+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, November 20, 2009

ပုံပြင်မဟုတ်သော ပုံပြင်

ပုံပြင်မဟုတ်သော ပုံပြင်
(မင်းစိုးစံ)

စကားပြောတဲ့ပညာဆိုတာ အင်မတန်ကို ခက်ခဲနက်နဲတဲ့အရာဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ကရား(ခရား) ရေလွှတ်သလို တတွတ်တွတ်ပြောတတ်တာလေးနဲ့ စကားပြောကောင်းတယ်လို့ မဆိုသင့်ပါဘူး။ လိုအပ်တဲ့အချိန်အခါမျိုးမှာ လူအတော်များများနားလည်နိုင်တဲ့ အသုံးအနှုံးတွေနဲ့ ပြောမယ်ဆိုရင်တော့ အဲဒီလို ပြောနိုင်တဲ့လူဟာ စကားပြောကောင်းသူတယောက်လို့ အသိအမှတ်ပြုနိုင်ပါလိမ့်မယ်။
တရုတ်စကားပုံတခုမှာ ငန်းကယ့်သို့ စကားပြောပါ ဆိုတာကြားဘူးပါတယ်။ ငန်းတွေက,လည်ပင်းခပ်ရှည်ရှည် ဆိုတော့ အပြင်ကိုအသံထွက်လာဘို့အတွက် အရှိန်ယူရသလို လူတွေအနေနဲ့လည်း စကားပြောတဲ့အခါ အ ချိန်ယူဘို့ သတိပေးထားတဲ့ စကားပုံလို့ ယူဆ,ပါတယ်။ တနည်းအားဖြင့်တော့ စကားကို လွှတ်ကနဲ၊ လွှတ်ကနဲ မပြောမိအောင် သွန်သင်တယ်လို့ပြောရင်ရ,နိုင်လိမ့်မယ်လို့ထင်ပါတယ်။
ကျုပ်ဘဝတလျှောက် စကားကိုမဆင်မခြင် လွှတ်လွှတ်ပြီးပြောတတ်လွန်းလို့ အသတ်ခံရ,မယ့်အခြေနေဆိုး အထိ ရောက်သွားခဲ့ဘူးပါတယ်။ လက်ကြောင့်ကြေ၊ နှုတ်ကြောင့်သေ ဆိုတဲ့စကားပုံဟာ ကျုပ်အတွက် တမင် ထားရစ်ခဲ့လေသလား?ဆိုပြီးတွေးမိပေါင်း မနည်းတော့ပါဘူး။
ကိုယ်တွေ့သင်္ခဏ်းစာတွေ ရှိနေပေမယ့် တခါမှသင်္ခဏ်းစာယူရ,ကောင်းမှန်း သတိမရ,ခဲ့တာ ဘာကြောင့်လည်း ဆိုတော့ မပြောမပြီး မတီးမမြည် ဆိုတဲ့စကားပုံကို လက်ကိုင်ထားနေလို့ဖြစ်ပါတယ်။ စကားကိုလွှတ်ကနဲ လွှတ် ကနဲပြောတတ်တဲ့အကျင့်က ကောင်းတဲ့အကျင့်မဟုတ်ဘူးဆိုတာ သိနေရဲ့သားနဲ့ မကောင်းတာကို ဖက်တွယ် ထားတာဟာ လူမိုက်လို့ဆိုရင် ကျုပ်လူမိုက်ပေါ့။ မသိလို့မှားတာက,လူမိုက် သိသိကြီးနဲ့ဆက်မှားနေတာက လူယုတ်မာဆိုတော့ ကျုပ်က ယုတ်မာတဲ့လူမိုက်ကြီးပေါ့နော။

ကျုပ်ကိုယ်ကျုပ် အမွှမ်းတင်နေတာနဲ့ ကျုပ်ဆိုလိုတဲ့ဆီကို မရောက်နိုင်တော့ဘူး။ စကားပြောခြင်းအတတ်ပညာ နဲ့ ပတ်သက်တဲ့ စာအုပ်တွေကတော့ အမျိုးမျိုးရှိတာပေါ့ဗျာ၊ ဗမာပြည်ထဲက စစ်အစိုးရ,ရဲ့ခွင့်ပြုချက်နဲ့ထုတ်တဲ့ စကားပြောနည်းစာအုပ်တွေရှိသလို လွတ်မြောက်နယ်မြေက ထုတ်တဲ့စာအုပ်တွေလည်းရှိပါတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့နော၊ စကားပြောတဲ့ပညာဆိုတာ အခုမှရှိတာမဟုတ်ပါဘူး ဂေါတမမြတ်စွာဘုရားရှင်လက်ထက်က တည်းက ရှိနေခဲ့တာပါဆိုတာကိုတော့ တရားခွေတွေနားထောင်တဲ့သူတိုင်း လက်ခံနိုင်မယ်လို့ထင်ပါတယ်။
စကားကိုခြောက်နှစ်ကြာမှ ပြောတဲ့ဆင်းရဲသားတယောက်အကြောင်းကို အကျဉ်းချုပ်ပြောရမယ်ဆိုရင် အဲဒီဆင်း ရဲသားဟာ ဒိသာပါမောက္ခဆီမှာပညာသင်လို့ပညာစုံတော့ ဆရာကိုကန်တော့ဘို့ ငွေမရှိဘူး။ (ဆရာကိုငွေနဲ့ကန်တော့ရတယ်ဆိုတာ နအဖ ခေတ်မှာမှမဟုတ်ပါဘူး) ဒါကြောင့်သူငယ်ချင်းမိတ်ဆွေတွေဆီက နေလိုက်တောင်းတာ စုစုပေါင်း ရွှေ ၇ ဏိက္ခ(ခုနစ်ဏိက္ခ)ရသတဲ့ဗျို့။
တဏိက္ခမှာရွေး တထောင်ရှိတယ်ဆိုတော့ ရွေး ၇၀၀၀(ခုနစ်ထောင်)ပေါ့။ လေးရွေးမှာ တပဲ၊ လေးပဲမှာ တမတ်၊ နှစ်မတ်မှာ တမူး၊ နှစ်မူးမှာ တကျပ်ဆိုတော့ ရွှေတပိဿာကျော်ကျော်လေးတော့ရှိမယ်ထင်တာပဲ။
အဲဒါဗျာ ဂင်္ဂါမြစ်ကိုဖြတ်အကူး ရွှေတွေကမြစ်ထဲကျကုန်တယ်၊ မြစ်ထဲကျမှတော့ ဗမာစကားပုံရှိတယ်မဟုတ် လား?ရေအဆုံး ကုန်းတဝက်ဆိုတာ ရေစီးကလည်းသန်၊ ရွှံ့တွေသဲတွေနဲ့ဆိုတော့ အဲဒီရွှေကို ဘယ်လိုမှရှာလို့ မရဘူးပေါ့။ စိတ်ညစ်သွားတဲ့ ဆင်းရဲသားလေးဟာ အဲဒီမြစ်ရဲ့သဲသောင်ပေါ်မှာထိုင်နေတော့သတဲ့၊ လမ်းသွား လမ်းလာတွေက ဘာပဲမေးမေးဘာမှမပြောဘူးတဲ့။
အချိန်တွေကြာလာတာနဲ့အမျှ လူတယောက်မြစ်ကမ်းဘေးမှာထိုင်နေတာ အတော်ကြာနေပြီ၊ ဘာပဲမေးမေး ဘာမှမပြောဘူး ဆိုတဲ့သတင်းဟာ ဘုရင့်နန်းတော်အထိရောက်သွားတယ်။ တိုတိုပြောရရင် ဘုရင်ကိုယ်တိုင် မေးတော့မှ အဖြစ်မှန်ကိုပြောပြသတဲ့။
ခြောက်နှစ်တိတိအဲဒီလိုထိုင်ပြီး ဘယ်သူဘာမေးမေးမဖြေတာ ဘာကြောင့်လဲ? လို့ ဘုရင်ကမေးတော့ သူကျပျောက်သွားတဲ့ ရွှေကို ကူညီဖြေရှင်းပေးနိုင်တဲ့ ပုဂ္ဂိုလ်မရှိတဲ့အတွက်လို့ဖြေပါတယ်၊ ဘုရင်က သူ့ကို ရွှေတွေပေးလိုက်တော့ သူ့ဆရာကိုပြန်ကန်တော့တာပေါ့ဗျာ၊ ပညာတတ်လည်းဖြစ်၊ နှုတ်စောင့်တဲ့အတွက် သူ့ကိုဘုရင်က အမတ်အဖြစ်ခန့်လိုက်ပါသတဲ့။
ဒုက္ခရောက်တိုင်း ဒုက္ခဖြစ်တိုင်း လူတိုင်းကိုလျှောက်မပြောပါနဲ့၊ ကိုယ့်ကို တကယ်ကူညီမယ့်သူကိုသာ ပြောပါ။ တွေ့ကရာလူကိုလျှောက်ပြောလို့ကတော့များ ကိုယ်ဒုက္ခရောက်နေတာကို အားရဝမ်းသာဖြစ်တဲ့လူနဲ့တိုးလို့က တော့ ပိုဆိုးကုန်မှာပေါ့၊ ကိုယ့်ကိုကူညီချင်တဲ့ဆန္ဒ၊ ကူညီနိုင်တဲ့အချိန်မျိုးဖြစ်နေဘို့လည်း လိုပါတယ်။
ကူညီနိုင်တဲ့အချိန်မျိုးမဟုတ်သေးပဲပြောမိရင် သူလည်းစိတ်ဆင်းရဲမယ် ကိုယ်လည်းစိတ်ဆင်းရဲမယ်၊ အဲဒါတွေ ကတော့ ကျုပ်တရားနာရင်းမှတ်ထားတဲ့ အသံတွေကိုအကျဉ်းရုံးတင်ပြထားတာပါ၊ ကျုပ်ကတော့ ပြောချင်လာ ရင် ခြေက်နှစ်မပြောနဲ့ ခြောက်စက္ကန့်တောင်စောင့်နိုင်တာမဟုတ်ဘူးလေ။ ဒီတော့အသတ်ခံရမှာ နည်းတောင် နည်းသေးတယ်လို့ မေတ္တာပို့ကြမလားပဲ။
ကျုပ်လိုမသိသေးတဲ့ မိတ် ဆွေတွေအတွက်ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ၊ သိပြီးသားမိတ်ဆွေတွေအနေနဲ့ အခုလိုပေါ့နော၊ သိပြီးသားတွေကို တင်လိုက်တဲ့ကျုပ်ကို အပြစ်မတင်ပဲ နားလည်ခွင့်လွှတ်ပေးဘို့ မေတ္တာရပ်ခံ တောင်းပန်လိုက်သလို ခွင့်လွှတ်နားလည်ပေးနိုင်လိမ့်မယ်လို့လည်း ယုံကြည်မျှော်လင့်ပါတယ်။
သတ္တဝါအပေါင်း ကျန်းမာချမ်းသာ၍ ဘေးဘယာ ဝေးကွာကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment