+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, February 1, 2010

ငချွတ်အိပ်မက်

ငချွတ်အိပ်မက်
(မင်းစိုးစံ)

ယခင်အဆက်

(ဂ)
ဆိုင်ရှင်သည် ငချွတ်ရှိရာသို့ပြန်ရောက်လာပြီးအိပ်ခန်းအတွင်းသို့ဝင်သွားသည်၊ သော့ဖြင့်တစုံတခုကို ဖွင့်နေသံ ကိုကြားလိုက်သည်၊ပြီးနောက် ပြန်ထွက်သွား၏၊ သိပ်မကြာလိုက် နောက်ထပ်တကြိမ်ပြန်ဝင်လာပြီး ပြန်ထွက် သွားပြန်သည်။

ငချွတ်မှာမူ ချက်ကြီးနှင့် ငပြူးတို့ ဆိုင်ရှင်ကိုဘာတွေလာပြောသွားသည်ဆိုသည်ကိုသာ သိချင်နေလေတော့၏၊ အတန်ငယ်ကြာသည့်အခါ ဆိုင်ရှင်ပြန်ရောက်လာပြီး ငချွတ်အနားတွင်ထိုင်ကာ ဒန့်ကျွဲရွက်လက်သုတ်ကိုဝါး ရင်း ဤသို့ပြောပါ၏။

“ကိုငချွတ်ရေ ဘယ်လိုနေလဲဗျ ကျွန်တော်ကိုယ်တိုင်သုတ်ထားတဲ့ မိုးကျလ္ဘက်သုတ်ကလေး အရသာရှိရဲ့လား”
ငချွတ်သည် အဖန်ရည်အိုးထဲမှ ရေနွေးကြမ်းများကို စိန်ပြေနပြေသောက်နေရာမှ ဆိုင်ရှင်ကိုခေါင်းငြိမ့်ပြသလို လုပ်လိုက်သည်။

“ပြောစမ်းပါဦးဗျ ငပြူးနဲ့ချက်ကြီးတို့က ခင်ဗျားကိုဘာတွေဘယ်လိုတွေပြောသွားကြလို့လည်း…ကျွန်တော်သိချင် လှပြီ”

“ပြောပြမှာပေါ့ဗျာ သိပ်ပြီးတော့လည်း လောမကြီးစမ်းပါနဲ့လေ၊ ငှက်ဖျားရေ…ရေနွေးကြမ်းအိုးလေး ထပ်ဖြည့်ပေး စမ်းပါဦးကွယ်”

ဆိုင်ရှင်က သူ့တူတော်မောင်ကို လှမ်းအော်ခေါ်ရင်းခိုင်းလိုက်ခြင်းဖြစ်သည်၊ ယခု ငချှတ်သောက်နေသည့် အဖန် ရည်သည် ဆိုင်ရှေ့က သောက်နေကျ အဖန်ရည်မဟုတ်သည်မှာသေခြာလှသည်၊ အရောင်သည် နီနီရဲရဲကြီးမ ဟုတ် ဝါဖန့်ဖန့်အရောင်မျိုးရှိပြီး ဖန်မလိုလိုနှင့်ချိုပျပျဖြင့်မွှေးနေသည်၊ မွှေးသည်ဆို၍ တရုတ်နိုင်ငံကလာသည့် စံပယ် ပန်းကယ့်သို့မွှေးခြင်းမဟုတ်ပဲ လ္ဘက်အနံ့သင်းနေခြင်းကိုဆိုလိုခြင်းဖြစ်သည်။

“ဒီလိုရှိတယ်ဗျ ခင်ဗျားပြောတဲ့နေ့က အရေးကြီးတယ်ဆိုတဲ့နေ့ကပေါ့ဗျာ၊ ခင်ဗျားတို့တတွေ ဘယ်လောက်အ တိုင်းအတာအထိလုပ်ပိုင်ခွင့်ရှိတယ် ဘယ်လောက်အထိလုပ်နိုင်မလဲ ဆိုတာကို စမ်းသပ်လိုက်တယ်လို့ ကျွန် တော်မြင်တယ်၊ ချက်ကြီးနဲ့ငပြူးတို့ကတော့ စောစောပိုင်းက ကျွန်တော်ပြောသလိုပေါ့ အတွေးအခေါ်ရှိတဲ့ လူ ငယ်တွေပီပီ မတရားတာဘာလဲ၊ မမှန်တာတွေက ဘာလဲ၊ ဘယ်လုပ်ရပ်မျိုးက အကျိုးမရှိဘူးဆိုတာ သူ့အတိုင်း အတာနဲ့သူ သိနေကြတာ၊ ဒါပေမယ့်သူတို့ဘာတခုမှ ပြောဆိုဆွေးနွေးခွင့်တွေမရ,သလို သူတို့တင်ပြဆွေးနွေး တာတွေကို သရော်သလိုလို လှောင်သလိုလို ပြောဆိုလုပ်ပြနေတော့ သူတို့အခုလို ဆန်အိတ်ခိုးတာတို့ ဆန်ဝေ နေတဲ့အချိန်မှာ ဆန်ကိုခပ်တည်တည်ချဉ်တွယ်ပြီး ယူသွားတာတို့ကို လုပ်ပြလိုက်တာပဲ လို့ပြောတယ်”

ငချွတ်သည် အရူးအလုပ်ခံလိုက်ရချေပြီဟု တွေးမိလိုက်သည်၊ ကော်မီတီအသစ်ဖွဲ့သည်သာဆိုသည် ဘာတခုမှ လုပ်ပိုင်ခွင့်မရှိသော ဘာတခုမှမလုပ်နိုင်သော အရူးအနှမ်းကော်မီတီသာဖြစ်နေသည်ဟု ကောက်ချက်ချလိုက် သည်။

ငချွတ်တာဝန်က ဒုတိယစာရင်းစစ်ဖြစ်သည်၊ မဖြစ်တော့ ဒီအတိုင်းဆိုပါက ငချွတ်မျှော်မှန်းထားသော တွေးထင် ထားသောအရာများ လက်တွေ့အကောင်အထည်ဖေါ်ဘို့မဆိုနှင့်ကြာလာလျှင် ငချွတ်သည်ပင်အဖြူထည်ဘဝ,မှ အရောင်တွေဘာတွေနှင့် ဖြစ်လာချေတော့မည်။

“အဲဒါပဲကိုငချွတ်ရေ ကျွန်တော်တို့ ကရင်တွေဟာ ပြဿနာတခုဖြစ်လာပြီဟေ့ဆိုရင် ဝိုင်းဝန်းဆွေးနွေးအဖြေရှာ ဘို့ထက် တဦးတယောက်ရဲ့ အလျှင်စလို ဆုံးဖြတ်မှုကိုလက်ခံတတ်တဲ့အကျင့်က မွေးရာပါဖြစ်နေတယ်ဗျ၊ ဒါ ကြောင့်လည်း ဒီကနေ့အထိက လုပ်ချင်သလိုလုပ်နေတဲ့လူနဲ့ ဘေးထိုင်ဘုပြောနေတဲ့လူဆိုပြီး ကရင်ထဲမှာ လူ တန်းစားနှစ်ရပ် ဖြစ်နေတယ်လို့ပြောရင် သိပ်နစ်နာသွားမလားမဆိုနိုင်ဘူး”

ငချွတ်သည် ဆိုင်ရှင်ပြောသည်များကိုလေးလေးနက်နက်စဉ်းစားလိုက်သည် ဟုတ်သလိုလိုမဟုတ်သလိုလို ဖြစ် နေ၏။ မတွေးတတ် ငချွတ်မစဉ်းစားတတ် မစဉ်းစားနိုင်တော့ ရှင်းရှင်းပြောရလျှင် ငချွတ်ဦးဏှောက်လိုက်မမှီချင် တော့၊ ထိုထိုသောအားနည်းချက်ကြောင့်ပင် လူထုဆန္ဒဖြင့်အသစ်ဖွဲ့ထားသော ကော်မီတီသစ်အတွင်း ကော်မီ တီဟောင်းမှ ပုဂ္ဂိုလ်များက လုပ်နည်းကိုင်နည်းများကို လေ့ကျင့်သင်ကြားပေးရန်လိုအပ်သည်ဟု အကြောင်းပြ လျှက် ပူးတွဲပါဝင်လုပ်ဆောင်နေခြင်းဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

