+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, January 28, 2011

စည်ပင်ဧည့်ရိပ်သာမှ အခြေအနေ

နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံကို အဝေးမှမြင်ရစဥ
်(ဓာတ်ပုံ - economist)


လွှတ်တော်ကိုယ်စားလှယ်များ အနေအစားခက်

ခင်ဦးသာ
Friday, 28 January 2011

“ရေချိုးမယ် ဆိုပြီး ရေခလုတ် ဖွင့်လိုက်တော့ ရေအနီရောင်တွေ ထွက်လာတယ်။ ဒီနေ့ အထိတော့ ရေမချိုးသေးဘူး” ဟု လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က နေပြည်တော် စည်ပင် ဧည့်ရိပ်သာမှ ရေချိုးခန်းတခု၏ အခြေအနေကို ပြောပြသည်။

ဦးဘရှင်သည် ဇန်ဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေး တက်ရောက်ရန် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော် မြို့တော်သစ်ရှိ လွှတ်တော် ကိုယ်စားလှယ်များ တည်းခိုရန် စီစဉ်ပေးထားသည့် စည်ပင်ဧည့်ရိပ်သာသို့ ရောက် ရှိနေသည်မှာ ၂ ရက်ခန့်ရှိပြီ ဖြစ်သည်။

၎င်းသည် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျောက်ဖြူ မြို့နယ်မှ အရွေးချယ် ခံထားရသော ကိုယ်စားလှယ် ဖြစ်သည်။

လာမည့် တနင်္လာနေ့တွင် ကျင်းပမည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်သို့ အရပ်သားနှင့် တပ်မတော်သား ကိုယ်စားလှယ်ပေါင်း ၆၆၄ ဦး တက်ရောက်ကြမည် ဖြစ်ပြီး ပထမဦးစွာ ကျမ်းသစ္စာ ကျိန်ဆို၍ လွှတ်တော်အတွက် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများ၊ သဘာပတိ အဖွဲ့နှင့် ဒု-သမ္မတ များကို ရွေးချယ်ကြမည် ဖြစ်သည်။

ကိုယ်စားလှယ်များ နေထိုင်ရန် စည်ပင် ဧည့်ရိပ်သာအား သီးသန့် စီစဉ်ပေးထားသော်လည်း တခြားသော နေရာများ၌ နေထိုင်လိုပါက သက်ဆိုင်ရာကို အကြောင်းကြား၍ နေထိုင်နိုင်သည်ဟု ကိုယ်စားလှယ်များက ဆိုသည်။

စစ်အစိုးရ သတ်မှတ်ပေးထားသော စည်ပင်ဧည့်ရိပ်သာ၌ အခက်အခဲ တချို့ရှိသော်လည်း အထွေထွေစရိတ်များ ကြီးမြင့်မှုကြောင့် တခြားသို့မပြောင်းနိုင်ကြဘဲ အဆိုပါ ဧည့်ရိပ်သာ၌ပင် ကိုယ်စားလှယ် အများစုက နေထိုင်ကြသည်ဟု သိရသည်။

သို့ရာတွင် ကြံ့ဖွံ့ပါတီ၏ ထိပ်တန်း ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်များသည် အဆင့်မြင့် ဟိုတယ်ကြီးများ၌ တည်းခိုကြသည်။

“ကျနော်က Mount Pleasant ဟိုတယ်မှာပဲ တည်းပါတယ်။ အကုန်လုံးကတော့ စပါယ်ရှယ်ပါပဲ။ ဒီဟိုတယ်က နေပြည်တော်မှာ အကောင်းဆုံးနဲ့ ဈေးအကြီးဆုံး ဟိုတယ်တခုပါ” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဇေကမ္ဘာ ဦးခင်ရွှေက ပြောသည်။

ထိုဟိုတယ်၏ တည တည်းခိုစရိတ်သည် အနည်းဆုံး ကျပ် ၅ သောင်းမှ ၄ သိန်း အထိရှိပြီး ဒေါ်လာငွေဖြင့်သာ လက်ခံသော ဟိုတယ်တခု ဖြစ်သည်။

ဦးခင်ရွှေသည် ကြံ့ဖွံ့ပါတီ၏ တွံတေးမြို့နယ်နှင့် ကော့မှူးမြို့နယ် ကိုယ်စားပြုကာ အမျိုးသား လွှတ်တော်မှ အနိုင်ရထားသော ကြံ့ဖွံ့ကိုယ်စားလှယ် ဖြစ်သည်။

“ကျနော်က လွှတ်တော်ပြီးတဲ့အထိ ဟိုတယ်မှာပဲနေမယ်။ အစည်းအဝေးကိုလည်း ကိုယ့်ကားနဲ့ကိုယ် တက်မှာပါ။ ဟိုတယ်အသင်းရဲ့ ဥက္ကဋ္ဌ ဆိုတော့ အကုန်လုံးနီးပါးက အလကားလို ရပါတယ်” ဟု ဦးခင်ရွှေက ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များသည် အစိုးရ စီစဉ်ထားသည့် စည်ပင်ဧည့်ရိပ်သာ၏ ထမင်းဆိုင်များ၌ ကိုယ့်အစီအစဉ်နှင့်ကိုယ်မိမိ ကြိုက်နှစ်သက်ရာ ဟင်းများကို မှာယူစားသုံးနိုင်ပြီး ထမင်းဟင်း စုပုံထားသည့် ထမင်းတပန်းကန်လျှင် ၁၅၀၀ ကျပ် ပေးရ သည်ဟု သိရသည်။ ထပ်မံမှာယူပါက ဟင်းအမျိုးအစားပေါ် မူတည်၍ အပိုကြေး ပေးရမည်ဖြစ်သည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်အများစုမှ အပ တခြားသောနိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များသည် ဈေးချိုသော စည်ပင်ဧည့် ရိပ်၌သာ နေထိုင်ကြသည်ဟု သိရသည်။ ဧည့်ရိပ်သာ၏ တညတည်းခို စရိတ်သည် ၁၅၀၀ ကျပ်မှ ၄၅၀၀ ကျပ်ရှိသည်။

စည်ပင်ဧည့်ရိပ်သာသည် လွှတ်တော်အဆောက်အအုံနှင့် ၁၀ မိုင်ခန့်ဝေးကွာပြီး အကြိုအပို့ မော်တော်ကားများ စီစဉ်ထားမည်ဟု ကိုယ်စားလှယ်များက ပြောသည်။

စည်ပင်ဧည့်ရိပ်သာရောက် ကိုယ်စားလှယ်များ၏ ပြောပြချက်အရ သောက်ရေအား ပြင်ပမှ ၀ယ်ယူသောက်သုံး၍ အဆင်ပြေကြသော်လည်း ရေချိုးခန်းမှ အနီရောင်ရေကြောင့် အခက်ကြုံနေကြသည်ဟု သိရသည်။

လွှတ်တော် စတင်တော့မည် ဖြစ်သော်လည်း လွှတ်တော်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ကိုယ်စားလှယ် အများစုက မသိကြသေးဟု ဆိုကြသည်။

“လွှတ်တော်နဲ့ ပတ်သက်ပြီး ဘာမှ မသိသေးတော့ ဘာတွေ ဆွေးနွေးရမယ်ဆိုတာ လွှတ်တော်ထဲ ရောက်တဲ့နေ့မှပဲ သိရမယ်။ ဘယ်နှရက်ကြာမယ် ဆိုတာလဲ မသိသေးပါဘူးဗျာ” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောသည်။

ဦးစိုးဝင်းသည် ၁၉၉၀ ရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ရွေးကောက်ခံခဲ့ရသော ကိုယ်စားလှယ် တဦးဖြစ်ပြီး ယခုလွှတ်တော်သည် ၎င်းအတွက် ပထမဆုံး တက်ရောက်ရမည့် လွှတ်တော်ဟု ဆိုသည်။

“ထူးထူးခြားခြား စိတ်လှုပ်ရှားမှုမျိုးတော့ မရှိပါဘူး” ဟု ဦးစိုးဝင်းက ဆိုသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ကိုယ်စားလှယ် ဦးမင်းမျိုးတင့်လွင် ကလည်း “လွှတ်တော်ဆိုတာက ကျနော်တို့အတွက် အစိမ်းသက်သက်ကြီး ဖြစ်နေတယ်။ တိုင်းရင်းသား အရေးတွေ ဆွေးနွေးပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း ဘာမှသေချာ မသိသေးပါဘူး” ဟု ဆိုသည်။

ကိုယ်စားလှယ်များသည် လွှတ်တော်တက်ရောက်ရန် လှုပ်ရှားတက်ကြွ နေကြသော်လည်း ပြည်သူများကမူ လွှတ်တော်နှင့် ပတ်သက်၍ သိရှိမှု၊ စိတ်ဝင်စားမှု နည်းကြောင်း သိရသည်။

ရန်ကုန်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးကလည်း နိုင်ငံရေးစိတ်ဝင်စားသူ တချို့မှအပ ပြည်သူလူထုက လွှတ်တော် အကြောင်း သိခြင်း၊ စိတ်ဝင်စားခြင်း မရှိကြဟု ပြောသည်။

“မဆလ ခေတ် လွှတ်တော်က တပါတီစနစ်၊ အခုလွှတ်တော်က ပါတီစုံပါဝင်တယ်။ ဒီမိုကရေစီ ပါတီတွေ၊ တိုင်းရင်းသား ပါတီတွေ ပါဝင်တာက မဆလနဲ့ကွာတယ်။ ဒါပေမယ့် ထုတ်ထားတဲ့ ဥပဒေတွေက တင်းကျပ်နေတော့ မဆလ လွှတ်တော်နဲ့ ဘာမှ မထူးခြားပါဘူး” ဟု ၎င်းက ဆိုသည်။

ဦးစိုးဝင်းက စည်ပင်ဧည့်ရိပ်သာ၌ ကြံ့ဖွံ့ပါတီဝင်တချို့နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီကိုယ်စားလှယ် တချို့ တည်းခိုလျက်ရှိကြောင်း၊ သို့သော် မိတ်ဆွေအဖြစ် နှုတ်ဆက်ရုံမှအပ နိုင်ငံရေးနှင့်ပတ်သက်သော ဆွေးနွေးပြောဆို မှုများမရှိကြကြောင်း ပြောသည်။

ကိုယ်စားလှယ်များ၏ နေထိုင်စားသောက်မှု စရိတ်များကို သက်ဆိုင်ရာ လွှတ်တော်ရုံးအဖွဲ့ထံ၌ သတ်မှတ်ချိန်အတိုင်း ထုတ်ယူရန် ခွင့်ပြုထားကြောင်း ဦးစိုးဝင်းက ဆိုသည်။

ကိုယ်စားလှယ် တဦးလျှင် ကျပ် ၃ သိန်းထုတ်ပေးသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ကိုယ်စားလှယ် ဦးမင်းမျိုးတင့်လွင်က ပြောသည်။

ကိုယ်စားလှယ်အများစုသည် လွှတ်တော်အဆောက်အအုံသို့ ယခုထိ မရောက်ဘူးကြသေးကြောင်း ပြောကြသည်။

“အထဲကိုတော့ မရောက်ဖူးသေးဘူးဗျ။ ဒါပေမယ့် အဝေးက လှမ်းမြင်နေရတာတော့ တကယ့်နန်းတော်ကြီး အတိုင်းပါပဲဗျာ” ဟု မွန်ပါတီ၏ ကိုယ်စားလှယ် ဦးမင်းမျိုးတင့်လွင်က ဆိုသည်။

Source News from
http://www.bur.irrawaddy.org/index.php/news/5585-2011-01-28-11-14-21
မှရယူသည်၊
ကျေးဇူးတင်ပါသည်၊


Source Audio from http://www.bbcburmese.com

0 comments:

Post a Comment