+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, June 14, 2010

အသက်ရှည်ကြောင်း နည်းကောင်းငါးသွယ်

အသက်ရှည်ကြောင်း နည်းကောင်းငါးသွယ်

လောက၌ လူသားအားလုံးပင် အသက်ရှည်ြခင်းကို အလိုရှိကြသည်။
အသက်ရှည်ဖို့ရန်အတွက် နည်းလမ်းအမျိုးမျိုးကို ရှာဖွေလျက် ရှိကြသည်။
အသက်ရှည်ဖို့ရန်အတွက် စားသုံးဖွယ်ပစ္စည်း၊ ဆေးဝါးပစ္စည်းများကို အမျိုးမျိုး တီထွင်ထုတ်လုပ်လျက်ရှိကြသည်။ အသက်ရှည်ဖို့ရန်အတွက် ကိုယ်ကာယကို လေ့ကျင့်နည်း၊ စိတ်ကိုလေ့ကျင့်နည်း လုပ်ဆောင်လျက်ရှိကြသည်။

ဤနေရာ၌ အသက်ရှည်ကြောင်း နည်းလမ်းကောင်းများကို ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သည်ကို တင်ပြလိုပါသည်။ ဗုဒ္ဓဘုရားရှင်က အသက်ရှည်ရန်အတွက်-
(၁) သင့်လျော်သည်ကို ပြုလေ့ရှိခြင်း။ (သပ္ပါယကာရီ ဟောတိ)
(၂) သင့်လျော်သည်၌ အတိုင်းအရှည်ကို သိခြင်း။(သပ္ပါယေ မတ္တံ ဇာနာတိ)
(၃) ကြေကျက်လွယ်သည့် ဘောဇဉ်ကို မှီဝဲသုံးဆောင်ခြင်း။ (ပရိဏတဘောဇီ ဟောတိ)
(၄) အကျင့်သီလနှင့် ပြည့်စုံခြင်း။( သီလဝါ စ)
(၅) မိတ်ဆွေကောင်း ရှိခြင်း။ (ကလျာဏမိတ္တော စ)
ဟူသော အကြောင်းတရား ၅-ပါးကို လိုက်နာကျင့်သုံးသင့်ကြောင်း ဟောကြားတော်မူခဲ့သည်။

ယင်းတို့တွင် သင့်လျော်သည်ကို ပြုလေ့ရှိခြင်းဟူသည်-
မိမိနှင့်သင့်လျော်သည့် စားဖွယ်သောက်ဖွယ်များကိုသာ မှီဝဲသုံးဆောင်ခြင်း ဖြစ်သည်။ မိမိနှင့် သင့်လျော်သည့် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်း တည်းဟူသော ဣရိယာပုထ်တို့ဖြင့်သာ နေထိုင်ခြင်းဖြစ်သည်။ မိမိတို့နှင့် သင့်လျော်သည့် အအေးအပူ မျှတသည့် အရပ်ဒေသတို့၌သာ နေထိုင်ခြင်း စသည်တို့ဖြစ်သည်။

ထို့နောက် သင့်လျော်သည်၌ အတိုင်းအရှည်ကို သိခြင်းဟူသည်-
မိမိတို့နှင့် သင့်လျော်သည့် စားဖွယ်သောက်ဖွယ်တို့ကို သုံးဆောင်ရာ၌ သင့်လျော်သည့် အတိုင်းအရှည် ပမာဏအထိသာ သုံးဆောင်ခြင်းဖြစ်သည်။ သင့်လျော်သည့် ဣရိယာပုထ်တို့ဖြင့် နေထိုင်ကြရာ၌ မိမိတို့နှင့် သင့်လျော်သည့် အတိုင်းအရှည် ပမာဏကိုသိ၍ နေထိုင်ခြင်းဖြစ်သည်။ သင့်လျော်သည့် အအေးအပူ မျှတသောအရပ်ဒေသတွင် နေထိုင်ကြရာ၌လည်း မိမိတို့နှင့် သင့်လျော်သည့် အတိုင်းအရှည်ပမာဏအထိသာ နေထိုင်ခြင်း စသည်တို့ကို ဆိုလိုသည်။

တဖန် ကြေကျက်လွယ်သည့် ဘောဇဉ်ကို မှီဝဲသုံးဆောင်ခြင်း ဟူသည်-
ကြေလွယ်၊ ကျက်လွယ်သည့် အစားအစာဘောဇဉ်များကိုသာ မှီဝဲသုံးဆောင်ခြင်းကို ဆိုလိုသည်။

ထို့ပြင် အကျင့်သီလနှင့် ပြည့်စုံခြင်းဟူသည်-
အသက်ရှည်လိုကြသူတို့သည် ၅-ပါးသီလကို စောင့်ထိန်းရန် ဖြစ်သည်။ သုစရိုက်ဖြစ်သည့် ကောင်းမှုကုသိုလ်များနှင့် ပြည့်စုံအောင် ဆောင်ရွက်ရန်ဖြစ်သည်။

မိတ်ဆွေကောင်းရှိခြင်း ဆိုသည်မှာမူ-
သားကောင်း၊ သမီးကောင်း၊ ဇနီးမယားကောင်း၊ လင်ယောက်ျားကောင်း၊ မိတ်ဆွေကောင်းများနှင့် အတူတကွ ပေါင်းသင်းနေထိုင်ကြခြင်းကို ဆိုလိုသည်။
ထိုထိုမိတ်ဆွေကောင်းတို့သည် ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှုတို့ကို ပေးနိုင်သောကြောင့် ဖြစ်သည်။

ဤသည်တို့ကား ဗုဒ္ဓဘုရားရှင် ဟောကြားညွှန်ပြတော်မူသော အသက်ရှည်ကြောင်း နည်းလမ်းကောင်းများ ဖြစ်သည်။ အသက်ရှည်လိုသူများ သတိပြုဆင်ခြင်နိုင်ကြပါစေ။ ကျင့်ကြံအားထုတ်နိုင်ကြပါစေ။

( မြတ်မင်္ဂလာ ၂၀၀၈-ခု ဖေဖော်ဝါရီလ)

0 comments:

Post a Comment