ဇွဲကပင်ရဲ့ခံစားချက်
(မင်းစိုးစံ)
“တောက်”တချက်ကို ခပ်ပြင်းပြင်းခေါက်
နှုတ်ခမ်းတွေပေါက်ထွက်မတတ်
လက်သီးဆုပ်ရင်းအံကိုကြိတ်
အသံတိတ်ကြေကွဲနေတယ်။
မင်းတို့တတွေကို
မြေအိုးတလုံးလို့မဆိုချင်ပေမယ့်
သေခြာတာက
မင်းတို့ဟာ
အိုးကောင်းတလုံးမဖြစ်ခဲ့ဘူးဆိုတာပဲ။
ဒီအိုးကို
ဖိုခနောက်ပေါ်တင်
ထမင်းတည်ချင်ရင်….တည်
ဟင်းရွက်ပြုတ်ချင်ရင်….ပြုတ်
ငရုပ်သီးလှော်ချင်ရင်….လှော်
ငါးပိကျိုချင်ရင်……ကျို
အဲဒီလိုလှယ်သုံးရင်း
မင်းတို့ကြီးပြင်းခဲ့တယ်။
သွေးသားအရင်းအချာဖြစ်ပါလျှက်
အမြင်မတူတာကိုမညှိ
လူတွေသိတာရှိသလို
လူတိုင်းမသိတဲ့အရာတွေနဲ့
မြေအိုးတလုံးလိုကျကွဲခဲ့တယ်။
အိုးကွဲတဲ့နောက်
ရောက်ချင်ရာရောက်
ပေါက်ချင်ရာပေါက်
တယောက်တပေါက်နဲ့
ရေဝေးမြေခြားတဲ့အရပ်မှာ
ငါ့ကိုအကြောင်းပြ
လုပ်စားကြ
အဆီပျံဖေါင်းကားတဲ့မျက်နှာတွေ
ရာဝင်အိုးသာသာဗိုက်တွေ
မြောက်ကြွနေပုံများ
မကြားချင်အဆုံး
မမြင်ချင်အဆုံး။

ယူကြုံးမရဖြစ်မိတာက
ငါ့ကိုယ်စား
မျက်နှာများနဲ့တောင်ကိုအစားထိုး

သောင်ရင်းကိုဘေးထိုးပစ်
(Mississippi )မစ္စစ္စပီမြစ်ကိုကိုးကွယ်
ဘိုးဘွားတွေရဲ့
မြင့်မြတ်တဲ့နေ့ကိုရွှေ့
ပျော်ပွဲရွှင်ပွဲနေ့ဖြစ်အောင်လုပ်
ကျွန်တော်တို့အလုပ်များလွန်းလို့
အခုလိုလုပ်ရတာကို
နားလည်ပေးပါဆိုတော့……..။
အရင်တုန်းက
မင်းတို့ရဲ့အဘိုးနဲ့အဘွား
ထားခဲ့တဲ့သမိုင်းဝင်နေ့ထူးနေ့မြတ်များဟာ
သူတို့လုပ်စရာမရှိလို့လပ်ယားလပ်ယားနဲ့
သားစဉ်မြေးဆက်
ဝန်ပိအောင်ရွေးပြီးထားခဲ့တဲ့
အသုံးမကျတဲ့နေ့ဖြစ်သွားပြီပဲ။
“တောက်”တချက်ကိုမပီမသ,ခေါက်
မျက်ရည်ပေါက်တွေတောက်တောက်ကျ
ခြေထောက်တွေခွေညွှတ်မတတ်
အထပ်ထပ်နာကျဉ်နေတယ်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
0 comments:
Post a Comment