+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, January 16, 2010

တတိယနိုင်ငံရောက်ဒုက္ခသည်အချို့၏ ဒုက္ခအချို့

တတိယနိုင်ငံရောက်ဒုက္ခသည်အချို့၏ ဒုက္ခအချို့
အပိုင်း(က)
(မင်းစိုးစံ)

“ဆွံ့အ,နေသူတယောက်အနေနဲ့ သူ့အိပ်မက်တွေ သူ့ခံစားချက်တွေ သူ့အမြင်တွေကိုထုတ်ဖေါ်ပြောဆိုနိုင်ဘို့ရာ ခက်ခဲသလိုပါပဲ နိုင်ငံတခုကနေအခြားနိုင်ငံတခုကို ပြောင်းရွှေ့နေထိုင်သူအနေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ဘာသာ စကားကို မကြွမ်းကျင်ဘူးဆိုရင် ဆွံ့အ,နေသူတယောက်ရဲ့ ဘဝနဲ့ သိပ်မထူးပါဘူး”
ဒါကတော့ ဒုက္ခသည်တယောက်ပြောတဲ့စကားပါ၊ အခုတလော သတင်းတွေမှာ ဝါရှင်တန်ကနေ ဒုက္ခသည်တွေ အဆင်မပြေဖြစ်ရ,တာ ဘာကြောင့်လည်းဆိုတာကို ပြန်လည်ဆန်းစစ်မယ်ဆိုတဲ့ အကြောင်းနဲ့ ပြန်လည်ဆန်းစစ် မှုတွေမလုပ်ဖြစ်တာ အတော်ကလေးကိုကြာနေပြီဆိုတာကြောင့် လို့ပြောပါတယ်။
အဲဒီတော့ ဒုက္ခသည်တွေဘာကြောင့် အခုလိုဖြစ်ပျက်နေရ,တာလည်းဆိုတာကို သုံးသပ်နိုင်ဘို့အတွက် ဒုက္ခ သည်တယောက်ဖြစ်တဲ့ကျုပ်အနေနဲ့ ဘဝတူဒုက္ခသည်တွေရဲ့ ပြောပြချက်၊ လိုအပ်ချက်၊ ခံစားချက်တွေကို လက်လှမ်းမှီသလောက် စုစည်းတင်ပြသွားမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ကမ္ဘာအရပ်ရပ်က,ဒုက္ခသည်တွေ ပြောင်းရွှေ့အခြေချနေထိုင်ကြတယ်ဆိုတာကို တော့ အားလုံးသိပြီးသားဖြစ်ပါတယ်၊ အခုပြောမှာကတော့ ထိုင်းနဲ့မြန်မာနယ်စပ် ဒုက္ခသည်စခန်းက ဒုက္ခသည် တွေရဲ့အကြောင်းကို အဓိက,ထားပြောသွားမှာဖြစ်ပါတယ်။
ထိုင်းမြန်မာနယ်စပ်က လာတဲ့ဒုက္ခသည်တွေကို အကြမ်းဖျဉ်းအားဖြင့် အုပ်စုသုံးစုခွဲနိုင်ပါတယ်၊ (၁) မိခင်ဘာသာ စကားက,လွဲပြီး အခြားဘာသာစကားမတတ်သူများ။ (၂) မိခင်ဘာသာစကားအပြင် အိမ်နီးချင်းနိုင်ငံ၏ ဘာသာ စကားကို ပြောတတ်သူများ။ (၃) မိခင်ဘာသာစကား၊ အိမ်နီးချင်းနိုင်ငံ၏ ဘာသာစကားအပြင် အင်္ဂလိပ်ဘာသာ စကားကိုပါပြောတတ်သူများ။ စသည်ဖြင့် ခွဲခြားနိုင်ပါတယ်။
ပထမအုပ်စုနဲ့ ဒုတိယအုပ်စုတို့ဟာ မဖြစ်မနေ စကားပြန် (Interpreter) လိုအပ်ကြသူများဖြစ်ကြပါတယ်၊ အဲဒီထဲ က,မှတခါ ပထမအုပ်စုခမျာ ဒုတိယအုပ်စုထက်ပိုပြီး အခက်အခဲရှိပါတယ်။
အမေရိကန်ကိုရောက်ပြီး ပြည်နယ်တခုကနေ အခြားပြည်နယ်တခုကိုပြောင်းလာတဲ့ ဒုက္ခသည်တဦးပြောပြတာ က,တော့
“ကျွန်တော်တို့မိသားစုက စုစုပေါင်းလူဦးရည် ၁၀ ယောက်၊ ဆေးခန်းက ချိန်းလိုက်တဲ့ (Appointment ) အခါ အင်္ဂလိပ်လိုမပြောတတ်လို့ အဖျက်ခံရ,တာ ခဏခဏပဲ၊ ဗမာလိုပြောတတ်ပေမယ့် ဗမာစကားပြန်က အချိန်ပိုင်း ပဲလုပ်တယ်၊ ကျွန်တော်တို့ကို တာဝန်ယူခေါ်တဲ့အဖွဲ့အစည်းက LIRS( Lutheran Immigration and Refugee Service) ဖြစ်ပါတယ်၊ အဲဒီလူကို သူတို့ရဲ့အဖွဲ့အတွက်ပဲငှားထားတာလို့သိရ,ပါတယ်။
ဆေးခန်းတွေ ဆေးရုံတွေသွားတဲ့အခါ သူ့ကိုငှားထားတဲ့အချိန်ပြည့်သွားလေတော့ ကျုပ်တို့ကိုသူလိုက်မပို့နိုင် တော့ပါဘူး၊ မိသားစုကလည်းများတော့ အဲဒီအရေးကြီးတဲ့ဆေးခန်း၊ဆေးရုံကိစ္စအတွက် စိတ်ပူတာနဲ့ Mineesota ကိုပြောင်းလာခဲ့တာပါပဲ”
“နောက်တခုကတော့ Minnesota State မှာက ထိုင်းလိုပြောတတ်တဲ့ဘာသာပြန်တွေရှိနေတာရယ်၊ ကျုပ်သူ ငယ်ချင်းတယောက်ကလည်း ဒီမှာရှိနေတာဆိုတော့ နည်းနည်းသက်သာမယ်လို့ တွက်ပြီးပြောင်းလာတာပါ”
ဒါကတော့ ဒုက္ခသည်တဦးပြောပြတာဖြစ်ပါတယ်။
သူ့စကားကိုထောက်ရှုခြင်းအားဖြင့် ဒုက္ခသည်တွေနေနဲ့ ကိုယ့်မိသားစု၊ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းတွေမရှိတဲ့ နေရာကို မသွားမိဘို့အရေးကြီးသလို စကားပြန်တွေလိုအပ်တာကိုလည်း သတိထားမိမှာဖြစ်ပါတယ်။
နောက်တယောက်ပြောပြတာက,တော့
“ကျွန်တော်တို့ရောက်လာပြီး တလကျော်ကျော်လောက်မှာ ကျန်းမာရေးစစ်ဆေးတာတွေ လိုအပ်တဲ့စာရွက်စာ တမ်းတွေ အကုန်ပြီးသွားတာနဲ့အလုပ်စ,လုပ်ရပါတယ်၊ သူတို့ပြောတာက တော့ အမေရိကန်နိုင်ငံကလူတွေဟာ အလုပ်လုပ်ခြင်းနဲ့သူတို့ကိုယ်သူတို့ဂုဏ်ယူကြတယ်၊ ကျွန်တော်တို့ကိုလည်း အလုပ်လုပ်ခြင်းနဲ့ ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်ဘို့ ပြောပါတယ်”
“သိတဲ့အတိုင်းပဲ စကားလည်းနားမလည်စာလည်းမတတ်တော့ အလုပ်ခွင်မှာပြဿနာအကြီးအကျယ်တက်တာ ပါပဲ၊ကျွန်တော် Hotel တခုမှာအလုပ်ရ,ပါတယ်၊ အိမ်သာဆေးတဲ့အလုပ်ပါ၊ ဆေးရတဲ့အိမ်သာတွေကတော့ ဝန် ထမ်းများအိမ်သာနဲ့ အောက်ခြေအလုပ်သမားများအိမ်သာတွေကို အဓိက,ထားဆေးကြောရ,သလို တခါတလေ မှာတော့ ဧည့်သည်တွေသုံးတဲ့ အိမ်သာတွေကိုဆေးကြောရ,ပါတယ်”
“အဲဒီလိုဆေးကြောတဲ့အခါမှာ အမျိုးသမီးရေအိမ်၊ အမျိုးသားရေအိမ် အားလုံးကိုဆေးကြောရ,ပါတယ်၊ တညမှာ တော့ အမျိုးသမီးရေအိမ်ကို ကျုပ်သန့်ရှင်းရေးလုပ်နေတုန်း အမျိုးသမီးတဦးရောက်လာပြီး ကျွန်တော့်ကို တခုခု ပြောနေတာကိုတော့ သိပါတယ်ဘာလဲဆိုတာကို နားမလည်ပါဘူး၊ နားမလည်ပေမယ့် ကျွန်တော်လည်း Yes လိုက်လုပ်မိတယ်၊ အစပထမပိုင်းမှာ ကျုပ်ကို ချိုချိုသာသာပြောနေတဲ့ လူမည်းအမျိုးသမီးဟာ ဒေါသ,တကြီးနဲ့ ကျုပ်ကို “No. get out” လို့အော်ပြောတော့ဗျာ ကျုပ်ထူပူသွားတာပဲ”
“ကျုပ်ကံကောင်းတာက အဲဒီလူမည်း အမျိုးသမီးဟာ ကျုပ်ရဲ့ ကြီးကြတ်ရေးအရာရှိ Supervisor ရဲ့ လုပ်ဖေါ်ကိုင် ဘက် Co-worker ဖြစ်နေလို့ပါပဲ၊ ဧည့်သည်သာဆိုရင် လွယ်မှာတော့မဟုတ်ဘူး”
အဲဒါကိုထောက်ရှုခြင်းအားဖြင့် ဘာသာစကားနားမလည်ပဲအလုပ်ဝင်လုပ်ရင် အခက်အခဲတွေကြုံတွေ့တတ်လေ တော့ ဒီမှာရှိတဲ့ ESL(English Second Language ) ဒါမှမဟုတ် ELL(English Learning Language) ကျောင်း တွေမှာမဖြစ်မနေ တက်ရောက်သင်ကြားဘို့ လိုတာကိုတွေ့ရ,မှာဖြစ်ပါတယ်။

ဆက်လက်ဖေါ်ပြပါမည်

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment