+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, March 31, 2011

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မိန့်ခွန်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်း ပြောစဉ်

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မိန့်ခွန်း

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် မတ်လ ၃၀ ရက်နေ့က ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန် အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင် '' . . . ကျွန်တော်တို့ နိုင်ငံမှာ အင်အားသုံးရပ် တောင့်တင်းနေဖို့ လိုပါတယ်။ အဲဒီ အင်အားတွေကတော့ (၁)နိုင်ငံရေးအင်အား၊ (၂) စီးပွားရေးအင်အားနဲ့ (၃)နိုင်ငံတော်ကာကွယ်ရေးအင်အား တို့ ဖြစ်ပါတယ်။ နိုင်ငံရေးအင်အား ဆိုတာကတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပဲ ဖြစ်ပါတယ်။ လူမျိုးစုပေါင်း (၁၀၀)ကျော်နဲ့ စုစည်းနေထိုင်ကြတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးဟာ အလွန် အရေးကြီးပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲရင် နိုင်ငံတော်ကြီးလည်း အစိတ်စိတ်အမြွာမြွာ ပြိုကွဲပျက်စီးသွားမှာ ဖြစ်တဲ့အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထူး အလေးထားပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်''ဟု ထည့်သွင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် စီးပွားရေးရာများနှင့် ပတ်သက်၍ ''ဈေးကွက်စီးပွားရေး ဆိုရာမှာ ကျွန်တော်တို့ အနေနဲ့ နိုင်ငံနဲ့ပြည်သူ ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုပြီး ဖွင့်သင့်တာဖွင့်၊ ပြင်သင့်တာပြင်၊ ဖိတ်ခေါ်သင့်တာ ဖိတ်ခေါ်ပြီး ပီပီပြင်ပြင် ဆောင်ရွက်သွားမယ့် ဈေးကွက်စီးပွားရေး စနစ်မျိုးကို ရည်မှန်းထားပါတယ်''ဟု ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ''ဈေးကွက်စီးပွားရေး စနစ်နဲ့ပတ်သက်ပြီး နိုင်ငံတကာမှာ အယူအဆ အမျိုးမျိုး ရှိကြသလို လုပ်နည်းလုပ်ဟန်တွေလည်း ကွဲပြား ခြားနားကြပါတယ်။ တချို့နိုင်ငံမှာ ဈေးကွက်ကို လုံးဝ လွှတ်ပေးထားတာမျိုး ရှိသလို တချို့ နိုင်ငံတွေမှာတော့ အစိုးရက အတိုင်းအတာ တစ်ခုအထိ ၀င်ပြီး ထိန်းပေးနေရတာမျိုးတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အစိုးရက အတိုင်းအတာ တစ်ရပ်အထိ ထိန်းသိမ်းပံ့ပိုး ဆောင်ရွက်ပေးတဲ့ ဈေးကွက်စီးပွားရေး စနစ်မျိုးကို ရည်မှန်းပါတယ်။ ၀င်ထိန်းပေးမယ် ဆိုတာလည်း ဈေးကွက်ရဲ့ လွတ်လပ်မှုကို ထိန်းချုပ်လိုတဲ့သဘော မဟုတ်ဘဲ အရင်းရှင်၊ ဓနရှင်ကြီးများ၊ အခွင့်ထူးခံများက လက်ဝါးကြီးအုပ် ခြယ်လှယ်တာမျိုး မဖြစ်အောင် ထိန်းကျောင်း တည့်မတ်ပေးတာမျိုးကိုသာ ရည်ရွယ်ပါတယ်။ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး ၀င်ရောက် ထိန်းကျောင်းမှုမျိုးသာ လုပ်သွားမှာ ဖြစ်တဲ့အပြင် တတ်နိုင်သမျှ ၀င်ရောက်စွက်ဖက်မှု၊ ထိန်းချုပ်မှု အနည်းဆုံး ဖြစ်အောင် ရပ်တည် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။ မိန့်ခွန်းတွင် ပညာရေးကဏ္ဍနှင့်ပတ်သက်၍ လည်းကောင်း၊ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း လုပ်ဆောင်ရန် ရှိသည်များကို ထည့်သွင်း ပြောကြားခဲ့သလို အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ်တွင် နိုင်ငံသားများ၏ မူလအခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင့်သုံးနိုင်ရေးသည် အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်း ဖြစ်ကြောင်း၊ ဥပဒေအရာတွင် နိုင်ငံသားအားလုံး တန်းတူခံစားခွင့် ရရှိအောင် အကာအကွယ်ပေးမည် ဖြစ်ပြီး တရားရေးမဏ္ဍိုင်ကို ခိုင်ခံ့အောင် တည်ဆောက်ပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။ ထို့အပြင် လာဘ်ပေး၊ လာဘ်ယူမှုသည် လူတစ်ဦးချင်း ထိခိုက်စေသည် သာမက နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည့် အတွက် ပြည်သူ၏ အကူအညီကို ရယူ၍ ထိရောက်စွာ တားဆီးသွားမည်ဟု ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းတွင် နိုင်ငံခြားရေးမူဝါဒနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများ၊ ပြည်တွင်းရေးရာ မူဝါဒများကို အကောင်အထည် ဖော်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် ဥပဒေပြုရေး အစီအစဉ်များကို သက်ဆိုင်ရာ လွှတ်တော်သို့ တင်သွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပြီး၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျခြင်းတည်း ဟူသော လောကပါလတရား ထွန်းကားသည့် ဒီမိုကရေစီ နိုင်ငံတော်ကြီး ရေရှည်တည်တံ့ ရှင်သန်အောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းမြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားယင်း တစ်ဖက်ကလည်း မိမိတို့နှင့်အတူ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကိုယ့်တိုင်းပြည်အတွက် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားကြပါလို့ ဖိတ်ခေါ်တိုက်တွန်းပါကြောင်း နိဂုံးချုပ် ပြောကြားသွားခဲ့ပါသည်။

သတင်းရင်းမြစ် http://www.news-eleven.com

0 comments:

Post a Comment