+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, May 27, 2011

ဘာတွေလိုနေလဲ

ဘာတွေလိုနေလဲ
(မင်းစိုးစံ)

အစပ်ကြိုက်ကြပါသလား ဘယ်လောက်အထိ အစပ်စားနိုင်ကြပါသလဲ စပ်တဲ့ဒါဏ်ကို ဘယ်လောက်အထိခံနိုင် ပါသလဲ ငရုပ်သီးခပ်များများနဲ့ထောင်းထားတဲ့ ဆားထောင်းတခွက် အဲဒီအပြင် ထမင်းအိုးထဲက မကျက်တကျက်ဖြစ်နေတဲ့ ထမင်းတပန်းကန်၊ ဘေးမှာက အရှိန်မသေသေးတဲ့ ဖိုခနောက်၊ နေရာက ဘာအရိပ်မျှမရှိတဲ့ လွင်တီးခေါင်၊ အချိန်က အင်မတန်ပူပြင်းတဲ့နွေရာသီရဲ့ မွန်းတည့်ချိန်၊ ခေါင်းပေါ်မှာ အင်မတန်လေးတဲ့ အထုပ် တထုပ်ကို ရွက်၊ ညာဘက်ပုခုံးမှာက ဘာမျှမသိရှာသေးတဲ့ လူမမယ်ကလေးငယ်လေးနဲ့ ဘယ်ဘက်ပုခုံးမှာကျ နောက်နေ့တွေအတွက် စားစရာရိက္ခာ အဲဒါတွေကို စလွယ်သိုင်းလွယ်ပြီး ခင်ဗျားတို့ရဲ့ဘ၀သက်တမ်းတလျှောက် ပဒပ်ရပ်ရင်း(မတ်တတ်ရပ်ရင်း)နဲ့ဖြစ်ဖြစ် ပြေးရင်းလွှား
ရင်းဖြစ်ဖြစ် ထမင်းဘယ်နှစ်နပ် စားခဲ့ဘူးပါသလဲ။ ပြေးရင်းလွှားရင်းနဲ့ ချွေးသီးချွေးပေါက်တွေ မျက်လုံးထဲဝင်တာ ဘယ်နှစ်
ခါခံစားဘူးပါသလဲ။

အဲဒါမျိုး ကျုပ်ဘ၀က မဆန်းဘူး၊ မဆန်းတော့ ဘာဖြစ်လဲ။ မဆန်းတော့ သမားရိုးကျဖြစ်လာတယ်၊ နောက် တော့ ထုံးစံတခုလိုဖြစ်သွားပြီး နောက်ဆုံးတော့ဗျာ ယဉ်ကျေးမှုတခုလို့တောင် ခံယူလိုက်တယ်။

အဲဒီလိုပဲဗျ ဗမာစစ်အစိုးရတပ်တွေ ရွာထဲဝင်လာတော့ အနိုင်ကျင့်ဗိုလ်ကျ မိုက်ရိုင်းတာတွေကို ခံရတာများလာတော့ ပြေး နေရတာကိုပဲ ကျုပ်တို့အတွက်လုပ်ရိုးလုပ်စဉ် ၀တ္တရားတခုလို သဘောထားပြီးထွက်ပြေးလိုက် ပြန်လာလိုက်နဲ့ သူ့ဟာနဲ့သူဟုတ်နေလိုက်တာ ဒီနေ့အထိပဲ။

အိမ်မွေးတိရိစ္ဆာန်တွေ ရွှေတွေငွေတွေ သတ္တုအိုးတွေကို ဗမာ့တပ်မတော်က လူယူစားသောက်ဖျက်ဆီးပစ်တာ တွေကလည်း ကြာလာတော့ ဘာမျှမဖြစ်သလိုနဲ့ ကျန်ခဲ့တာလေးတွေကို လိုက်ကောက်စုပုံပြီး နေရာပြောင်းနေ လိုက်တယ်၊နေရာမကောင်းနေရာပြောင်းပေါ့ဆိုပြီး ကိုယ့်ကိုယ်ကိုအားပေးရင်းတနှစ်ကို ၁၂ ခါလောက်ပြောင်း တယ်။

ရွာထဲရောက်တာနဲ့ ဗမာ့တပ်မတော်စစ်တပ်အရာရှိကြီးတွေက ကရင်မလေးတွေကိုခေါ် သူတို့ကိုအနှိပ်ခိုင်းပြီး အဓမ္မကျင့်တာတို့ ရွာသူကြီးမကို မဟားဒယားလုပ်တာတို့ ဒါကိုလည်းတွေ့ရဖန်များလာတော့ ပြေးကြဟေ့ ပြေး ကြ ပြေးနိုင်မျှလွတ်မယ်။
ဒီတော့ ဗမာစကားပုံထဲမှာ ကရင်ကိုအမွှမ်းတင်ထားတာတခုပြောပြမယ် သစ်ငုတ်လည်းဆွေး ကရင်လည်းပြေး တဲ့။

ဒီထက်ဆိုးတာက မုဒိန်းလူသတ်ကိစ္စ။ စုပြုံပြီးမုဒိန်းကျင့်ပြီးတာနဲ့ မိန်းမကိုယ်ထဲ အရက်ပုလင်းကို ခြေထောက် နဲ့ဆောင့်ကန်သွင်းအသတ်ခံလိုက်ရတဲ့ ကရင်အမျိုးသမီးတွေ။ သေနတ်ဒင်နဲ့ မသေမချင်းရိုက်သတ်ထားတာ တွေ၊ လူသွားလမ်းဘေးမှာ ဖြစ်သလိုမြေမြှုပ်ထားလို့ ပုတ်ပွနံဆော်ပြီး ဆံပင်တွေဖွါလံကြဲနေတဲ့ အမျိုးသမီးအ လောင်းတွေ။

ဗီယက်နမ်စစ်ပွဲအကြောင်း သတိရမိတယ်၊ ကျုပ်ကိုယ်တိုင် ဗီယက်နမ်စစ်ပွဲမှာပါခဲ့လို့ သတိရတာ မဟုတ်ဘူးနော်၊ အမေရိကန်က သင်တန်းဆရာပြောပြတဲ့သူကိုယ်တိုင် မြင်ခဲ့ရတဲ့ မြို့တွင်းမြင်ကွင်းအကြောင်းကို သတိရမိတာပါ ဗီယက်နမ်မြို့တခုလုံးဟာ မီးလောင်နေတဲ့အဆောက်အဦးနဲ့ လမ်းဘေးမှာ ပိုးဆိုးပက်စက် သေနေတဲ့ အလောင်းတွေကို ဗီယက်နမ်ပြည်သူပြည်သားတွေက နေ့တိုင်းမြင်နေရတော့ ဘာမျှမဖြစ်သလို သွားလာလှုပ်ရှားနေကြတယ်တဲ့။ အမျိုးသမီးတယောက်ဆိုလျင် ဟိုဘက်က မသင်္ကာလို့ ဖမ်းပြီးမုဒိန်း ကျင့် ဒီဘက်ကလည်း သူလျှိုဆိုပြီး မုဒိန်းကျင့်နဲ့ လှိမ့်နေတာပဲတဲ့။

အချင်းချင်းသတ်တဲ့ဖြတ်တဲ့ကိစ္စကိုလည်းကြည့်လိုက်ပါဦး။ ဒီဗွီဘီ ထဲမှာပါလာတဲ့သတင်း။ ဆန်းတာမှတ်လို့ ကရင်အချင်းချင်း သတ်လာလိုက်ကြတာ အခုမျှမဟုတ်ပဲ။ ကရင့်တော်လှန်ရေး စလုပ်ကတည်းက ဒီနေ့အထိ အချင်းချင်းဆော်နေကြတုန်း။

ကရင်အဆိုကျော် ဗိုလ် ထိုးလွီအွာကို သူ့တပ်သားကပြန်သတ်တယ်၊ ပဒိုမန်းရှာ ကို ကရင်သတ်တယ်၊ အခုတခါ ဗိုလ်ဘသိန်း လုပ်ကြံတာခံရတယ်။ မသေလို့တော်သေးတာပေါ့။ သေသွားလျင် ဗမာစစ်အာဏာရှင်အတွက် အင်မတန်ကြီးမားတဲ့အောင်ပွဲဖြစ်သွားမှာပေါ့။ ကရင့်မျိုးချစ်တော်လှန်ရေးသမားတွေကို မဆိုထားနဲ့ သာမာန်ကရင်လူမျိုး တယောက်သေလျင်ဘယ်လိုအ ကြောင်းကြောင့်နဲ့ပဲသေသေ အဲဒီလိုသေသွားတာဟာ ဗမာစစ်အာဏာရူးတွေအတွက် အလွန်တရာကြီးမားတဲ့ အောင်မြင်ခြင်းပဲဆိုတာ မမေ့ကြပါနဲ့။





စာပုံနဲ့အသံ မူရင်း ပိုင်ဆိုင်သည့် ဌာန http://www.dvb.no

ကရင်လူထုကို အကာအကွယ်ယူပြီး ကရင့်အခိုင်အမာ ခံတပ်စခန်းတွေကိုတိုက်တာတို့၊ မိုင်းနင်းခိုင်းတာတို့၊ မု ဒိန်းကျင့်ပြီးသတ်ပစ်တာတို့ အခုမျှသတင်းထဲမှာကြားရတာ ကျုပ်ကတော့ စောစောတုန်းကပြောခဲ့သလို ထုံးစံ တခု ဒါမျှမဟုတ် ဖြစ်ရိုးဖြစ်စဉ်တခု သမားရိုးကျအဖြစ်လို့တောင် သတ်မှတ်နေခဲ့တာကြာပြီဆိုတော့ တခါတလေ ဘလော့ထဲက သတင်းတွေ၊ ရေဒီယိုထဲက အသံတွေကို ဖတ်ဘို့နားထောင်ဘို့တောင် စိတ်မရှိတော့ဘူး။ ကရင့်တော်လှန်ရေးတပ်မတော် အနေနဲ့ကလည်း ကိုယ့်ကရင်လူထုကိုငဲ့ပြီး လုပ်ရကိုင်ရတာများလာတော့ စစ် ဆင်ရေးအချို့မှာ အောင်မြင်သင့်သလောက်မအောင်မြင်တာတွေရှိခဲ့တယ်။ မထိခိုက်မဆုံးရှုံးသင့်တာတွေ နစ်နာ ဆုံးရှုံး ထိခိုက်တာတွေ အမြောက်အများရှိခဲ့ပါတယ်။




အသံများ၏ မူရင်း ပိုင်ဆိုင်သည့် ဌာန http://www.bbcburmese.com

ဒါတွေကိုတော့ ကရင့်တော်လှန်ရေးကာလတလျှောက် မိမိ ပိုင်နယ်မြေကို ကျားကုတ်ကျားခဲ သက်စွန့်ဆံဖျား ကာကွယ်နေကြတဲ့ ကရင့်တပ်မတော်က စစ်သည်တော်တွေ အသိဆုံးပါ။

ဗမာစစ်အစိုးရဆိုတဲ့ ဗမာ့တပ်မတော်သားဆိုသူတွေ (အညင်သာဆုံးနဲ့ အသက်ညှာဆုံး အယဉ်ကျေးဆုံးစကား လုံးသုံးရလျင်) လူ့တိရိစ္ဆာန်တွေကတော့ ကရင်လူမျိုးကို မျိုးတုံးအောင်လုပ်တာဆိုတော့ ဘာကိုယ်ချင်းစာစိတ်မျှ မရှိတဲ့အတွက် ကရင်ဒေသတွေကိုရောက်တိုင်း အပြစ်မရှိတဲ့လက်နက်မဲ့ ကရင်အရပ်သူအရပ်သားတွေအပေါ် ဆိုးယုတ်သောင်းကျန်း လုယက်သတ်ဖြတ်ရမှ နေသာထိုင်သာရှိတာ။ အဲဒါမှ ဗမာ့တပ်မတော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီတယ်လို့ သတ်မှတ်ထားကြတာ။

ကျုပ်ကြားချင်တဲ့သတင်း ဖတ်ချင်တဲ့သတင်းကဘာလဲ ကွဲနေတဲ့အဖွဲ့တွေ ပြန်ပေါင်းတာ၊ အဲဒါကို ကြားချင်တယ် မြင်ချင်တယ်၊ ပြန်ပေါင်းတယ်ဆိုတဲ့နေရာမှာ မောင်အေးခြေထောက်ပေမှာစိုးလို့ဆိုပြီး ကရင်အမျိုးသားတရပ်လုံး ရဲ့အလံတော်ကိုမြေပေါ်ချခင်းပေးခဲ့တဲ့ သူမူဟဲအဖွဲ့၊ ပဒိုအောင်ဆန်းအဖွဲ့၊ ဒီကေဘီအေ၊ ဒီကေဘီအေဘီဂျီအက်ဖ် ၊ကေအင်န်ယူကေအင်န်အယ်လ်အေပီစီ ကေအင်န်ယူ ပြန်ပေါင်းသွားကြပြီဆိုတဲ့သတင်းမျိုးကို ကြားချင်နေတာ။ မကြားချင်ပဲနေမလားဗျာ ကျုပ်သက်တန်းတလျှောက်လုံး အဲဒီသတင်းမျိုး မကြားခဲ့ရတာ ကြာနေပြီ။

ရှမ်းတွေပြန်ပေါင်းကြတယ်၊ ဘယ်လောက်အားရှိလိုက်သလဲ။ ၀မ်းသာလိုက်တာ၊ ယုံကြည်ချက်တွေ အရောင် တောက်လာတယ်။ ကျွန်ဘ၀ကလွတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေခိုင်မာလာတယ်။ အခုတော့ အကွဲအပြဲတွေကိုထုံးစံတခုလို လက်ခံလာအောင်၊ ကွဲပြနေလိုက်ကြတာ မမြင်ချင်အဆုံး၊ မကြားချင် အဆုံး။ ဒီလိုထုံးစံတခုလို့ယုံကြည်လာအောင် ဖြစ်ရိုးဖြစ်စဉ်တခုလို့ လက်ခံလာအောင် စစ်အာဏာရှင်တွေက တော့ နည်းလမ်းပေါင်းစုံ ထောင့်ပေါင်းစုံကနေ လုပ်နေမှာအသေအခြာပဲ။ မယုံမရှိနဲ့။

အခုလက်ရှိ အမျိုးသားရေး ကို ထမ်းဆောင်နေကြတဲ့ လူငယ်လူရွယ်မျိုးဆက်သစ်တွေလည်း နောင်လာနောက်သားတွေက ထုံးစံတခုအ ဖြစ် မိရိုးဖလာအဖြစ် ယုံကြည်လက်ခံလာဘို့အတွက် မှန်ကန်တဲ့လုပ်ရပ်လေးတွေကို နည်းလမ်းတကျဦးဆောင် လမ်းပြပေးကြပါ၊ မမှန်မကန်နဲ့ ယောင်ယာင်မှားမှား ဇဝေဇ၀ါဖြစ်စေမယ့် ဘယ်လိုလုပ်ရပ်မျိုးကိုမျှ လုပ်မပြကြပါ နဲ့၊ မမှားဘူးဆိုတာမရှိနိုင်ပါဘူး၊ အမှားနည်းနိုင်သမျှနည်းစေချင်ပါတယ်။ အလျင်ဦးဆုံး တယောက်ချင်းအနေနဲ့ ကိုယ့်ကိုယ်ကို အမှားပြင်လိုစိတ်ရှိဘို့လိုအပ်ပါတယ်။

အနာဂတ်ကို ပိုင်စိုးရမယ့် နောင်လာနောက်သားတွေအတွက် ကောင်းမွန်ရှင်းလင်းတဲ့ အမွေအနှစ်တွေကို ထားရစ်ခဲ့ကြပါ။ လူငယ်တွေကြား အငြင်းပွါးစေမယ့်၊ ကွဲပြားစေမယ့်အပြုအမူ လုပ်ရပ်တွေကိုရှောင်ရှားကြပါ အဲဒီလိုဆောင်ရွက်နိုင်ဘို့ဆိုတာကတော့ ကျုပ်တို့လုပ်ခဲ့တဲ့ ပြောခဲ့တဲ့ ကြံစည်ခဲ့တဲ့ အရာတွေကိုပြန်ပြီးသုံးသပ် ဝေဘန်တဲ့အခါ ရဲရဲတောက်အညှာအတာကင်းကင်းနဲ့ ရိုးသားပွင့်လင်းကြရပါလိမ့်မယ်။

အဲဒီလိုမျှမဟုတ်လျင်တော့ နောင်လာနောက်သားတွေက ကျုပ်တို့ကို အဆိုးမြင်သွားကြလိမ့်မယ်နော။

ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment