ဂရမ်မာ မမှားခဲ့ပါ
အပိုင်း(၁)
မောင်ရင့်မာ (ကျောင်းကုန်း)
ရွက်လှေက အလျားပေ ငါးဆယ်ကျော်ခန့် ရှိမည်။
စိတ်အားထက် သန်မှုတို့ဖြင့် ရှိန်းရှိန်း ထနေသော လူတစ်စုကို သူ့ကျောပြင်ပေါ် ထမ်းပိုး
သယ်ဆောင်ထားမည်။ ကောင်းကင်က ပြာလဲ့နေမည်။ ပြာလဲ့သော မက္ကစီကို ပင်လယ်ပြင်၌
ရွက်လှေပြာ တစ်စင်းသည် ကမ်းခြေ တစ်ခုဆီသို့ ရွေ့ရွေ့ညင်ညင် ခရီး နှင်နေမည်။ နိုင်ငံ တစ်နိုင်ငံ၏ သမိုင်းစာမျက်နှာ တစ်ရွက်ကို ဖျတ်ခနဲ လှန်ပစ်လိုက်တော့မည့် ရွက်လှေပြာ ကလေး။ တက်ကြွခြင်းနှင့် ထက်သန်ခြင်းတို့ သုတ်လိမ်းလာသည့် ရွက်လှေပြာကလေး။
“ဂရန်မာ” (Granma)တဲ့။
ကျွန်တော်သည် မိုးသစ် ဝေ၏ ကဗျာလေးကို ဖတ်မိ သွားခဲ့ရာမှ ရွက်လှေပြာလေး တစ်စင်းကို သတိ ရမိသွားခဲ့ခြင်း ဖြစ်လေသည်။
_ _ _
“တရားသူကြီးမင်းများ ခင်ဗျား။ အခုဆိုရင် တရား ဥပဒေကို စောင့်တဲ့ နတ်သမီးဟာ နှစ်ကြိမ်တိတိ
မတရား အကျင့် ခံလိုက်ရပြီ ဖြစ်ပါတယ်”
ရဲရဲတောက် လျှောက်လဲချက် ပေးနေသော လူငယ် တစ်ဦး၏ ရဲရင့် ပြတ်သားသော အသံက
တရား စီရင်ရေး ဆိုင်ရာ ရုံးခန်းငယ် အတွင်း ကြက် သီးမွေးညင်း ထလောက်စရာ ဝေ့ပျံ့လွင့်ဝဲ
နေခဲ့သည်။ စိတ်ဓာတ်ပြင်းထန် တက်ကြွမှုကြောင့် သူ၏ လည်ပင်း သွေးကြောမကြီးတွေ
ထောင်မတ်နေသည်။
ပျိုနုသော မျက်နှာပြင်၌ တဖျပ်ဖျပ် တောက်လက်နေသော မျက်ဝန်းအစုံမှာ ဖြောင့်မတ်မှုဖြင့်
စိုစွတ် ၀င်းပြောင်နေသည်။ သူကားဟာ ဗားနား တက္ကသိုလ်မှ ဥပဒေ ပညာဘွဲ့ရ ဒေါက်တာ
ဖိဒယ်လ်ကတ်စထရိုပင်တည်း။
သူသည် ရက်စက် ကြမ်းကြုတ်မှုများ၏ ရာဇပလ္လင်ပေါ်မှ ဘာတစ္စတာ အစိုးရကို ဘာတစ္စတာ
အစိုးရ၏ တရားရုံးတွင် အရေး ယူပေးရန် တရား စွဲဆိုခဲ့သူ ဖြစ်သည်။ မွန်ကားဒါး စစ်စခန်းကို
ဝင်ရောက်စီးနင်း တိုက်ခိုက်မှု အတွက် တရားစွဲ ဆိုခြင်းခံရ ပြန်တော့လည်း ခေါင်းဆောင်ကြီး-
ဂျိုဆေးမာတီကို ကိုးကားလျက် ရဲရဲတောက် လျှောက်လဲချက် ပေးခဲ့သူ ဖြစ်သည်။
နောင်နှစ်နှစ်ခန့် ကြာသောအခါ သူသည် အမေရိကန် နိုင်ငံ နယူးယောက်မြို့ပန်းခြံတစ်ခုအတွင်း
ကျူးဘား လွတ်မြောက်ရေး လူထု အစည်းအဝေး ကျင်းပကာ ဟောပြော နေပြန်ပါလေသည်။
“လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေး အပြင် ဒါ့ထက်ပိုပြီး အရေးကြီးတဲ့ လိုအပ်ချက် တွေကိုလည်း
ဖြည့်ဆည်းပေးဖို့ ရှိနေပါသေးတယ်။ ကျူးဘား အမျိုးသားတိုင်း လူတန်းစေ့ နေနိုင်အောင်
လုပ်ပေးဖို့ လိုပါတယ်။ လူတစ်ယောက်ဟာ အလုပ်လည်း လုပ်ချင်တယ်။ လုပ်နိုင်တဲ့
အင်အားလည်း ရှိတယ်။
ဒါပေမဲ့ သူဟာ အလုပ်လက်မဲ့ ဖြစ်နေပြီး သူနဲ့ သူ့အိမ်သားတွေပါ အငတ်ငတ် အပြတ်ပြတ် ဖြစ်နေ
တာလောက် ရင်နာစရာ ကောင်းတဲ့ အဖြစ် ဟာ မရှိတော့ပါဘူး”
တစ်နေ့သောအခါ သူသည် အာဂျင်တီးနား နိုင်ငံသား “ပါရာနာ” မြစ်ကမ်းနံဘေးတွင်
မွေးဖွားခဲ့သော “အာနက်စတို ချေဂွေဗားရား”နှင့် ပေါင်းဖွဲ့မိ သွားသည်။ ဂွေဗားရားသည်
ရင်ကျပ်ပန်းနာ ရောဂါရှိသော ဆရာဝန် တစ်ဦးပဲ ဖြစ်သည်။ ချီလီကဗျာ ဆရာကြီး ပါဗလို နီရူဒါ၏
ကဗျာများဖြင့် နယ်ချဲ့ ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေး စိတ်ဓာတ်ကို ရှင်သန်
ကြီးထွားစေခဲ့သူ ဖြစ်သည်။
“ကျူးကျော်သူများအား လောင်ကျွမ်းစေရန် ရူမေးနီးယား ပြည်၏ မြစ်များ အတွင်းသို့ ပွက်ပွက်
ဆူနေသည့် သွေးများဖြင့်ငါတို့. . .လောင်းထည့်ထားကြကုန်အံ့”
ဆေးပညာ သင်ယူပြီးနောက် အာဂျင်တီးနားမှ ထွက်ခွာလာခဲ့သော အာနက်စတို ချေဂွေဗားရားနှင့်
ကျူးဘားမှ ထွက်ခွာလာခဲ့သော ဖီဒယ်လ် ကတ်စထရိုတို့သည် မက္ကဆီကို နိုင်ငံ၌
ဆုံတွေ့ ပေါင်းဖွဲ့မိကြသည်။
သူတို့ နှစ်ယောက်သည် အချိန် ရှိသရွေ့အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတွေ အကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ကျူးဘား တော်လှန်ရေး အတွက် ပြင်ဆင် ညှိနှိုင်းခဲ့ကြသည်။
အခြားသော အချက် များ၌ အငြင်းပွား ကောင်းပွား ခဲ့မည် ဖြစ်သော်လည်း သူတို့ နှစ်ဦးသည် ကျူးဘား တော်လှန်ရေးနှင့် စပ်လျဉ်း၍မူကား မည်သည့် အခါမျှ အငြင်းပွားခြင်း မရှိခဲ့ကြ။
အမေရိကန်ဦးဆောင် စိုးမိုးထားသော စီးပွားရေးကြောင့် အလုံးစုံ ချွတ်ခြုံကျ နေသော ကျူးဘားကို
ဘာတစ္စတာ အစိုးရ၏လက်မှ ကယ် တင်ရန် သန္နိဋ္ဌာန် ချခဲ့ကြသည်။ စပိန်ပြည်တွင်းစစ် ကာလအတွင်း ဖက်ဆစ်ဖရန်ကို တပ်များကို ရွတ်ရွတ်ချွံချွံ တိုက်ခဲ့ဖူးသည့် အငြိမ်းစား ဗိုလ်မှူးကြီး အယ်လ်ဘာတို၏ စစ်သင်တန်းကို အတူ တက်ခဲ့ကြသည်။
၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလ။ ဥတုသာသည့် ပြာလွင်သော နေ့တစ်နေ့တွင် မက္ကဆီကို ပင်လယ်ပြင်မှ ရွက်လှေကလေး တစ်စင်းသည် ကျူး ဘားတော်လှန်ရေး ရဲဘော် ၈၀ ကျော်ကို ထမ်းပိုးသယ်ဆောင် ကာကျူးဘား ကမ်းခြေသို့ ရွေ့ရွေ့ညင်ညင် ခရီး နှင်လာခဲ့သည်။ သို့ဖြင့် ရွက်လှေ ကလေး “ဂရန်မာ”
သည် ကျူးဘား တော်လှန်ရေး၏ အရေးပါသော၊ နိုင်ငံတစ်ခု၏ သမိုင်း စာမျက်နှာသစ်ကို ဖျတ်ခနဲ
လှန်လှော ပစ်လိုက်သော လှပ၍ အဓိပ္ပာယ် နက်ရှိုင်းသည့် နိမိတ်ပုံတစ်ခု ဖြစ်လာခဲ့လေသည်။
_ _ _
၁၉၅၆မှာ
လူ (၈၀) ကျော်ပါ
“ဂရန်မာ” လှေကလေး ရွက်လွှင့်ခဲ့။
အို . . .ဂရန်မာငဲ့
သင့်တာဝန်ကျေမှု
ထာဝစဉ် အလေးပြု လိုက်ပါရဲ့။
သင့်ဦးတည်ချက်
အမှန်တရား အတွက်
သင့်သယ်ဆောင်ရာ
(လွတ်လပ်ငြိမ်းချမ်းရာ)
ဒီလိုသာ ငါယုံကြည်မိရဲ့
မိုးသစ်ဝေကတော့ သူ၏ ကဗျာလေးကို သည်သို့နှယ် လွမ်းမက်စွာ ဖွဲ့နွဲ့ခဲ့လေသည်။
_ _ _
ကျူးဘားကို ခရစ်စတိုဖာ ကိုလံဘတ်က ၁၄၉၂ ခုနှစ်တွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဟာဗားနားကို ဗြိတိသျှတို့ သိမ်းပိုက်ခဲ့သည့် (၁၇၆၂-၆၃)ခုနှစ်မှ လွဲ၍ ၁၈၉၈ ခုနှစ်ထိ စပိန်
လက်အောက်ခံ ဖြစ်ခဲ့သည်။ စပိန်ကို အမေရိကန်က စစ်ကြေညာ၍ စပိန်တို့ ရှုံးနိမ့်သွားတော့မှ
ကျူးဘားကို လက်လွှတ်ခဲ့ခြင်း ဖြစ်သည်။ ကျူးဘားမှ အမေရိကန် တပ်များ ရုပ်သိမ်းသွားသော
အခါ သဘော တူညီချက်များ အရ အရှေ့တောင်ဘက် ဂွာတာနာမို ပင်လယ်အော်ကို ရေတပ်
အခြေစိုက် စခန်း အဖြစ် အမေရိကန်က ငှားရမ်းခဲ့သည်။ အမေရိကန်စသော ပြည်ပ အရင်းအနှီး
များက သာလျှင် ကျူးဘား စီးပွားရေးကို ဦးဆောင် ချယ်လှယ်ခဲ့သည်။
သြဇာခံဘာ တစ္စတာ အစိုးရ လက်ထက်တွင် ရက်စက် ကြမ်းကြုတ်မှုနှင့် မတရား ချယ်လှယ်
စိုးမိုးမှုများ ကြီးထွားလာကာ ကျူးဘားသည် အလုံးစုံ ချွတ်ခြုံ ကျခဲ့သည်။ သို့အတွက်ကြောင့်ပဲ
ဘာတစ္စတာ အစိုးရ၏ ရွှံနွှံ ဗွက်ထဲမှ ကျူးဘားကို ကယ်တင်ရန် ကတ်စထရိုနှင့် ဂွေဗားရားတို့ ပေါင်းဖွဲ့ခဲ့ခြင်းဖြစ်သည်။
_ _ _
ရွက်လှေကလေး “ဂရန် မာ” ကျူးဘား ကမ်းခြေသို့ ဆိုက်ရောက်ခဲ့သော အခါ ရဲဘော် ၈၀ကျော်၏
ဥက္ခောင်း ထက်သို့ ကြောက်မက်ဖွယ် ဘာတစ္စတာ အစိုးရ၏ ကျည်ဆံများ၊ မိုးသီး မိုးပေါက်ပမာ ရွာချ လာခဲ့သည်။ တိုက်ခိုက်ချေမှုန်း ခံရမှုကြောင့် “ဂရန်မာ” သယ်ဆောင်လာသော တော်လှန်ရေး
ရဲဘော်တို့သည် ပြုတ်ပြုတ် ပြုန်းမတတ် အထိနာကျ ဆုံးခဲ့ရသည်။ နောက်ဆုံးတွင် လူ (၁၂) ယောက်၊
သေနတ် (၁၂)လက်နှင် ရွက်လှေ ကလေး “ဂရန်မာ”သာလျှင် ကျန်ရှိ ရစ်တော့သည်။
မောင်ရင့်မာ (ကျောင်းကုန်း)
ပေဖူးလွှာ
ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....
ပြန်ခေါက်ထားစေချင်သည် ...