+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, January 28, 2010

သူယုံကြည်ရာကဏ္ဍ(VOA Burmese Section)



ပညာရေးစံနစ်ကို ပြင်ဆင်ဘို့

ကိုရဲဟန်
ဗိသုကာပညာကျောင်းသား(တတိယနှစ်)


ကျွန်တော်ယုံကြည်တာကတော့ ယနေ့မြန်မာနိုင်ငံရဲ့ ယိုယွင်းပျက်ဆီးနေတဲ့ပညာရေးစံနစ်ကြီးကို ပြုပြင်ပြောင်း လဲနိုင်ရင် ခေတ်မှီတိုးတက်ဖွံ့ဖြိုးသော မြန်မာပြည်ကြီးကိုတည်ဆောက်နိုင်ဘို့ မဝေးဘူးလို့ယုံကြည်ပါတယ်။
တိုင်းပြည်တခုတည်ဆောက်ရာမှာ အသိပညာအတတ်ပညာရှင်တွေ အများကြီးလိုပါတယ်၊ အဲဒီပညာရှင်တွေကို မွေးထုတ်နိုင်ဘို့ စစ်မှန်တဲ့အရည်အသွေးမှီပညာရေးစံနစ်တခု လိုအပ်ပါတယ်။

ဒီနေ့မြန်မာပြည်မှာ ကျွန်တော်တို့သိကြတဲ့အတိုင်း ပညာရေးစံနစ်က လွန်ခဲ့တဲ့အနှစ်၂၀ကျော်က စ,ပြီးတော့ ယို ယွင်းပျက်ဆီးလာနေခဲ့ပါတယ်၊ ကျောင်းတွေမှာ ကျောင်းသားတွေက စာမေးပွဲဖြေစရာမလိုပဲနဲ့ အတန်းအောင် ကြပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ နောက်ထပ်တက်လာတဲ့ကျောင်းသားဦးရည်ကို မကိုင်တွယ်လိုတဲ့အတွက် နေရာဖယ်ပေးလိုက်ရလို့ပါ။

ကျောင်းသားတွေက ၃-၄လ,နဲ့ တနှစ်စာ စာတွေကိုသင်ရပါတယ်၊ ပြီးတော့ဘွဲ့ယူကြပါတယ်၊ အဲဒီဘွဲ့လက်မှတ် တွေရဲ့အရည်အသွေးကတော့ ပြောပြစရာလိုမယ်မထင်ပါဘူး။

ကျွန်တော်တို့တိုင်းပြည်မှာ ယနေ့ စစ်မှန်တဲ့အာမ,ခံချက်ပေးနိုင်တဲ့ ပညာရေးစံနစ်မရှိတဲ့အတွက်ကြောင့် လူငယ် တွေဟာ ကမ္ဘာအရပ်ရပ်ကိုသွားနေတာ အားလုံးအသိဖြစ်ပါတယ်၊ စင်္ကာပူ၊ သြစတြေးလျား၊ ယူအက်စ်အေ၊ စသည်ဖြင့် ကမ္ဘာအရပ်ရပ်မှာရှိနေကြပါတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း အမေရိကားမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတဦးပါ။

တိုင်းပြည်တခုကြွယ်ဝ,ချမ်းသာမှုဆိုတာဟာ လူတန်းစားကွာဟ,မှုနည်းမှုနည်းပြီး အခြေခံလူနေမှုအဆင့်အတန်း မြင့်မားမှသာ တိုးတက်သောနိုင်ငံလို့ခေါ်နိုင်ပါတယ်၊ ကျွန်တော်တို့ ယနေ့မြန်မာနိုင်ငံမှာတော့ လူတန်းစားကွာ ဟ,မှုဟာ မထင်မှတ်နိုင်လောက်အောင် ကြီးထွားနေတာတွေ့ရပါတယ်။

ပိုက်ဆံ သိန်းထောင်သောင်းချီပြီးသုံးစွဲပြနေတဲ့သူတွေကို အတုယူပြီးတော့ လူငယ်လေးတွေလမ်းလွဲမလိုက်မိဘို့ လိုပါတယ်၊ မိမိလက်လှမ်းမှီရာ စာပေနဲ့နိုင်ငံရေးဗဟုဿုတ,တွေကို လေ့လာနေမှသာ အမှန်အမှားကိုခွဲခြားနိုင် ပြီး ပညာရဲ့တန်ဘိုးကို နားလည်မှာဖြစ်ပါတယ်။

အဲဒီတော့ တိုင်းပြည်တည်ဆောက်ရေးမှာ အဓိက,လုပ်အားဖြစ်တဲ့ လူလတ်ပိုင်းအသက် ၂၀ကနေအသက်၅၀အ ထိ အသိပညာရှင်တွေ အတတ်ပညာရှင်တွေ တနည်းအားဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ဦးဏှောက်တွေ အဆီအနှစ် လူ့အရင်းအမြစ်တွေဟာ သူများတိုင်းပြည်အတွက် အလုပ်လုပ်ပေးနေရပါတယ်။

ဒါဟာ အင်မတန်ရင်နာစရာကောင်းပါတယ်၊ ကိုယ့်တိုင်းပြည်ရဲ့စံနစ်ဆိုးကြောင့် အဓိကလုပ်အားတွေဟာ ကိုယ့် တိုင်းပြည်မှာ ရှိမနေခဲ့ပါဘူး၊ ဘာကြောင့် ပညာရှင်တွေသူများတိုင်းပြည်အတွက် အလုပ်လုပ်ပေးနေရပါသလဲ။
ကျွန်တော်တို့နိုင်ငံမှာ ပညာရှင်တွေအတွက် နေရာပေးနိုင်တဲ့ ခိုင်မာတဲ့စီးပွါးရေးယန္တယား မရှိလို့ပါပဲ၊ စီးပွါးရေး ခိုင်မာဘို့ဆိုတာကလည်း တည်ငြိမ်တဲ့နိုင်ငံရေးရှိဘို့ လိုပါတယ်၊ တကယ်လို့ ကိုယ့်တိုင်းပြည်မှာ တည်ငြိမ်တဲ့နိုင် ငံရေးစံနစ်လည်းရှိမယ် ခိုင်မာတဲ့စီးပွါးရေးယန္တယားလည်းရှိမယ် ဆိုရင် ဘယ်သူမှ နိုင်ငံခြားထွက်ပြီး သူများအ တွက်အလုပ်လုပ်ပေးနေစရာမလိုပါဘူး။

ကမ္ဘာအရပ်ရပ်မှာရောက်နေကြတဲ့ မြန်မာပြည်ဘွား အသိပညာရှင် အတတ်ပညာရှင်တွေဟာ တနေ့နေ့တချိန် ချိန်မှာ ကိုယ့်တိုင်းပြည်ပြန်တည်ဆောက်ရေးအတွက် ပြန်ပြီးအကျိုးပြနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်၊ ကျွန် တော်ပြောခဲ့တဲ့ ပြဿနာအရပ်ရပ်ရဲ့အရင်းအမြစ်ဖြစ်တဲ့ ပျက်ဆီးနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ပညာရေးစံနစ် ကြီးကို ပြုပြင်ပြောင်းလဲနိုင်မှသာ အနာဂါတ်မြန်မာနိုင်ငံဟာ လှပ,နိုင်လိမ့်မယ်လို့ ကျွန်တော် လေးလေးနက်နက် ယုံကြည်ပါတယ်။

အမေရိကန်ပြည်ထောင်စုက တတိယနှစ်ဗိသုကာပညာကျောင်းသား ကိုရဲဟန်ရဲ့ သူယုံကြည်ရာလေးကို VOA Burmese Section ကနေ ပြောပြသွားတဲ့အတွက် နားထောင်ပြီးပြန်ရေးပြထားတာပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment