+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, November 24, 2009

အခြေအနေပြောင်းလဲမှု ဟူသည်

အခြေအနေပြောင်းလဲမှု ဟူသည်
(မင်းစိုးစံ)

၁၉၉၈ခု မတ်လ၏ ပူပြင်းသောနေပူရှိန်သည် အမိုးအကာမဲ့ နေထိုင်နေကြသည့် ဟွှေးကလုတ်
(Huai Ka loak) ဒုက္ခသည်စခန်းအတွင်းရှိ ဒုက္ခသည်များအပေါ်သို့ အညှာအတာကင်းမဲ့စွာဖြင့် အစွမ်းကုန်ကြီးစိုးမင်းမူလျှက် ရှိသည်။
လေတချက်အဝှေ့တွင် ယမန်နေ့ညက,မီးလောင်ခံထားရ,သည့် အိမ်နေရာများဆီမှပြာမှုန့်များနှင့်
မီးခိုးညွန့်အချို့ တို့သည် အကာအယံမဲ့နေသည့် ဦးပါအိလ္ဘက်ရည်ဆိုင်အတွင်းသို့ အတားအဆီးမရှိ ဟော့ဟော့ရမ်းရမ်းဖြင့် ပြေး ဝင်လာကြသည်။
လ္ဘက်ရည်ဆိုင်နှင့်ခပ်လှမ်းလှမ်းတွင် ကလေးငယ်အချို့အပူပင်ကင်းမဲ့စွာဖြင့် အော်ဟစ်ပြေးလွှားနေကြ
သကယ့် သို့ ကလေးငယ်အချို့ နေပူစပ်ခါးကြီးထဲတွင် မီးလောင်ခံထားရ,သော သံပုံးစုတ်များအကြားနှင့် မီးကျွမ်းနေသည့် အိမ် တိုင်ဟောင်းများအကြားတွင် တုတ်(ဒုတ်)တချောင်းဖြင့် ဟိုရှာသည်ရှာလုပ်နေ
ကြသည်။
၎င်းတို့၏အနာဂါတ်အရေးအတွက် အဖြေရှာနေကြသည်လော၊ ဒုက္ခသည်ဖြစ်နေရ,သည့်ဘဝကို
ဥပက္ခာပြုလို၍ လော ဆိုသည်ကိုမည်သူမျှသိနိုင်လိမ့်မည်မဟုတ်၊ သားသည်မိခင်အချို့ ရင်ခွင်ပိုက် သားငယ်ကိုနို့တိုက်ရင်း သောက်ရေရ,ရှိရေးအတွက် ရေခမ်းစပြုနေသော ရေတွင်းဘေးတွင်ဝိုင်းအုံ စောင့်ဆိုင်းလျှက် ရှိနေကြသည်။
ဦးပါအိလ္ဘက်ရည်ဆိုင်ဆိုလျှင် ဝှေးကလုတ်(Huai Ka Loak) ဒုက္ခသည်စခန်းနှင့် ပတ်သက်ဆက်နွယ်
ခဲ့ဘူးသူ မှန်သမျှ မသိသူမရှိဟု ဆိုနိုင်လောက်၏။
ယခုအကြိမ်မီးရှို့ခံရခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်သည့်အားလျှော်စွာ လူအများစု၏ခံစားချက်
သည် ထူး ထူးခြားခြားမရှိသကယ့်သို့ဖြစ်နေသည်၊ ၎င်းတို့၏မျက်နှာအသွင်အပြင်မှာ နွေဦးပေါက်ရာသီ
၌ တောမီးလောင် ပြီးသွားသည့် မြင်ကွင်းတရပ်ကို မြင်သည့်အမြင်မျိုးဖြင့် ဘာမျှမဖြစ်သကယ့်သို့ သွား
လာ လှုပ်ရှားနေကြသောကြောင့်ဖြစ်၏။
၁၉၉၇ခုနှစ်၊ ဇန္နဝါရီ ၂၈ရက်၊ ည(၁၀)နာရီအချိန် ပထမအကြိမ် မီးရှို့ခံခဲ့ရစဉ်က လူအတော်များများ
ခံစားချက် ပြင်းထန်စွာပေါက်ကွဲခဲ့ကြ၏၊ ဆန္ဒပြပွဲဖြစ်ပွါးသည်အထိ ခံစားချက်များကိုဖေါ်ထုတ်ခဲ့ကြလေ
၏။
သို့သော်အဆိုပါဆန္ဒပြပွဲကို ရာနှုံးပြည့် ရှောရှောရှူရှူဖြင့်လုပ်ကိုင်နိုင်ခဲ့သည်တော့မဟုတ်၊ မလုပ်သင့်ဟု
ယူဆ ကြသူများနှင့် လုပ်သင့်သည်ဟုယူဆကြသူများကြား သဘောထားကွဲလွဲမှုများရှိခဲ့သည်။
နောက်ဆုံးတွင် ၁၉၉၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ပထမအပတ်မကုန်မှီ စခန်းလုံးကျွတ်အသံတိတ်ဆန္ဒပြပွဲ
ကို ငြိမ် သက်စွာဖြင့် အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။
ယခု ၁၉၉၈ခုနှစ်၊ မတ်လ(၁၀)ရက်၊ ညသန်းခေါင်ကျော်(၁၂း၄၅နာရီ) အချိန် ဒုတိယအကြိမ် မီးရှို့ခံ
ရသည့်အခါ လူအသေအပျောက်ရှိခဲ့သော်လည်း ပထမအကြိမ် မီးရှို့ခံရစဉ်ကကယ့်သို့ သွေးမပူကြတော့၊ သွေးအေးနေပြီဟု ယူဆနိုင်လောက်သည့် အနေအထားမျိုးဖြင့် ပုံမှန် ပြောဆိုသွားလာလှုပ်ရှားနေကြ၏။
ဤသို့မီးရှို့ခံရခြင်းကို ဒုက္ခသည်များသည် ထုံးစံတခု၊ ဖြစ်ရိုးဖြစ်စဉ်တခုအဖြစ် သတ်မှတ်လက်ခံလိုက်
လေပြီ လောဟူသည့် စိုးရိမ်စိတ်များသည် စာရေးသူ၏နှလုံးသားစီသို့ စူးစူးရှရှဖြင့် ဝင်ရောက်လာပါ
တော့၏၊
စာရေးသူသည် လ္ဘက်ရည်ဆိုင်အတွင်းမှနေ၍ မီးလောင်ပြင်အကြား သွားလာလှုပ်ရှားနေသူများကို
ကြည့်ကာ ရင် တွင်း၌ဖေါ်မပြနိုင်သည့် ဝေဒနာတရပ်ကို ခံစားနေရသည်၊ ဝမ်းနည်းသည်လား၊ နာကျည်း သည်လား၊ ဒေါသဖြစ် နေသည်လား၊ ထိတ်လန့်စိုးရွံ့သည်လား၊ အားမလိုအားမရဖြစ်နေသည်လား တိတိကျကျဝေခွဲ၍မရအောင် ဖြစ်နေပါသည်။

ထိုအခိုက် လ္ဘက်ရည်ဆိုင်အတွင်းသို့ အသားညိုညိုအရပ်မြင့်မြင့် အာဘောင်အာရင်းသန်သန်ဖြင့်
လူတဦးဝင် လာ၏၊ ပေါ့ကျ တခွက်ကိုမှာရင်း ၎င်း၏နံဘေးရှိလူတဦးကို ဤသို့ပြောလိုက်၏။
ခင်ဗျားကြည့်လိုက်စမ်းဗျာ ကလေးတွေနေပူထဲ လျှောက်ပြေးနေတာ၊ သူတို့လေးတွေရဲ့အနာဂါတ်ဆိုတာ မီး လောင်ပြင်က ပြာပူမှုန့်တွေလို လေထဲလွင့်မျောပြီး ပျောက်ပျက်ကုန်မှာ ကျုပ်တော့ တကယ်စိုးရိမ်တယ်ဗျို့ ၎င်း၏နံဘေးရှိလူက
စိုးရိမ်တယ်လို့ ပြောနေရုံနဲ့ပြီးသွားမှာလားဗျ၊ ခင်ဗျားတို့ကျုပ်တို့တတွေဟာ သူတို့လေးတွေ အတွက် ဘာတွေလုပ်စရာရှိတယ်၊ ဘာတွေကိုတော့ဖြင့်လုပ်ပေးသင့်တယ်၊ ဘယ်လိုစလုပ်ကြမယ်ဆိုတာကို မှန်မှန်ကန်ကန် မစဉ်းစားနိုင်သမျှ၊ တိတိကျကျမလုပ်ပေးနိုင်သမျှတော့ သူတို့လေးတွေအတွက်
ဘာမှထူးခြားလာမှာ မဟုတ်ဘူး
ထိုအခါ အရပ်မြင့်မြင့်အသားညိုညိုပုဂ္ဂိုလ်က
အင်းပေါ့ဗျာ ဗမာပြည်ရဲ့အခြေအနေပြောင်းလဲရင်တော့ ကျုပ်တို့ တွေလုပ်ပိုင်ခွင့်တွေ ရလာတာနဲ့အတူ ဒီကလေးတွေရဲ့အနာဂါတ်လည်း တိုးတက်ကောင်းမွန်လာမှာပေါ့ဗျာ ဟုပြန်၍ပြောလေ၏။
ထို့နောက်၎င်းပုဂ္ဂိုလ်နှစ်ဦး မည်သည့်အကြောင်းကိစ္စများ ဆက်လက်ပြောဆိုဆွေးနွေးနေကြသည်ကို
စာရေး သူအနေဖြင့် သတိမထားမိတော့၊ တွေးတောစရာများ၊ စဉ်းစားစရာများ ရင်ထဲသို့ဒလဟော ဝင်ရောက်လာသော ကြောင့်ဖြစ်၏။
အခြေအနေပြောင်းလဲမှုဆိုသည်ကို ထိုပုဂ္ဂိုလ်အနေဖြင့် မည်သို့နားလည်သဘောပေါက်ပြီး၊ မည်သို့
လက်ခံသည် ဆိုသည်ကိုတော့ စာရေးသူအနေဖြင့် မည်သို့မျှမခန့်မှန်းနိုင်ပါ၊ သို့သော်ဗမာနိုင်ငံသည် ပြောင်းလဲမှုများ ကြိမ်ဖန် များစွာပေါ်ပေါက်လာခဲ့သည်မှာ အမှန်တကယ်ပင်ဖြစ်ပါ၏။
၁၉၄၈ခုနှစ်၊ ဇန္နဝါရီလ (၄)ရက် နံနက်(၄း၂၀နာရီ)တွင် ပြည်ထောင်စုမြန်မာနိုင်ငံလွတ်လပ်ရေးရ,ပြီး
နောက်ပိုင်း ၁၉၄၉ခုနှစ်၊ ဇန္နဝါရလ(၃၁)ရက်နေ့တွင် ကရင့်လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ပြီး၊ ပြည်ထောင်စုမြန်မာနိုင် ငံအတွင်းရှိ နယ်မြေအတော်များများကို ကရင်တို့သိမ်းပိုက်နိုင်ခဲ့သည်၊ အင်းစိန် စမ်းချောင်းနယ်မြေတွင် ကရင် တို့တပ်စွဲထားစဉ် သတင်းစာ၊ စာနယ်ဇင်းများက ဗမာအစိုးရ,ကို (၇)မိုင် အစိုးရ,ဟု သမုတ်ကြလေသည်။
၁၉၄၉ခုနှစ်၊ တရုတ်ပြည်တွင် မော်စီတုံး(တရုတ်နီ)အာဏာရ,လာသောအခါ ချန်ကေရှိတ်ဦးဆောင်သော (တရုတ်ဖြူ) ကူမင်တန်တို့သည် ၁၉၅၀ခုနှစ်၊ ဇန္နဝါရီလအတွင်း ရှမ်းပြည်နယ် မိုင်းတုံဘက်မှ ဗမာနိုင်ငံ
အတွင်း သို့ဝင်ရောက်လာခဲ့ရာ ၎င်းတပ်ကို ဦးဆောင်သူမှာ ဗိုလ်ချုပ်ကြီးလီမီဖြစ်သည်၊ အောက်တိုဘာလ
အတွင်း တိုင်ဝမ်သို့ ပြန်သွား၍ ဗိုလ်ချုပ်ကြီး လျှူကိုချွမ်းကိုဆက်လက်ဦးဆောင်စေသည်။
ကရင်တို့သည် အင်းစိန်တွင်(၁၁၁)ရက်ကြာ သိမ်းပိုက်ပြီးနောက် ဆုတ်ခွါလာခဲ့ရာ ကရင့်လက်နက်ကိုင်
(KNDO) နှင့် တရုတ်ဖြူတို့ပူးပေါင်းကြပြီး ၁၉၅၂ခုနှစ်တွင် မော်ချီး၊ ဖါပွန်၊ လှိုင်းဘွဲ့၊ ကရုတ်ပိ စသည့်မြို့
များကို သိမ်းပိုက်ခဲ့သည့်အပြင် လွိုင်ကော်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြန်သည်။
၁၉၅၈ခုနှစ်တွင် ဖဆပလ အစိုးရအတွင်း ဖဆပလ နှင့် ပမညတ ဟူ၍နှစ်ခြမ်းကွဲသွားသကယ့်သို့
၁၉၆၀ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့တွင် တရုတ်ဗမာ အဓိကရုဏ်းဖြစ်ပွါးခဲ့သည့်အပြင် ၁၉၇၄ခုနှစ်တွင် ဦးသန့်အထွေထွေသ ပိတ် ဖြစ်ခဲ့သည်သာမက ၁၉၇၆ခုနှစ်၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဆန်ပြဿနာ ဖြစ်ခဲ့သေး၏။
၁၉၇၈ခုနှစ်၌ လစာနှင့်အလုပ်ချိန်ကိစ္စကြောင့် အလုပ်သမားသပိတ်ကြီး ဖြစ်ပွါးခဲ့ပြန်ပါ၏၊ ထို့အပြင်
၁၉၈၆ခုနှစ် မတ်လတွင်စစ်အုပ်စု၏ ဖေါက်ပြန်လွဲချော်ရူးသွပ်၍ တကိုယ်ကောင်းဆန်မှုကြောင့်
၁၉၈၇ခုနှစ်၊ စက်တင်္ဘာလ (၅)ရက်နေ့တွင် အာဏာရှင်ပီပီ ငွေစက္ကူများကို တရားမဝင်ကြောင်း ကျေငြာလိုက်သည့်အတွက် နောက်ဆက် တွဲအဖြစ် ၁၉၈၈ခုနှစ်ဩဂုတ်လ(၈)ရက်နေ့တွင် ကျောင်းသားများနှင့်ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်၍ တတိုင်းပြည်လုံး အုံကြွမှုကြီးပေါ်ပေါက်ခဲ့
သည့် ပြောင်းလဲမှုကြီးများ အခြေအနေများဖြစ်ပေါ်လာခဲ့လေသည်။
ထိုသို့သော အခြေအနေပြောင်းလဲမှုပေါင်းများစွာ အကြိမ်ကြိမ်အဖန်ဖန်ဖြစ်ပေါ်လာခဲ့ပါလျှက်
ထူးခြားသည့်အ ခွင့်လမ်းများရရှိခဲ့ပါလျှက် စာရေးသူအပါအဝင် အဆိုပါ အသားညိုညိုအရပ်မြင့်မြင့် ပုဂ္ဂိုလ်တို့အနေဖြင့် မည် သည့်လုပ်ပိုင်ခွင့်မျှ မရ,ရှိခဲ့သောကြောင့် ယနေ့ဒုက္ခသည်စခန်းအတွင်းရှိ ကလေးငယ်များနေပူစပ်ခါးကြီးထဲတွင် မျှော်လင့်ချက် ကင်းမဲ့နေကြရ,တော့မည်လော။
သို့မဟုတ် ထိုသို့သောအခြေအနေများသည် ပြောင်းလဲမှုတခုပြုလုပ်ရန်အတွက် ထူးခြားသည့်အခွင့်
အရေးတရပ် ဟုသတိမပြုမိလိုက်သဖြင့် လုပ်ရကိုင်ရကောင်းမှန်းမသိခဲ့သောကြောင့် ကလေးငယ်များ၏ အနာဂါတ် ကင်းမဲ့ရ တော့မည်ဟုဆိုနိုင်ပါမည်လော။
ပြောင်းလွဲမှုလုပ်ရပ်အတွက် ထူးခြားသည့်အခွင့်အရေးတရပ်ဟု သိရှိပါလျှက်နှင့် လုပ်ကိုင်ဆောင်ရွက်ရမည့် နည်းဗျူဟာနှင့် နည်းပရိယာယ်တို့ကို မစဉ်းစားမိခဲ့၍လော။
နည်းဗျူဟာနှင့်နည်းပရိယာယ်များ အရံသင့်ရှိနေပါသော်လည်း အကောင်အထည်ဖေါ်ဆောင်ရွက်ရန် လုံ လောက်သည့်ကြိုတင်ပြင်ဆင်မှုအတွက် အချိန်အပိုင်းအခြားတခုကို မရ,ရှိခဲ့သောကြောင့်လော။
ဆန်ထုတ်မယ်……ဆန်ထုတ်မယ်……တအိမ်ကို…….ပိုက်ဆံ(၃)ဘတ်…….တခါတည်းအပြီးယူခဲ့ကြ..... ကျယ်လောင်စူးရှလွန်းလှသောအသံကြောင့် စာရေးသူ၏အတွေးစများ ပြတ်သွားပါတော့သည်၊
ယနေ့သည် ဆန်ထုတ်သောနေ့ဖြစ်၏၊ သို့သော် လောလောလတ်လတ်မီးအလောင်ခံထားရသော ဒုက္ခသည်များအနေဖြင့် ငွေမပေးနိုင်မှာတော့ သေခြာသည်၊ ထိုအခါ မလောက်မငှရ,သောရိက္ခာထဲမှ ဖဲ့ပေးရုံမှတပါး မတတ်နိုင်ပါ။
လ္ဘက်ရည်ဆိုင်အတွင်း ထိုင်နေကြသူနှစ်ဦး မည်သည့်အချိန်က ထွက်သွားသည်ကို စာရေးသူသတိမပြုမိ
လိုက် ချေ။ လ္ဘက်ရည်ဘိုးကျသင့်ငွေကို ရှင်းပေးနေစဉ် မာကျောခက်ထန်သည့်အသံတစုံတခုကြောင့် ခေါင်းငဲ့ကြည့် လိုက်သည်။
စားစရာရှိရင် အေးအေးဆေးဆေးစား……ပေးစရာရှိရင်…….အေးအေးဆေးဆေးပေး…..လျှောက် ပြီးအာချောင်မနေနဲ့…..မဆိုင်တာဝင်မရှုတ်နဲ့……ကျန်းမာရေးထိခိုက်သွားမယ်။ စာရေးသူအပါအဝင် ဒုက္ခသည်စခန်းအတွင်းရှိဒုက္ခသည်များသည် အနှီပုဂ္ဂိုလ်အပါအဝင် စခန်းတာဝန်ရှိသူ အားလုံး၏စကားကို မလွန်ဆန်ဝံ့ပါ။
သို့ပါသော်လည်း ၁၉၉၈ခုနှစ်၊မတ်လ(၁၀)ရက် ညသန်းခေါင်ကျော်(၁၂း၄၅)အချိန်တွင် လူမဆန်သော
လက် နက်ကိုင်လူရမ်းကား စစ်အာဏာရူးနှင့် နောက်လိုက်နောက်ပါဇာတ်တူသားချင်းစားသူတို့၏ သွေး အေးအေးဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းကိုခံခဲ့ကြရ,မှုကြောင့် သေဆုံးသွားကြရသည့်အပြစ်မဲ့ဒုက္ခသည်များ၏ ကျန်ရစ်သူမိသားစု များနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းကြောင်း အမှတ်တရ,ဆုတောင်းပွဲပြုလုပ်နိုင်ရေး
အတွက် ဘဝတူများနှင့် ဆွေးနွေးတိုင်ပင်ရမည်သာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့နိုင်ငံအသီးသီးမှ အလှူရှင်များ၏ စေတနာမေတ္တာကို ပြန်လည်အသိအ
မှတ်ပြု သည့်အနေဖြင့်သော်၎င်း မြန်မာနိုင်ငံမှဒုက္ခသည်များ ဒုက္ခသည်ဘဝမှလွတ်မြောက်ရေးအတွက်
သော်၎င်း စာရေး သူအနေဖြင့် တာဝန်မဲ့လူသားတဦးအဖြစ် ဆက်လက်၍မနေသင့်တော့ဟု ခံယူမိသည့်
အတွက် မိမိကိုယ်ကို ဦး စွာပြုပြင်ရန် ဆုံးဖြတ်ချက်ချလိုက်နိုင်သောကြောင့်ဖြစ်ပါ၏။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
၁၉၉၉ခုနှစ်၊ နိုဝင်္ဘာလထုတ် OKRSO မဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၁) မှ ပြန်လည်ဖေါ်ပြပါသည်။

0 comments:

Post a Comment