+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, March 27, 2011

ငလျင်ဒဏ်ခံစားခဲ့ရသူများ၏ ကိုယ်တွေ့ပြောပြချက်များ

ဓာတ်ပုံ-ကျော်ဇေယျ၊ ဆုလဏီး

ငလျင်ဒဏ်ခံစားခဲ့ရသူများ၏

ကိုယ်တွေ့ပြောပြချက်များ



'ည ၈ နာရီကျော်လောက်မှာ ဝေါ . .ဝေါဆိုတဲ့ အသံတွေကြားရပြီး စလှုပ်တော့တာပဲ၊ ကျွန်တော်တို့ အိမ်တစ်ခုလုံးပြိုပြီး ပတ်ဝန်းကျင်မှလည်း အရပ်ပျက်သလိုပဲ ဆူညံနေပါတယ်၊ ကျွန်တော်တို့ တာလေမြို့ မြို့လယ်နေရာတစ်ခုလုံး ရစရာမရှိအောင် ပျက်စီးခဲ့ပါတယ်။ ကိုယ့်အိမ်၊ သူ့အိမ်အကုန်လုံး ပျက်ကြတာဆိုတော့ ကူညီမယ့်သူလည်းမရှိကြဘဲ တော်တော်ဒုက္ခရောက်ကြရပါတယ်'

တာလေမြို့ခံတစ်ဦး

'ငလျင်က ၂၄ ရက်နေ့ ညပိုင်းလှုပ်ပြီးကတည်းက နောက်ပိုင်းမှာ ဆက်တိုက်လှုပ်နေတယ်။ ကျွန်တော်တို့လည်း ဘယ်နေရာမှာ သွားနေရမလဲမသိတော့ဘူး။ မအိပ်ရတဲ့နေ့တွေဖြစ်နေတယ်။ အိမ်ရှိတယ်။ အိမ်ကလည်း မပျက်စီးဘဲနဲ့ အိမ်ထဲမှာမနေရဲဘူး ဖြစ်နေတယ်။ နောက်ထပ် ဒီလိုအဖြစ်မျိုး ထပ်မကြုံချင်တော့ဘူးဗျာ'

မအန်ခမ်းရွာသားတစ်ဦး

'ကျွန်မတို့ မိုင်းလင်းရွာက လူသေတာများတယ်။ ကျွန်မက ကျိုင်းတုံသွားတော့ သမီးက မလိုက်ဘဲ အဘွားအိမ်မှာ နေခဲ့တယ်။ ငလျင်လှုပ်ပြီး အိမ်ပြိုတော့ အဲဒီအိမ်က တူရော၊ တူရဲ့မိန်းမရော၊ သမီးရော သုံးယောက်စလုံး သေဆုံးခဲ့တယ်'

မိုင်းလင်းရွာသူတစ်ဦး

'ကျွန်တော့်အသက် ၆၀ ရှိပြီ။ ဒီလောက်ဆိုးတာမျိုး တစ်ခါမှ မကြုံဖူးဘူး။ တစ်ရွာလုံးမှာ ၁၆ ယောက်သေတယ်။ ဘုန်းကြီးကျောင်းနားက အိမ်တစ်အိမ်ဆို လူခြောက်ယောက်သေတယ်။ အိမ်သားက လေးယောက်၊ တီဗီလာကြည့်တဲ့ လူနှစ်ယောက်ပါ သေတယ်။ နောက်နေ့ကို ချက်ချင်းသဂြိုဟ်လိုက်ရတယ်'

မအန်ခမ်းရွာသားတစ်ဦး

'မိုင်းလင်းကျေးရွာအုပ်စုက ရွာလေးတွေက အနည်းနဲ့ အများခံရတယ်။ ၀မ်ပွဲ၊ ၀မ်နား၊ မအန်ခမ်း၊ မိုင်းလွတ်ရွာတွေမှာ ထိခိုက်ကြတယ်။ ဘုန်းကြီးကျောင်း တွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားတယ်။ တာချီလိတ်ဆေးရုံမှာတော့ ဒဏ်ရာရလူနာ ၆၉ ဦးရှိတယ်လို့ သိရတယ်။ တချို့က ပြန်ဆင်းသွားတာရှိတယ်။ ဆေးရုံကို ရောက်မလာတဲ့သူတွေလည်း အများကြီးရှိတယ်လို့ ပြောကြတယ်။ သေတဲ့သူက မတ်လ ၂၆ ရက်နေ့ ညနေလောက်အထိ ကြားရသမျှ အားလုံး ၁၈၀ လောက်ရှိမယ်လို့ ပြောကြတယ်'

တာချီလိတ်မြို့ခံတစ်ဦး



ငလျင်အပေါ် ပညာရှင်များ၏ သုံးသပ်မှုအချို့

'မြန်မာနိုင်ငံအရှေ့ဘက်ပိုင်းမှာတော့ ငလျင်ကြီးမလှုပ်တာတော်တော်ကြာပါပြီ။ ကျောက်ကြမ်းငလျင်ပြီးကတည်းက ရှမ်းပြည်နယ်ဘက်မှာ အင်အားပြင်းငလျင် လှုပ်တာမရှိခဲ့ဘူး။ အင်အားပြင်းငလျင်မလှုပ်တာ တော်တော်ကြာပြီးတဲ့နောက် လှုပ်တဲ့ပထမဆုံးငလျင်ပဲ။ ငလျင်ဆိုတာက ဘယ်အချိန်၊ ဘယ်နေရာမှာ ဖြစ်မယ်ဆိုတာ မပြောနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်မျိုးပါ။'

ဒေါက်တာထွန်းလွင် (MCCW)

'အကောင်းဆုံးကတော့ ကိုယ်နေတဲ့နေရာဟာ ငလျင်ကြောမှာရှိနေသလား၊ ကိုယ်နေတဲ့အဆောက်အအုံက ဘယ်လောက် ခံနိုင်ရည်ရှိသလဲဆိုတာတွေကို လေ့လာထားဖို့ လိုပါတယ်။ ဖြစ်လာရင် ဘယ်လိုလုပ်သင့်တယ် ဆိုတာတွေကိုလည်း သိထားဖို့လိုပါတယ်။'

ဦးစိုးသူရထွန်း(အတွင်းရေးမှူး၊ မြန်မာနိုင်ငံမြေငလျင်ကော်မတီ)

မတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဆိုင်ရာ အချက်အလက်များ

ဖြစ်ပွားသည့် နေ့ရက်နှင့်အချိန် - ၂၀၁၁ မတ်၂၄ ရက်နေ့ မြန်မာစံတော်ချိန်ည၈နာရီ ၂၉မိနစ်၃၀စက္ကန့်

ဗဟိုပြုသည့်နေရာ - ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်အကွာ လွယ်မွေမြို့အနီး

ငလျင်အင်အားနှင့် အဆင့် - ရစ်ခ်ျတာစကေး ၇ ဒသမ ၀ (အင်အားပြင်းထန်သောငလျင်)

အဓိကသက်ရောက်သည့်ဒေသများ - တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းကျေးရွာ၊ မိုင်းလင်းကျေးရွာ၊ မိုင်းကိုးကျေးရွာအုပ်စု ကျကူနီရွာ စသည့်ဒေသများ

ပျက်စီးဆုံးရှုံးမှုများ - တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းကျေးရွာ၊ မိုင်းလင်းကျေးရွာ၊ မိုင်းကိုးကျေးရွာအုပ်စု ကျကူနီရွာတို့တွင် စုစုပေါင်းအိမ်ခြေ ၂၂၄ လုံးပျက်စီးခဲ့ပြီး ခြောက်ခန်းတွဲ လူနေလိုင်းခန်းတစ်ခု၊ သာသနိကအဆောက်အအုံ ၁၁ ခု၊ ဌာနဆိုင်ရာအဆောက်အအုံကိုးလုံးပျက်စီး (မတ်လ ၂၆ ရက်နေ့ထုတ်ပြန်မှုအရ)

သေဆုံး၊ ဒဏ်ရာရရှိမှု - သေဆုံးသူ ၇၃ ဦး၊ ဒဏ်ရာရရှိသူ ၁၂၅ ဦး(မတ်လ ၂၆ ရက်နေ့ထုတ်ပြန်မှုအရ)

ငလျင်ကို သိရှိခံစားခဲ့ရသည့် နေရာများ - မြန်မာနိုင်ငံရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနယ်စပ်ဒေသများ

Source: http://www.news-eleven.com

0 comments:

Post a Comment