+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, January 28, 2011

နိုင်ငံခြား ရေနံဓါတ်ငွေ့ကုမ္မဏီများ

Source Photo from http://www.google.com/images
ကျောက်ဖြူ၊ ကုမင် မြန်မာ-တရုတ် ရေနံနဲ့ ဓါတ်ငွေ့ကုမ္မဏီ

နိုင်ငံခြား ရေနံဓါတ်ငွေ့ ကုမ္မဏီများ

By ဦးအောင်ခင် & မညိုညိုလွင်
စနေ, 29 ဇန်နဝါရီ 2011

ကျောက်ဖြူ၊ ကုမင် မြန်မာ-တရုတ် ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း စတင် အကောင်အထည်ဖော်နေတုန်း မြန်မာပြည် အလယ်ပိုင်းဒေသမှာ တရုတ်ကုမ္မဏီက သဘာဝဓါတ်ငွေ့တွင်းကြီးတခု ရှာဖွေတွေ့ရှိတယ်ဆိုတဲ့ သတင်း ဒီလအစောပိုင်းက ထွက်လာပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်တဲ့အတွက် ဒေသခံ ပြည်သူလူထု ဘဝပျက်သွားတဲ့ သာဓကတွေ ရှိပါတယ်။ တနင်္သာရီကမ်းလွန်က ရတနာဓါတ်ငွေ့ ပိုက်လိုင်းကြောင့် ဒုက္ခရောက်နေရတဲ့ ဒေသခံတွေဘက်က Unocal ကုမ္မဏီကို အမေရိကန်မှာ တရားစွဲတဲ့အတွက် လျှော်ကြေးပေးလိုက်ရတဲ့ သာဓကတွေက ထင်ရှားပါတယ်။

မြန်မာပြည်မှာ ပထမဆုံး ဓါတ်ငွေ့ထုတ်ယူတဲ့ ကုမ္မဏီတွေဟာ ပြင်သစ် Total နဲ့ အမေရကန် Unocal ဖြစ်ပါတယ်။ ဒုက္ခရောက်နေတဲ့ တိုင်းသူပြည်သားတွေကို လစ်လျူရှုနေတဲ့ ဗမာစစ်အစိုးရနဲ့ လက်တွဲလုပ်ကိုင်တာဟာ ကိုယ်ကျင့်တရား ကင်းမဲ့တဲ့ အပြုအမှု ဖြစ်တယ်ဆိုပြီး ဥရောပနဲ့ အမေရိကန်မှာ ရှုတ်ချကြပါတယ်။ အကျိုးဆောင် အရပ်သားအဖွဲ့တွေရဲ့  စည်းရုံးလှုပ်ဆောင်မှုကြောင့် ဗမာစစ်အစိုးရနဲ့ လက်တွဲနေတဲ့ ရေနံကုမ္မဏီတွေဟာ ကြာလာရင် နာမည်ပျက်ဖို့သာ ရှိပါတယ်။ ဒါကြောင့်မို့ ဗြိတိသျှ Premier ကုမ္မဏီ၊ အမေရိကန် Texaco နဲ့ Unocal ကုမ္မဏီတွေဟာ သူတို့ပိုင်တဲ့ အစုရှယ်ယာကိုရောင်းပြီး မြန်မာပြည်က ထွက်ခွါသွားကြပါတယ်။ Unocal ဟာ သူပိုင်တဲ့ အစုရှယ်ယာကို အမေရိကန် Chevron ကုမ္မဏီကို ရောင်းလိုက်တဲ့အတွက် ဓါတ်ငွေ့လုပ်ငန်းတွေမှာ အနောက်တိုင်းကုမ္မဏီဆိုလို့ Total နဲ့ Chevron သာ ကျန်ပါတယ်။

ရတနာဓါတ်ငွေ့လုပ်ငန်းမှာ အစုရှယ်ယာ အများဆုံးထားတဲ့ ပြင်သစ် Total ကုမ္မဏီကတော့ ပိုက်လိုင်းဒေသမှာ ပြည်သူ့အကျိုးသယ်ပိုးနေတာမို့ ဒေသခံတွေ အကျိုးခံစားရကြောင်း လွန်ခဲ့တဲ့နှစ်က (၆၆) စာမျက်နှာ အစီရင်ခံ ထုတ်ဝေပါတယ်။ ပြည်သူ့ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနဲ့ အခြေခံ အဆောက်အအုံ တိုးတက်ရေးအတွက် ရတနာဓါတ်ငွေ့လုပ်ငန်းက ရင်နှီးမြုပ်နှံပုံတွေကို ဖော်ပြထားပါတယ်။ ပထမတော့ ပိုက်လိုင်းနဲ့ အနီးဆုံး ကျေးရွာအချို့ ကိုသာ ကူညီနိုင်ခဲ့ပါတယ်။ အခုတော့ ဒေသခံ ငါးသောင်းကျော်ဟာ ပညာရေး၊ ကျန်းမာရေး နဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့အကျိုးကို ခံစားနေရပါတယ်။ ပိုက်လိုင်းဆောက်လုပ်စဉ်က လူပေါင်း (၂၅၀၀) ကို အလုပ်ပေးနိုင်ခဲ့ပါတယ်။ အခုတော့ ပိုက်လိုင်းမှာ အလုပ်သမား (၈၀၀) လုပ်ကိုင်နေတဲ့အထဲမှာ မြန်မာပြည်သားက (၉၅) ရာခိုင်နှုန်း ဖြစ်ပါတယ်။

ပိုက်လိုင်းဒေသတင်မက။ မြန်မာတပြည်လုံးမှာရှိတဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ ကုသိုလ်ဖြစ် လုပ်ငန်းအများအပြားကိုလည်း Total က ကူညီထောက်ပံ့ပါသေးတယ်။ ကုလသမဂ္ဂ စီမံကိန်းတွေကိုလည်း Total ကုမ္မဏီက ငွေကြေးထောက်ပံ့ကြောင်း ဖော်ပြထားပါတယ်။ ဒီမိုကရေစီ အကျိုးဆောင် အရပ်သားအဖွဲ့တွေရဲ့  စည်းရုံးလှုံဆော်မှုကြောင့် မြန်မာပြည်က ထွက်ခွါသွားခဲ့တဲ့ အနောက်တိုင်းကုမ္မဏီတွေရှိသလို ကျန်ရှိနေတဲ့ အနောက်တိုင်းကုမ္မဏီတွေက ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သဘောဖြစ်ပါတယ်။ အခုတော့ မြန်မာ့သယံဇာတ ထုတ်ယူရေးမှာ အဓိကပါဝင်နေသူဟာ တရုတ် ကုမ္မဏီတွေ ဖြစ်နေပါတယ်။ တရုတ်ကုမ္မဏီတွေဟာ အမြတ်အစွန်းရဖို့ကိုသာ အဓိကထားတဲ့အတွက် Total ကုမ္မဏီလို ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်နိုင်ပါ့မလားလို့ မေးစရာရှိလာပါတယ်။

တရုတ်ရဲ့  ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်းကြောင့် ဒေသခံ ပြည်သူလူထုတွေ ဒုက္ခရောက်ရင် ဘယ်အဖွဲ့က ပြည်သူ့ဘက်က ရပ်တည်မှာလည်းဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ တရုတ် အရပ်သားအဖွဲ့အစည်းဟာ သူတို့ဆီက ပြဿနာကိုတောင် ဖြေရှင်းနိုင်ကြသေးတာ မဟုတ်ပါဘူး။ ဒီမိုကရေစီမရှိတဲ့ တရုတ်ပြည်မှာ အရပ်သားအဖွဲ့အစည်းဟာ အနောက်တိုင်းမှာလို စည်းရုံးလှုံဆော်နိုင်တာ မဟုတ်ပါဘူး။ အမေရိကန်ကုမ္မဏီက လျော်ကြေးပေးသလို တရုတ်ကပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် အမေရိကန်ကုမ္မဏီတွေကို မြန်မာပြည်မှာ ရင်းနှီးမြှပ်နှံခွင့် ပိတ်ပင်ထားတာဟာ မြန်မာပြည်သားတွေအတွက် အခွင့်အလမ်း ဆုံးရှုံးမှုတခု ဖြစ်တယ်လို့ မြင်တွေသူရှိပါတယ်။

အာဖရိကတိုက်မှာ တရုတ်ကုမ္မဏီတွေ ရင်းနှီမြုပ်နှံတာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်နေတာ တွေ့ရပါတယ်။ အလုပ်သမားတွေကို မတရားခိုင်းမှု၊ ဒေသဆိုင်ရာ စည်းမျဉ်းမလိုက်နာမှု၊ အပြည်ပြည်ဆိုင်ရာ သတ်မှတ်ချက်ကို ဖောက်ဖျက်မှု၊ လုပ်ခနည်းနည်းပေးမှု၊ အကျိုးခံစားခွင့်ကင်းမဲ့မှု၊ စတာတွေဟာ တရုတ်လုပ်ငန်းရှင်တွေရဲ့  လုပ်ရိုးလုပ်စဉ် ဓလေ့တွေပဲလို့ ဆိုပါတယ်။ Zambia နိုင်ငံက တရုတ်ပိုင် ကျောက်မီးသွေးတွင်းမှာ လုပ်ငန်းခွင့်အခြေအနေ ဆိုးဝါးစုတ်ပြတ်လွန်းတာကို မကျေနပ်လို့ လွန်ခဲ့တဲ့ အောက်တိုဘာလမှာ Zambia က သမိုင်း အလုပ်သမားတွေ ဆန္ဒပြကြပါတယ်။ ဆန္ဒပြသူတွေကို တရုတ် မန်နေဂျာက သေနတ်နဲ့ပစ်လို့ (၁၁) ဦး ဒဏ်ရာရသွားတာဟာ တကမ္ဘာလုံးသိတဲ့ ဖြစ်ရပ်ပါ။ ဒါကြောင့် တရုတ်ကုမ္မဏီတွေဟာ ဒေသခံလူထုကို ဂရုမစိုက်ဘူးဆိုတဲ့ အယူအဆ ပေါ်ထွက်လာတာ ဖြစ်ပုံရပါတယ်။

မြန်မာ့အရေးမှာတော့ ဒီမိုကရေစီ အကျိုးဆောင်အဖွဲ့တွေက အများဆုံး လှုပ်ရှားပါတယ်။ ဒီလို အကျိုးဆောင် အရပ်သားအဖွဲ့တွေရဲ့  သဘောထားကို ထည့်သွင်းစဉ်းစားတာဟာ အနောက်တိုင်းကုမ္မဏီတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ် Total နဲ့ အမေရိကန် Chevron တို့ဟာ နောက်ဝင်လာတဲ့ တရုတ်ကုမ္မဏီတွေ အတုယူရမယ့် စံနမှုနာကောင်း ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။



Find this article at:
http://www.voanews.com/burmese/news/news-analysis/news_analysis_01-29-2911-114837744.html

0 comments:

Post a Comment