+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, December 9, 2009

ဒီပရင်္ဂ(ဆရာ ကြည်မောင်သန်း) VOA Burmese Section

ကဗျာဆရာဆိုတာ လာခြင်းကောင်းတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူး။
ခေါင်းဖြတ်အသတ်ခံရတယ်၊ နယ်နှင်ခံရတယ်။
အိမ်အကျယ်ချုပ်ခံရတယ်။
Black List ထဲအထည့်ခံရတယ်။
အနန္ဒသူရိယ အမတ်ကြီးက နယ်နှင်ခံရ,တယ်၊(မဲဇာအပို့ခံရ,တယ်) ခေါင်းဖြတ်အသတ်ခံရ,တယ်။
စလေဦးပုည ကျတော့ မြို့ဝန်ဦးအိုးရဲ့အိမ်မှာ အကျယ်ချုပ်ခံရ,တယ်။
မှိုင်း(သခင်ကိုယ်တော်မှိုင်း)ကျတော့ အင်္ဂလိပ်အစိုးရ,က Black List ထဲ ထည့်တာခံရတယ်။
ကဗျာဆရာ ကိုလေး(အင်းဝဂုဏ်ရည်)

ကဗျာဆရာကြည်မောင်သန်းကတော့ ကဗျာတပုဒ်ကြောင့် လွတ်ရာကိုတိမ်းရှောင်နေရပါတယ်။



ဒီပရင်္ဂ
ကဗျာဆရာ ကြည်မောင်သန်း

ပုံပြင်ထဲက,မြို့လည်းမဟုတ်
ဒဏ္ဍာရီထဲက,မြို့လည်းမဟုတ်
ရာဇဝင်ထဲက,မြို့တခု
ပုဂံခေတ်ထဲက,ရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့နှစ်ပေါင်း
၇၀၀ကျော်ထဲက,ရှိတဲ့မြို့တမြို့
သမိုင်းဝင်မြို့တမြို့။

ဒီမြို့ကို
ဂဒူးလူမျိုးတွေတည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က,နတ်တွေ
ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန်
မြည်သံပေးတာကိုအစွဲပြုလို့
ဒီမြို့ကိုဒီနာမည်တွင်ခဲ့ရ,တယ်။

အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးမဝေးမှာ မူးမြစ်
စိုက်ပျိုးရေးလုပ်ငန်းတွေဖြစ်ထွန်းခဲ့တယ်
သာသနိက,အဆောက်အဦ(အုံ)တွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေထွန်းကား
တခြားမြို့တွေနဲ့
စီးပွါးကူးသန်းသွားလာဘို့လွယ်ကူ
ဘိုးတော်ဘုရားလက်ထက်စစ်တမ်းတွေအရ,
အစည်အကားဆုံးမြို့၁၂ မြို့ထဲက,
မြို့တမြို့။

အလောင်းဘုရားလက်ထက်မှာ
အိမ်ရှေ့စံနောင်တော်ကြီး
ဒီမြို့ကိုအစားရ,တယ်
စစ်သူကြီးမဟာဗန္ဒုလ
နေမျိုးသူရ,ရဲခေါင်ဘွဲ့နဲ့
ဒီမြို့ရဲ့မြို့ဝန်။

ဘုံနန်းမြို့ဆရာ အရှင်အဂ္ဂသမာဓိ
စစ်သူကြီးမဟာဗန္ဒုလ
မင်းတိုင်ပင် အရှင်ဝံသ
အတုလ,ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော် ဦးဒါး
ဒီမြို့သားပုဂ္ဂိုလ်ကျော်တွေ။

ဒီမြို့မှာ
မင်းတုန်းမင်းကိုပုန်ကန်ခြားနားတဲ့
ဗဒီန်းမင်းသား ခိုလှုံခဲ့ဘူးတယ်။
ဒီမြို့က,နေ
ကောက်ကျစ်ယုတ်မာတဲ့မြို့ဝန်ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရ,တယ်။
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရ,တယ်။
ဒီမြို့မှာ
သစ္စာဖေါက်တွေ အတောင်ပေါက်ခဲ့ကြတယ်။
ဒီမြို့မှာ
လူငယ်လေးတယောက်
သူ့ဆိုင်ကယ်ကျပျောက်ခဲ့ရ,တယ်။
ဒီမြို့မှာ
အမျိုးသမီးတယောက်
သေကံမရောက် သက်မပျောက်
ဖြစိခဲ့ရ,တယ်။
ဒီမြို့မှာ
အံကြိတ်ရ,တက်ခေါက်ရ,တဲ့
အဖြစ်အပျက်တွေရှိခဲ့တယ်။

တနေ့တော့
မိုးနည်းတဲ့ဒီဒေသ,
ဆောင်းတွင်းအခါသမယ,မှာ
မိုးရွာဘို့မဆိုထားနဲ့
မိုးအုံ့ဘို့တောင်အကြောင်းမရှိပေမယ့်
ရုတ်တရက်မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကောပ,ပျောက်အောင်ရွာတဲ့မိုးမို့
အညာအခေါ်
ဆင်ရာမိုးတိမ် တဲ့လေ။

မုံရွာ ရေဦးကိုဖြတ်သန်းရင်း
ဒီမြို့ကို
လှမ်းကြည့်လိုက်တဲ့အခါ
အတိတ်တစ္ဆေက,
ငါ့ကိုခြောက်လှန့်နေလေရဲ့။

ကြည်မောင်သန်း

28-July-2008 ထုတ် ချယ်ရိမဂ္ဂဇင်းမှာ စာပေစိစစ်ရေးရဲ့ခွင့်ပြုချက်နဲ့ဖေါ်ပြခဲ့တဲ့ ကဗျာဆရာ
ကြည်မောင်သန်းရဲ့ ဒီပရင်္ဂ ဆိုတဲ့ကဗျာကြောင့် အာဏာပိုင်တွေက,ဖိအားပေးလို့ အယ်ဒီတာလည်း အဖြုတ်ခံရ,ကဗျာဆရာလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရ,ပါတယ်။

VOA Burmese Section , အနုပညာမိုးကောင်းကင်ကဏ္ဍက ကိုကျော်အောင်လွင်တင်ပြထားတာကို
နားထောင်ပြီး ပြန်ရေးပြလိုက်တာဖြစ်ပါတယ်။

0 comments:

Post a Comment