တခုတော့ရှိသည် ငချွတ်သိနေသည်မှာ ဤအသစ်ဖွဲ့သည်ဆိုသောကော်မီတီအတွင်းမှ နှုတ်ထွက်ရန်နည်းလမ်းမှ အပ, တခြားနည်းလမ်းမရှိ။

“ခင်ဗျားရဲ့ မိုးကျလ္ဘက်သုတ်နဲ့ အဖန်ရည်ကအရမ်းကိုကောင်းတယ်ဗျာ၊ အဲဒီလိုပဲ ခင်ဗျားဆီကရ,လိုက်တဲ့ အ တွေးတွေကလည်း မိုးကျလ္ဘက်သုတ်နဲ့ အဖန်ရည်ထက် ကျုပ်ရင်ထဲမှာစူးနစ်ထင်ကျန်နေမှာပါ၊ ကဲ ပြန်လိုက်ပါဦး မယ်၊ ကျေးဇူးအများကြီးတင်တယ်ဗျာ”


(ဃ)
သို့ဖြင့် မကြာမတင်မှာပင် ငချွတ်တယောက် နှုတ်ထွက်စာကိုတင်လိုက်သည်။
ငချွတ်၏ နှုတ်ထွက်စာကို ထိုထိုသော ကော်မီတီဟောင်းမှလူများက ဝမ်းပန်းတသာကြိုဆိုကြလေ၏။ ကော်မီတီ သစ်မှလူသစ်များကမူ နှုတ်ထွက်စာနှင့်ပတ်သက်၍အစည်းအဝေးတရပ်ခေါ်ယူသင့်ကြောင်း၊ အဖွဲ့ဝင်တဦးအဖွဲ့ အတွင်းမှနှုတ်ထွက်ရခြင်းအကြောင်းကို အဖွဲ့ဝင်များရှေ့မှောက်တွင် ကာယကံရှင်ကိုယ်တိုင်ရှင်းလင်းပြောကြား သင့်ကြောင်း သို့မှသာ အဖွဲ့အတွင်း ပြုပြင်ပြောင်းလွဲသင့်သည့်အချက်များရှိမည်ဆိုပါက ပြုပြင်ပြောင်းလွဲနိုင်မည် ဖြစ်သဖြင့် လူထုအတွက်အကျိုးတစုံတရာ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောဆိုတင်ပြကြသော်လည်း ကော်မီတီ ဟောင်းမှလူတဦးက ဤသို့ဆိုလိုက်၏။

“မလိုပါဘူးကွာ ဝင်ငွေသိန်းနဲ့သန်းနဲ့ ချီပြီးရှိတဲ့ အဖွဲ့အစည်းတောင်မှ စာရင်းစစ်တယောက်ထဲထားတဲ့ဥစ္စာ ဒီဒုက္ခ သည်စခန်းရဲ့ဝင်ငွေက ဘယ်လောက်ရှိတာလိုက်လို့ တယောက်ထဲထားတာက ပိုတောင်ကောင်းသေး”

ငချွတ်သည် ကော်မီတီရုံးခန်းအတွင်းမှ ထွက်လာခဲ့၏။ ရပ်ကွက်(၈)ဘက်မှ မိုးဖွဲလေးများနှင့်အတူ တိုက်ခတ် လာသည့်လေကိုရှုရှိုက်ရင်း သူနေထိုင်ရာ ရပ်ကွက်(၆)သို့ပြန်လာခဲ့၏။ သူဖြတ်လျှောက်လာသည့် ရပ်ကွက်များ ထဲမှ ရပ်ကွက်တခု၏ တဲတတဲဆီမှ သီချင်းသံတသံသည် မိုးဖွဲလေးများနှင့်အတူ ပြန့်လွင့်လျှက်ရှိနေတော့သည်။

“စပါးကို……ဖျက်တာ………စပါးထဲက…..ပိုး………..။ ဝါကို………ဖျက်တာ………ဝါထဲက…ပိုး………။ သံကို……..သံဖျက်……. သံချေး(ဂျီး)တက်တာ…..သိပါရဲ့လား…..ဗျို…….”

ရွှင်လန်းချမ်းမြေ့ကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment