက်တော့ ငါ့ဆရာဝန်က ဘာပြောလဲသိလား?
ကျားလေး မင်းဘာမှတွေးပူမနေနဲ့ သာမာန်လူတွေထက်ထူးခြားတာက မင်းရဲ့ဘိုက်မှာ အထပ်သုံးထပ်
ရှိတယ်။ မင်းမှာအားသာချက်တွေရှိတယ် ဆိုတော့ ငါလည်းသေသေရှင်ရှင်ကွာဆိုပြီး တီးတော့တာပဲ။
ပထမအချီမှာ သူ့လက်ဝါးစောင်းစာမိပြီးငါ သတိလစ်သွားတယ်။ ခြောက် ဆိုတဲ့အသံကြားမှငါပြန်ထ,
နိုင်တယ်။

နောက်တချီမှာတော့ သူကငါ့ကို နောက်ဘက်ကနေ ဖမ်းချုပ်ဘို့အရှိန်နဲ့ပြေးအလာ ငါလည်းတတောင်နဲ့ ရှိတဲ့အားတွေအကုန်သုံးပြီးကျွေးလိုက်တာ ဒီကောင်ညာဘက်မျက်လုံးကွဲထွက်သွားတယ်။
သွေးတွေဆိုတာကွာ ကြည့်မကောင်းရှုမကောင်းပဲ။
သူ့ခွင်(ဂွင်)ဆိုတော့ ဒီလူတော်တော်အခံရ,ခက်သွားပုံပဲ။ ဆရာဝန်က သူ့မျက်လုံးကိုစစ်ဆေးတော့ လုံးဝ,ထိုးခွင့်မပေးတော့ပဲ ရပ်လိုက်တယ်။
သူကမကြေနပ်ဘူး ထပ်ယှဉ်မယ်ဆိုပြီးပွဲကြမ်းလိုက်သေးတယ်။

အဲဒီအချိန်မှာ လော်စစ်ဟန်(ခွန်ဆာ)က,ဝင်ပြီးပြောတော့မှ အဲဒီလူငြိမ်သွားတယ်။
နောက်တချီဆိုရင် ငါတော့ ဘဝပျက်ပြီထင်တာပဲ။

လက်ဝှေ့ထိုးတယ်ဆိုတာ ထိုးတဲ့နေရာမှာကြွမ်းကြင်ရမယ်၊ အရှောင်အတိမ်းမှာမြန်ရမယ်၊ အဲဒီလိုပဲ သူများထိုးတာကိုလည်း ခံနိုင်ရတယ် အဲဒီသုံးမျိုးစလုံးပိုင်နိုင်မှ၊ မဟုတ်ရင်နာမည်မကျော်ပဲမသာ
ပေါ်သွားမယ်"
"လက်ဝှေ့ထိုးတာ ပိုက်ဆံတော့ရသားပဲ၊ ဒါပေမယ့်ကွာ ဆရာဝန်ကိုပေးရတာနဲ့ ဟိုလူတွေကိုပေးရ
တာနဲ့ လေ့ကျင့်စာရိတ်တွေ ဟိုနှုတ်ဒီနှုတ်နဲ့ ကိုယ့်အတွက်မကျန်ပါဘူး"

အဲဒါကတော့ သမန်းကျားကိုယ်တိုင်ပြောခဲ့ဘူးတဲ့စကားတွေပါ။
သူထိုးခဲ့တဲ့ နိုင်ငံကိုတော့ကျုပ်ကိုပြောပြပေမယ့် ကျုပ်မမှတ်မိတော့လို့ပါ။
Hong Kong ဒါမှမဟုတ် Taiwan တခုခုလို့ထင်ပါတယ်။

စကားစပ်မိလို့ တဆက်တည်းပြောပြချင်တာက ဗမာ့လက်ဝှေ့ဆိုတာမရှိပါဘူးတဲ့၊ ကရင့်လက်ဝှေ့ ဆိုတာပဲရှိပါတယ် ဆိုပြီးရှေးမှီနောက်မှီ ဗမာအမျိုးသားတယောက်ကျုပ်ကို ပြောဘူးပါတယ်။
ဘာကြောင့်လည်းဆိုတော့တဲ့ ဗမာတွေက လက်ဝှေ့ကို နန်းတွင်းမှာပဲကျင်းပ,လေ့ရှိတော့ ပဒေသရဇ်စနစ်နဲ့အတူ ဗမာ့လက်ဝှေ့ဆိုတာလည်း တိမ်ကောသွားရတာပါတဲ့။
ကရင်တွေကျတော့ မြေဝိုင်း(မြေကြီးပေါ်)မှာထိုးနေကြတော့ဒီနေ့အထိဆက်လက်ရှင်သန်နေနိုင်တာ ဖြစ်ပါတယ်တဲ့။ ဟုတ်၏မဟုတ်၏ဆိုတာကိုတော့ စာဖတ်သူတို့သာ စဉ်းစားဆုံးဖြတ်ကြပါ။

လက်ရှိကရင့်လက်ဝှေ့အကျော်အမော်များကို မှတ်တမ်းတင်ထားနိုင်ကြစေရန် ရည်ရွယ်ချက်ဖြင့်


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး



0 comments:

Post a Comment