+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, September 11, 2010

ဒေါင်ဒေါင်မြည် ဆင်ခြေသမား

ဒေါင်ဒေါင်မြည် ဆင်ခြေသမား
တေဇာ

အကယ်၍ ခင်ဗျားအနေနဲ့
ဒေါင်ဒေါင်မြည် ဆင်ခြေသမားတစ်ယောက်နဲ့များ
ရင်ဆိုင်တိုးမိခဲ့တယ်ဆိုရင်
သူ့ကို ပြုံးမပြပါနဲ့
သူက ခင်ဗျားကို ပြန်ပြုံးပြမှာ မဟုတ်ဘူး။

အကယ်၍ ခင်ဗျားအနေနဲ့
`ဘယ်သွားမလို့လဲ´ လို့ သူ့ကို
ယဉ်ကျေးပြူငှာ နှုတ်ဆက်မိတယ်ဆိုရင်
သူက `ဘယ်သွားနေတယ်ဆိုတာ ဘယ်သူများ သိလို့လဲ´ လို့ ပြန်မေးလိမ့်မယ်
ဒီတော့လည်း မျက်နှာပျက်ရရုံပဲ ရှိမယ်။

ဒါမှမဟုတ် ခင်ဗျားအနေနဲ့
`ဘယ်က လာတာလဲ´ သူ့ကို မေးမြန်းမိတယ်ဆိုပါတော့
`ဘယ်ကလာတယ်ဆိုတာ ဘယ်သူများ သိလို့လဲ´ လို့ သူက ပြန်မေးမှာ အမှန်ပဲ
ဒီတော့လည်း ခင်ဗျားအနေနဲ့က နှုတ်ဆိတ်နေရုံပေါ့။

အကယ်၍ ခင်ဗျားအနေနဲ့
ဒေါင်ဒေါင်မြည်ဆင်ခြေသမား တစ်ယောက်နဲ့များ
လက်ဆွဲနှုတ်ဆက်ဖို့ ကြုံလာခဲ့ရင်
ကိုယ့်လက်တွေကို အရင်ကမ်းမပေးပါနဲ့
သူက ဆွဲယူမှာ မဟုတ်ဘူး
ဒေါင်ဒေါင်မြည်ဆင်ခြေသမားမှာ
ဆင်ခြင်နိုင်တဲ့ လက်တွေ မရှိဘူး။

အကယ်၍ ခင်ဗျားအနေနဲ့
ဒေါင်ဒေါင်မြည်ဆင်ခြေသမား တစ်ယောက်နဲ့များ
တွဲကရဖို့ ကြုံလာခဲ့ရင်
စည်းချက်နဲ့အညီ ခင်ဗျားကိုယ်ခန္ဓာကို
သူ့လက်မောင်းပေါ် ယုံကြည်စိတ်ချစွာ မှီနွဲ့ချလိုက်တာမျိုး မလုပ်ပါနဲ့
ဒေါင်ဒေါင်မြည်ဆင်ခြေသမားမှာ
အလေးအပင်ခံနိုင်တဲ့ လက်တွေမရှိဘူး။

အကယ်၍များပေါ့
ခင်ဗျားအနေနဲ့
ဒေါင်ဒေါင်မြည်ဆင်ခြေသမားတစ်ယောက်ကိုများ
ချစ်မိခဲ့တယ်ဆိုရင်
ခင်ဗျားရဲ့ အချစ်တွေကို သိမ်းဆည်းထားလိုက်ပါတော့။

ဖွင့်ဟမိခဲ့တယ်ဆိုရင်
သူက
ခင်ဗျားဆီမှာ ရှိမနေတဲ့
သူ့ကို ချစ်ရခြင်းအတွက် ဆင်ခြေတစ်ခုကို
ခင်ဗျားဆီက တောင်းဆိုတဲ့အခါ
ဆွံ့,အ ကျန်ခဲ့ရလိမ့်မယ်။

ဒါကို သူလည်းသိနေပါတယ်
သူကိုယ်တိုင်လည်း
ဆင်ခြေတစ်ခု လစ်လပ်နေမှုကြောင့်
ခင်ဗျားကိုချစ်ကြောင်း ဖွင့်ဟဖို့
ထာဝရဆွံ့,အ နေခဲ့ရတာ မဟုတ်လား။

ဒီတော့ ခင်ဗျားအနေနဲ့က
ဒေါင်ဒေါင်မြည်ဆင်ခြေသမားတစ်ယောက်နဲ့များ
မတော်တဆ…
ဒါမှမဟုတ် မလွဲမရှောင်သာ…
ဒါမှမဟုတ် မပြောကောင်းမဆိုကောင်း…
ရင်ဆိုင်တိုးမိခဲ့မယ်ဆိုရင်
မျက်နှာလွှဲပြီး မမြင်ချင်ယောင်ဆောင်သွားလိုက်တာ ပိုကောင်းလိမ့်မယ်ထင်တယ်။

သူကတော့…
ခင်ဗျားမှာ ရှောင်လွှဲသွားရခြင်းအတွက်
ဆင်ခြေကောင်းကောင်းတစ်ခု ရှိလိမ့်မယ်လို့
သူ့ကိုယ်သူ

တိတ်ဆိတ်ကြေကွဲစွာ ဆင်ခြေကန်နေပါလိမ့်မယ်။ ။

တေဇာ (လရောင်လမ်း)
သြဂုတ် (၁၅) ၂၀၁၀

ဒီကဗျာလေးကိုတော့ http://www.tazar.co.cc/2009/12/blog-post_17.html ကနေ ကူးယူထားတာပါ။
သူငယ်ချင်းတချို့ ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment