+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, November 24, 2010

အမှတ် (၂)တွင်
နတ် ရှင်သူ့ကြောင့် တစ်ရေး မှောင့်ခဲ့နှင့် အဆုံး သတ်ခဲ့ပါသည်။

နှောင်ထုံးကေမင်
လျော့ဖြေချင်လည်း
နတ်ရှင်သူ့ကြောင့်
တစ်ရေးမှောင့်ခဲ့
မဖြောင့်ပျံ့လွင့်
နှောင်ကြိုးဝင့်သည်
ခုဖြင့် ဖြေခက်သည် တကား။ ။

မဖြောင့် ပျံ့လွင့်တွင် အသံတွေ မချောတော့သည်ကို တွေ့မည်။ရတု၏ သဘောမှာ ပိုဒ်စုံဆိုလျှင် သုံးပိုဒ် ရှိရသည်။ ထိုသုံးပိုဒ် စလုံးသည် အချီတူ အချတူ ဖြစ်ရပါသည်။ ထို့ပြင် ပါဝင်သော ပဒ (စာကြောင်း) ဦးရေလည်း မတိမ်းမယိမ်း ဖြစ်ရပါသည်။ ခေါင်းကြီး/၀မ်းပူ/ ခြေကားနေလျှင် အပြစ်ဟု ယူကြသည်။ ထိုအပြစ်ကို လွတ်ရန်အတွက် တက်သုတ် နှင်ရတော့မည် ဖြစ်သည်။ မင်/ ချင်/ရှင်ဟူသော သံလွင်ကာ ရန်တွဲအပြီးမှာ ကြောင့်/မှောင့်/ ဖြောင့် ကာရန် တွဲဝင်လာခြင်းက အလွန်လှသည်။ တက်သံ အလွင်ကို သက်သံ (အောက် မစ်သံ)ဖြင့် ပြန်ထိန်းလိုက်သည်။ သို့သော် ဆက်လာသော လွင့်/၀င့်/ဖြင့်တို့မှာ သက်သံပဲ ဖြစ်နေပြန်သည်။အသံ နာသွားပြီ။

ထို့ထက် ဆိုးသည်ကား ဤသို့ ကာရန်၂ တွဲကို ကူးပေး သော မဖြောင့်ပျံ့လွင့် ဆိုသည့် ပါဒဖြစ်သည်။ အသံတွေက အောင့်လွန်းသည်။ ချုပ်လွန်းသည်။ ပျံ့လွင့်ဆိုသော စကား လုံးနှင့် လွင့်ပျံ့ဆိုသော စကားလုံးတို့ ဂယက် အနက်နှင့် ခံစားမှု ရသအနက် connotation and sennotation မတူခြင်းကို တွေ့နိုင်ပါသည်။ ပျံ့ဆိုသော စကားလုံးကလည်း အောက်ခြေတွင် ၀ပ်နေသည်။ လွင့်ဆိုသော စကားလုံးကလည်း ထို့အတူပင်။ အောက်မြစ်သံ (သက်သံ) တို့၏ သဘောမှ ထိန်းချုပ်ခြင်း ရပ်ဆိုင်းခြင်းကို အသံဖြင့် အနက် ပေးတတ်သောကြောင့် အဝေးကြီး မရောက် အမြင့်ကြီး မရောက်သော သဘောရှိသည်။
လွင့်ဝဲ ဆိုလျှင် အနီးကပ်၍ ဝေ့၀ိုက်ကာ ပြန်ကျလာခြင်းကို ပြသည်။ လွင့်ဝေးဆိုလျှင် လေးလံသော လွမ်းဆွေးသော သဘောကို ပြသည်။ ဝေးပြီဆိုလျှင် အဝေးကြီး ထွက်ခွာ သွားခြင်းကို ပြသည်။ ဝေးပြီပေါ့ဟု ဆိုလျှင် ဝေးသွားသူကို လိုက်မမီတော့သော သဘော၊ ရပ်ကျန်ခဲ့ရသော သဘော၊ ခံစားမှုကို ထိန်းချုပ်လိုက် ရသော သဘောကို ပြသည်။

ကဗျာကို စာလုံးများဖြင့် ရေးရပါသည်။ လွယ်လွယ်တော့ မဟုတ်ပါ။ စာလုံး ရွေးချယ်မှု အလွန် အရေးကြီးသည်။ တချို့က ရင်တွင်းမှ စီးဆင်းလာသော ခံစားမှုကို ချရေးလိုက်လျှင် ကဗျာ ဖြစ်သည်ဟု ဆိုကြ၏။ ဤသို့ဆိုလျှင် ရေးသမျှ ကဗျာ ဖြစ်နေကြ လိမ့်မယ်။ ပါရမီရှင် ကဗျာ ဆရာကြီးများတွင်ပင် ရေးသမျှ ကဗျာ မဖြစ်ပါ။ ခံစားမှုမှ စီးဆင်းလာသော စကားလုံးများ၏ အသံ အင်အားကို ပညာဖြင့် စိစစ် ကြည့်ဖို့တော့ လိုမည် ထင်ပါသည်။ အသံလှအောင် တမင် ရေးထားလျှင်လည်း တမင် လုပ်ယူထားသော ကိစ္စ ဖြစ်နေ၍ ကဗျာ ပျက်ပါသည်။ ကိုယ်ပြချင်သော အနက်နှင့် ညီအောင် စာလုံး အလေးအပေါ့ကို ကိုက်ချိန် လွန်းပြန်ကလည်း ခံစားမှု ပျောက်သွား၍ ကဗျာအရာမှ လျောကျ သွားတတ်ပါသည်။ကဗျာ ရေးရတာ မလွယ်ပါ။ ကဗျာဆရာ ဖြစ်ဖို့ကျတော့ အလွန် ခက်ပါသည်။
(၂)
ကျွန်တော်တို့ဆီမှာ တစ်ခု ခက်နေတာက အနုပညာနှင့် စတန့်ကို မခွဲခြားနိုင်ခြင်း ဖြစ်သည်။ E.E.Cummings ဆိုသော ကဗျာဆရာက သူ့ ကိုယ်သူe e cumming ဟု ရေးသည်။ ကျွန်ုပ်ဆိုသောI ကို အသေးဖြင့် i ဟု ရေးသည်။ ဘုရားသခင် God ကို လည်း ထို့အတူ သိဟု ရေးသည်။ လောကတွင် ဘာမှ အရေး မကြီးသည့် သဘော အနိစ္စနှင့် အနတ္တကို ပြချင်သည့် သဘောဟု ဖွင့်သူက ဖွင့်သည်။ နာမည် ကြီးချင်ရင် စာလုံးကြီးကြီးနဲ့ ဆိုင်းဘုတ်ရေးဆိုတာ မျိုးကို သတိရသည်။ ကဗျာ ဆိုတာ ရွတ်ရတာဖြစ်သည်။ ကဗျာကို ခံစားရာတွင် နည်း သုံးနည်း၊သို့မဟုတ် လမ်းသုံး သွယ်ရှိ၏။ အမြင်ဖြင့် ခံစား ခြင်း(မျက်မြင်ကဗျာ)၊ အကြားဖြင့် ခံစားခြင်း (နားကြား ကဗျာ)နှင့် နှလုံးသားဖြင့် ခံစားခြင်း(ဓမ္မာရုံ ကဗျာ)ဟု ရှိသည်။အာရုံ ခြောက်ပါးမှ နောက်ဆုံး အာရုံဖြစ်သော ဓမ္မာရုံကို ပြောခြင်း ဖြစ်ပါသည်။ ဆွမ်းလောင်းသင်းနှင့် မမှားပါနှင့်။

ကဗျာကို ဤလိုနည်း သုံးသွယ်ဖြင့် ခံစားသော အခါ တစ်နည်းမဟုတ် တစ်နည်းသုံး၍ တစ်ကြောင်းတည်းသော ခရီးဖြင့် သွားရန် မဟုတ်ပါ။ မျက်စေ့ဖြင့် ဖတ်ရုံ သက်သက်၊ နှုတ်ဖြင့်ရွတ်ဆိုရုံ သက်သက်၊ အတွေးဖြင့် ခံစားရုံသက်သက် ဆိုတာမျိုး ဖြင့် တစ်ခုတည်း ကိုင်စွဲလျှင် အလွန် ရှုံးသွား ပါလိမ့်မည်။ ကဗျာ အစစ်ကို ဤလိုလုပ်လျှင် ကဗျာဆရာက အလွန် စိတ်ဆိုးပါလိမ့် မည်။သူ၏ ဘာသာဗေဒ ကျွမ်းကျင်မှုနှင့် အနုပညာစွမ်းကို အပြည့်အ၀ မကြည့်ဟု စိတ်ဆိုးပါလိမ့်မည်။

(၃)
တကယ်တော့ ကဗျာဖတ်ပြီ ဆိုကတည်းက ထိုအလုပ် သုံးမျိုးစလုံးကို တစ်ပြိုင်နက် လုပ်လိုက်ကြသည်သာ ဖြစ်၏။ မျက်စိက စာလုံးများကို မြင်သည်။ (မမြင် ဘဲနှင့် ဖတ်မရပါ)။ စာလုံးတွေကို ကြည့်ပြီး စိတ်ထဲမှာ အသံထွက်သည်။ ဤလို စိတ်ထဲမှ အသံ ထွက်ခြင်းသည် နားတွင် တကယ် မကြားရပါ။ ဘေးလူ မကြားရခြင်းကို မဆိုလိုပါ။ ကိုယ်တိုင် မကြားရခြင်း ဖြစ်၏။ ကိုယ်တိုင် ကြားလိုလျှင် အသံထွက် ဖတ်ရသည်။ ဆောင်းပါးကောင်း ၀တ္ထု ကောင်းများ၏ အရသာကိုပင် အသံထွက် ဖတ်ကြည့်မှ ပိုရနိုင်သည်။ ကဗျာကျတော့ ထို့ထက် ပိုလိမ့်မည်။Page 2 of 2
ဖတ်ရာတွင်လည်း အရပ်အဖြတ် အနှေးအမြန် မှန်ဖို့ လိုသည့်ပြင် အသံထွက်ပါ မှန်ရပါ၏။stress ခေါ် အဖိအဖော့ကိုလည်း မှန်အောင် ဖတ်နိုင်ရမည်။ Intonation ခေါ် စာကြောင်းအလိုက် အထူး ပြုရန် အသံကိုပါ ဖိကတ်ဖော့ တတ်ရမည်။ ဤလိုမှ မဖတ်တတ်လျှင် ကဗျာ့ အရသာ ပျက်သွားလိမ့်မည်။ ပုံစံအဖြစ် “လယ်တောကပြန်/ပန်ချင်တယ် ခရေဖူး ဆိုလို့” ဆိုသော စာ ၂ကြောင်းကို အသံ အနိမ့်အမြင့် မရှိဘဲ (လွှစက်မှ တဂျီဂျီ ထွက်နေသော အသံလို) အသံတန်းတန်း ကြီးဖြင့် ရွတ်ကြည့်ပါ။ တွေ့သွားပါလိမ့်မည်။ သိပ္ပံ ရုပ်ရှင်ကားများတွင် စက်ရုပ် တွေထံမှ ထွက်လာသော လူစကားသံကို ကြားယောင်ကြည့်ပါ။ တွေ့ပါလိမ့်မည်။

(၅)
မြန်မာစကားတွင် တစ်ဝက်သံခေါ် “အသံအ” များရှိသည်။ အချစ်/အမုန်း/ အနတ္တ/အနဂ္ဃ/တစ်မျိုး/ထမင်း/မကြီး မငယ်နဲ့ကမျင်းဆိုသော စကားလုံးများ ကြည့်ပါ။ ရှေ့စာလုံးများကို အသံပြည့် မထွက်ပါ။ တွဲဆက်အသံ ထွက်သွားပါသည်။ မကြီးမငယ်နဲ့ ကမျင်း ကျတော့ တစ်ဝက်သံ သုံးလုံးပါသည်။ မကြီးမငယ် တို့တွေနဲ့ ကခုန်ဆိုသော စာသားနှင့် အသံချင်း ယှဉ်ကြည့်ပါ။ မ နှင့် က တို့ အသံပြည့်ပြီး မာ့ကြီး/မာ့ငယ်/ကာ့ခုန်ဟု အသ့ ထွက်ရတာ တွေ့ပါလိမ့်မယ်။

အချစ် ဆိုသော စာလုံးသည် ရှေ့ပေါ့ နောက်လေးစာလုံး ဖြစ်၏။ အာ့ချစ် (ဥပမာဘချစ်) ဟု ဖတ်လိုက်လျှင် ရှေ့ ရောနောက်ပါ လေးသည့် ရှေ့လေးနောက် လေး စာလုံးဖြစ်သွားမည်။ ရပ်ရွှေရပ်မျိုးလို စကားလုံးကျတော့ ရှေ့က လေးပြီး နောက်က ပေါ့သည် လေးပေါ့/လေးပေါ့ ပုံစံကို တွေ့မည်။

အင်္ဂလိပ်ကဗျာတွင် ကာရန် rhyme က သတ်သတ်၊ မီတာ metre က သပ်သပ်ဖြစ်သည်။ ထို့ပြင် intonation နှင့် tempo ကိုလည်း တွေ့နိုင်သည်။ ရစ်သမ် rhythm ကို ဆုံးဖြတ်သည်မှာ မီတာဖြစ်၏။Iamb, Spondee, Trochee, Anapest ဆိုသော ဖိသံစနစ် stress များ ရှိသည်။ မှိတ်တုတ်မှိတ်တုတ် ငယ်သော ကြယ်ကဗျာဖြင့် လွယ်လွယ် ပြပါမည်။

Twinkle, Twinkle, Little, Star- အပေါ်တွင် ရှေ့ပစ် (/) ပြထားသော အသံကို ဖိပြီးထွက်ရန် ဖြစ်သည်။ (–)နေရာ ကား ခဏရပ်ရန် pauseဖြစ်သည်။ ထို့ကြောင့် အဖိအဖော့ဖြင့် ကြည့်လျှင် လေးပေါ့/လေးပေါ့/လေးပေါ့/လေး-(နား) ဟု တွေ့မည်။ ထွင်ခယ်/ထွင်ခယ်/ လစ်တလ်/စထား- ဟု လိုင်းတားပြသော စာလုံးများကို ပြင်းပြင်းရွတ်၍ ဖတ်ကြည့်ပါ။ ဤလိုမီတာ စနစ်ကို ကဗျာ၏ ရစ်သမ်ဟု ခေါ်ပါသည်။

(၆)
မြန်မာကဗျာကို အထက်ကကဲ့သို့ မီတာစနစ်ဖြင့် ရစ်သမ် ယူကြရသည်ဟု တစ်ခါမျှ မကြားဖူးခဲ့ပါ။ ကာရန်ကို အဓိက ထားလာသော ဓလေ့ ရှိခဲ့ပြီး အဖိအဖော့ (ဃောသ/အဃောသ) က ရှိလို့ ရှိမှန်းမသိ လောက်အောင်ပင် အလိုလို ပျော်ဝင်ပြီးသား ဖြစ်နေ၍ ဖြစ်သည်။ သို့သော် ကမ္မ၀ါဖတ်ခြင်း မန္တန် ရွတ်ခြင်းများနှင့် နီးစပ်လျှင်တော့ ကောင်းကောင်းသိမည်။

သူတို့လို မီတာစနစ် ကျွန်တော်တိုမှာ မရှိတာ မဟုတ်ပါ။ အဖိအဖော့၊ သံပြင်း သံညှင်းနှင့် ဋ္ဌာန်ကရိုဏ်း ပယတ်တို့မှာ အထူး ပြောစရာ မလိုအောင် အလိုလို သုံး စွဲနေကျ ဖြစ်၍သာ ရှိမှန်း သတိ မထားမိ၍ ဖြစ်သည်။ အလေးအပေါ့ကို အဖြတ်အတောက်ဖြင့် ယူသွားပုံကို ကြည့်ပါ။

မဟာစေတီ (မဟာ/စေတီ)
မွေသရီ၏ (မွေ/သရီ/၏)
မြေညီခင်းပြန့် (မြေညီ/ခင်းပြန့်)
တလင်းသန့်ဝယ်(တလင်းသန့်/ ၀ယ်)

အသံ၏ အလှနှင့် စာလုံး၏ အဓိပ္ပာယ်ကို ပေါ်စေဖို့ အတွက် နှစ်လုံးဖြတ်၊ တစ်လုံးဖြတ်၊ သုံးလုံးဖြတ် ဆိုတာများ တွေ့ပါမည်။ ဤသို့ ဖြတ်လိုက်သော ၂ လုံးနှင့် ၃လုံးများတွင် ဘယ်စာလုံးကို အဖိအဖော့ ဘယ်လို ထည့်မလဲဆိုတာ အထူး သင်နေရသည် မဟုတ်။ နိုင်ငံခြားသားကို ဖတ်ခိုင်းလျှင်တော့ မဟာစေတီကို မာ့ဟာစေဒီးဟု ဖတ်ကောင်းဖတ်မည်။ ကဗျာဖတ်လျှင် အသံထွက်ဖတ် ကြည့်ကြပါ။ ကဗျာ ဆောင်းပါးကိုလည်း အသံထွက် ဖတ်ကြည့်ကြပါရန်။
ကျော်စောမင်း
(ပေဖူးလွှာ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၀)

0 comments:

Post a Comment