+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, June 23, 2009

သဘောထားထုတ်ပြန်ချက်

ကရင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော စစ်အစိုးရ၏ထိုးစစ်ဆင်မှုများနှင့်ပတ်သက်၍ ဘန်ကောက်ရောက် ကရင်လူငယ်များနှင့် ကရင်အဖွဲ့အစည်းများ စုပေါင်းဆွေးနွေးသုံးသပ်ချက် အမြင်သဘောထား

ယနေ့  ဇွန်လ ၂၁ ရက် ၂၀၀၉ ခုနှစ်တွင် ဘန်ကောက်ရောက် ကရင်လူငယ်များနှင့် ကရင်အဖွဲ့အစည်းများ စုပေါင်း၍ လက်ရှိဖြစ်ပေါ်နေသော ကရင်ပြည်နယ်အတွင်း စစ်အစိုးရ၏ ထိုးစစ်များအပေါ် ဆွေးနွေးပွဲတရပ်ကို ဘန်ကောက်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် ယနေ့  ဖြစ်ပေါ်နေသော မြန်မာနိုင်ငံရေးနှင့် ကရင်ပြည်နယ်အတွင်း နအဖစစ်အစိုးရ၏ ထိုးစစ်များဆက်စပ်နေသည်ကို အထူးအလေးပေးဆွေးနွေးခဲ့ကြသည်။
နအဖစစ်အစိုးရသည် ၎င်းတို့စိတ်ကြိုက်ရေးဆွဲထားသော အခြေခံဥပဒေကို ပြည်သူလူထုဆန္ဒမပါပဲ အတည်ပြု၍ ၎င်းဥပဒေမှတဆင့် နောင်ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်မနေအဓမ္မကျင်းပရန် ကြိုးစားလျက် ရှိသည်ကို ပြည်တွင်းပြည်ပရှိ ပြည်သူများသာမက တစ်ကမ္ဘာလုံးအသိပင်ဖြစ်သည်။
ထိုသို့ ကြိုးပမ်းရာတွင် ပြည်တွင်းရှိ ဒီမိုကရေဒီအင်အားစုများကို မတရားနှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းနှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သက်တမ်းစေ့နေသည်ကို လွှတ်မပေးဘဲ မတရားအကွက်ဆင်ဖမ်းဆီးထောင်ချရန် ကြိုးစားလျက်ရှိနေသည်။
တခြားတဘက်တွင်လည်း ၎င်းတို့ နှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ကြိုးပမ်းလျက်ရှိသည်။
ထိုနယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့်ပတ်သက်၍ တိုင်းရင်းသားအပစ်အခတ်ရပ်အဖွဲ့အများစုက
လက်ဝေမခံပဲ ကရင်အပစ်အခတ်ရပ်အဖွဲ့များကသာ သဘောတူလက်ခံသည်ကို တွေ့ရှိရသည်။
ထိုသို့လက်ခံလိုက်သည်နှင့်တပြိုင်တည်း နယ်စပ်လုံခြုံရေးကိုအကြောင်းပြ၍ ကရင်အပစ်အခတ်မရပ်စဲထား သော KNU ၏ အခြေခံစခန်းများကိုထိုးစစ်ဆင်ရာတွင် ၎င်းကရင်အပစ်အခတ်ရပ်အဖွဲ့ များကို အသုံးချလျက် ရှိသည်။
ထိုသို့  ပြုလုပ်ခြင်းများသည် ကရင်ပြည်သူလူထုအတွင်း စိတ်ဝမ်းကွဲမှုပိုမိုနက်ရှိုင်းလာစေရန်နှင့် နယ်ခြား စောင့်တပ်အသွင်ပြောင်းရေးကို လက်မခံသောတိုင်းရင်းသားအပစ်အခတ်ရပ်အဖွဲ့များအား ဖိအားပေးခြင်း ပင်ဖြစ်သည်။
ထို့ပြင် ပြည်တွင်းနိုင်ငံရေးတင်းမာမှုအပေါ် နိုင်ငံတကာဖိအားပေးမှုများကို ရှောင်လွှဲလိုသောသဘောလည်း ဖြစ်သည်။
ယနေ့ နအဖစစ်အစိုးရနှင့် ၎င်း၏အသုံးချခြင်းကို ခံနေသော ကရင်အပစ်အခတ်ရပ်အဖွဲ့ များ၏ ထိုးစစ်များ ကြောင့် အောက်ပါဆိုးကျိုးများကို ကရင်ပြည်သူလူထုများခံစားနေရပါသည်။
၁။ တိုက်ပွဲများကြောင့် အပြစ်မဲ့ကရင်လူထုများ သေကြေဒဏ်ရာရခြင်းနှင့် ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ထွက်ပြေးလာမှုများ ပိုမိုများပြားလာရခြင်း။
၂။ ကရင်ကျေးရွာများ မီးရှို့ဖျက်ဆီးခံရခြင်း၊ လယ်ယာခြံမြေများ အဓမ္မသိမ်းဆည်းခံရခြင်း။
၃။ အဓမ္မစစ်သားစုဆောင်းခံရခြင်း၊ မတရားအခွန်ကောက်ခံမှုများကို ခံရခြင်း၊ ပေါ်တာအဖြစ် ဖမ်းဆီးခံရခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခံရခြင်း။
၎။ အမျိုးသမီးများ မတရားပြုကျင့်ခံရခြင်း၊ ကလေးငယ်များ၏ ကျန်းမာရေးနှင့်ပညာရေး ပိုမိုဆိုးရွားလာခြင်း။
အထက်ပါဖိနှိပ်ခံရမှုများကြောင့် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေတွင်းလည်း
၁။ ထိုင်းနိုင်ငံသို့ ကရင်လူငယ်များ ပညာရေးမပြီးဆုံးပဲ တရားမ၀င်အလုပ်သမားများအဖြစ် ၀င်ရောက်မှုများ တိုးပွားလာခြင်း။
၂။ ပညာရေး၊ ကျန်းမာရေး ပိုမိုနိမ့်ကျလာခြင်း။
၃။ မူးယစ်ဆေးဝါးနှင့်လောင်းကစားများကို တရားဝင်သဖွယ် ခွင့်ပြုထားခြင်းကြောင့် ကရင်လူကြီး၊ လူငယ်များ စာရိတ္တပျက်ပြားလာခြင်း။
၎။ စာရိတ္တပျက်ပြားလာခြင်းကြောင့် စည်းလုံးညီညွတ်မှုနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ကွယ်ပျောက်လာရခြင်း။
၅။ ကရင်စာပေယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ ထိန်းသိမ်းဖေါ်ထုတ်ရာတွင် ပူးပေါင်းဆောင် ရွက်မှုများ နည်းပါးလာခြင်း။
၆။ နအဖ၏ထိုးစစ်များတွင် ကရင်အပစ်အခတ်ရပ်အဖွဲ့ များကို အသုံးချနေခြင်းသည်။ ကရင်အမျိုးသားညီညွတ်ရေးကို ထိခိုက်လာခြင်းနှင့် အမျိုးသားရေးဂုဏ်သိက္ခာညှိုးနွမ်းလာစေခြင်းများကို
တွေ့ရှိရသည်၊
သို့ရာတွင်လည်း လက်ရှိဖြစ်ပေါ်နေသော ကရင်ပြည်နယ်၏ခြေအနေများကြောင့် ပြည်တွင်းပြည်ပရှိကရင် လူထုများအတွင်း စိုးရိမ်မှုများကြီးထွားလာကာ နအဖစစ်အစိုးရနှင့်၎င်းတို့၏အသုံးချခံ ကရင်အဖွဲ့အစည်းများကို ပိုမိုပြင်းထန်စွာရှုတ်ချလာကြသည်။
ပြည်သူလူထုအတွင်းတွင်လည်း နအဖ၀ါဒဖြန့်သကဲ့သို့ကရင်အချင်းချင်းတိုက်နေသည့်ပြဿနာမဟုတ်ပဲ စစ်အစိုးရ၏သွေးခွဲမှုများကြောင့်သာ ပြဿနာဖြစ်လာရသည်ကို ပိုမိုနားလည်လာကြသည်။
ထိုသို့ နားလည်မှုများအပေါ် ပုဂ္ဂိုလ်အလိုက်၊ အဖွဲ့အစည်းအလိုက် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်လာကာ မိမိတို့ တတ်နိုင်သည့်ဘက်မှကူညီပံ့ပိုးမှုများ ပိုမိုလုပ်ဆောင်လာကြသည်။
ထို့ကြောင့် ကရင်အပစ်အခတ်ရပ်အဖွဲ့အစည်းများအား အမျိုးသားညီညွတ်ရေးကိုရှေးရှု၍ အကြံပြုလိုသည်မှာ
မြန်မာနိုင်ငံ၏နိုင်ငံရေးပြဿနာများကို အဖြေရှာရာတွင် အကြမ်းဖက်သောနည်းဖြင့် မည်သို့ မျှပြေလည်နိုင် မည်မဟုတ်ပါ။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးမှသာလျှင် ဖြေရှင်းနိုင်မည်ဖြစ်သည်။
ထို့အတူ ကရင်အမျိုးသားတို့နိုင်ငံရေးတောင်းဆိုချက်များကို ဖြေရှင်းရာတွင်လည်း စစ်ရေးဖြင့်အင်အားသုံး အနိုင်ယူဖြေရှင်း၍မရနိုင်ပါ။
နိုင်ငံရေးနည်းဖြင့်တွေ့ဆုံဆွေးနွေးအဖြေရှာမှသာ ပြေလည်မှုရရှိနိုင်မည်ဖြစ်သည်။
သို့အတွက်ကြောင့် နအဖစစ်အစိုးရနေဖြင့် ကရင်ပြည်နယ်အတွင်းထိုးစစ်များကို အမြန်ဆုံးရပ်ဆိုင်းပေးရန် တောင်းဆိုပါသည်။
ကရင်အပစ်အခတ်ရပ်အဖွဲ့များအနေဖြင့်လည်း အခြေအနေမှန်ကိုသိရှိနားလည်ကာ စစ်အစိုးရ၏ခိုင်းသမျှကို မလိုက်နာဘဲ လူထုဆန့်ကျင်ရေးလုပ်ငန်းများကိုစွန့်လွှတ်၍ ကရင်ပြည်သူလူထုဘက်မှ ပြန်လည်ရပ်တည်ရန် အကြံပြုအပ်ပါသည်။
ထိုသို့ကရင်ပြည်သူလူထုဘက်မှ ပြန်လည်ရပ်တည်ခြင်းအားဖြင့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရာတွင် ပိုမိုထိရောက်စွာ လုပ်ဆောင် နိုင်မည်ကို ကျွန်ုပ်တို့အထူးယုံကြည်ပါသည်။
ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးမှ ကရင်အမျိုးသားလွှတ်မြောက်ရေးအောင်ပွဲပန်းတိုင်သို့ 
ကရင်လူငယ်များနှင့် ကရင်အဖွဲ့ အစည်းများ (ဘန်ကောက်)

မိတ္တူ
စက်ရုံ၊ အလုပ်ရုံ၊ နယ်မြေခံ
ပြည်တွင်း၊ ပြည်ပ ကရင်အဖွဲ့ အစည်းများ
မိတ္တူပို့ပေးသော စောလှသိန်းအား အထူးကျေးဇူးတင်ပါသည်။
မင်းစိုးစံ အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment