ဒါရိုက်တာကုသိုလ်နှင့် တွေ့ဆုံခြင်း
"လူရွှင်တော်ဘ၀က လာခဲ့တယ်ဆိုပေမယ့် အတွေးတစ်ခုခုပေးနိုင်တဲ့ ဟာသမျိုးလေးတွေပဲ ဖန်တီးပေးချင်တယ်"
မေး - လတ်တလောရိုက်ဖြစ်နေတဲ့ ကားလေးတွေအကြောင်း ပြောပြပေးပါဦး။
ဖြေ - လတ်တလောရိုက်ဖြစ်နေတာ က နေတိုးနဲ့ဝတ်မှုန်ရွှေရည်တို့ သရုပ်ဆောင်ထားတဲ့ 'ချိန်ခွင်' ဆိုတဲ့ဇာတ်ကားလေးပါ။ ဗီဒီယိုအဖြစ် ရိုက်ကူးထားပေမယ့် ဒီဗီဒီအဖြစ်ပြန်ပြောင်းဖို့ စိတ်ကူးတော့ရှိပါတယ်။ နေမင်းနဲ့ စိုးမြတ်သူဇာတို့နဲ့ တစ်ကားရိုက်ထားတယ်။ မိုးအောင်ရင်နဲ့ သက်မွန်မြင့်က တစ်ကားရိုက်ထားတယ်။ ဒါပြီးသွားရင်တော့ ပုပ္ပားမှာ ဇာတ်ကားသုံးကား သွားရိုက်မှာပါ။ သရုပ်ဆောင်က မိုးအောင်ရင်နဲ့ဖြစ်မယ်။ မင်းသမီးကတော့ ရွေးချယ်နေတုန်းပါပဲ။
မေး - ရိုက်ကူးမယ့် ဇာတ်ကားအတွက်ရွေးချယ်မှုကိုရော ဘယ်လိုရွေးချယ်ဖြစ်လဲ။
ဖြေ - ကျွန်တော်ရိုက်ကူးမယ့် ဇာတ်ကားအတွက်က အဓိကတော့ ပေးချင်တဲ့ message ကိုပဲရွေးပါတယ်။ ကိုယ်ဖန်တီးမယ့်ဇာတ်ကားရဲ့ message ကို အရင်စဉ်းစားပြီးမှ ဘယ်လိုပုံစံ ဖန်တီးမလဲဆိုတဲ့ presentation ထပ်ပြီးစဉ်းစားပါတယ်။ ဒီကားတစ်ကားကိုဘာ message ပေးချင်လို့ ဖန်တီးမှာလဲဆိုတဲ့ အတွေးအရင်တွေးပြီးမှ ဖန်တီးဖြစ်ပါတယ်။
မေး - message အတွက် စဉ်းစားပြီးမှ ဖန်တီးတာဆိုတော့ တင်ပြမယ့် presentation ပါဝင်မယ့် သရုပ်ဆောင်တွေကိုရော ပရိသတ်နဲ့အံဝင်ခွင်ကျ ဖြစ်အောင်ဘယ်လိုရွေးချယ်လဲ။
ဖြေ - အခု ကျွန်တော်ရိုက်ထားတဲ့ နေမင်းနဲ့ စိုးမြတ်သူဇာကားဆိုရင် ခပ်ချောချောကောင်လေးတွေက မမကြီးတွေဆီက ချူစားတတ်ကြတာကို ရိုက်ထားတာ။ အဲဒီမှာ အခုခေတ် ကောင်လေးတွေ ကိုယ်ပိုင်အရည် အချင်းကို အားမကိုးချင်တတ်ကြတာကို ပြထားတာ။ ဒါပေမယ့်မြန်မာ အမြင်နဲ့သင့်တော်အောင် အဆုံးသတ်ကျတော့ နည်းနည်းလေးပြန်ပြင်ထားတယ်။
မေး - ဇာတ်ကားတစ်ကား ဖန်တီးတဲ့အခါ message ပေးတဲ့အပိုင်းနဲ့ entertainment အပိုင်းကိုရော ဘယ်လိုချိန်ညှိဖြစ်လဲ။
ဖြေ - presentation ပိုင်းအတွက် ကတော့ ကျွန်တော်ကသရုပ်ဆောင် တစ်ယောက်ဖြစ်တာရယ်၊ လူရွှင်တော် ဘ၀က လာတာရယ်ကြောင့် သိပ်ပြီး ပြဿနာတော့မရှိပါဘူး။ messageပိုင်းကတော့ ကျွန်တော်သေချာလေး စဉ်းစားပြီးလုပ်ဖြစ်ပါတယ်။ entertainment ပိုင်းနဲ့ message ပေးတဲ့ အပိုင်းကိုမျှအောင် လုပ်ရတာပေါ့လေ။
မေး - ဒါရိုက်တာတစ်ယောက်အဖြစ် ပရိသတ်အားပေးမှုရလာတဲ့ အနေအထားမှာ တာဝန်ယူရတဲ့ အနေအထားက ပိုကြီးလာလား။
ဖြေ - တာဝန်ပိုကြီးလာပါတယ်။ ဦးကုသိုလ်တို့ ဖန်တီးသူတွေဘက်က ပေါ့ပေါ့ဆဆ ဖန်တီးလို့မရသလို ကြိုးစားအားထုတ်မှုအပိုင်းကိုလည်း အပြည့်အ၀ အာရုံစိုက်ရပါတယ်။
မေး - ဒါရိုက်တာ တစ်ယောက်ရဲ့ တာဝန်ယူမှု အခန်းကဏ္ဍကိုရော ဘယ်လိုနားလည် လက်ခံထားလဲ။
ဖြေ - ရုပ်ရှင်ကားကြီးအနေနဲ့တော့ ဖျော်ဖြေရေး သီးသန့်အပိုင်းပေါ့နော်။ ရင်းနှီးမြှုပ်နှံထားတဲ့ ပမာဏကိုမဆုံးရှုံးအောင် ပြန်အားထုတ်နေကြရတဲ့ သဘောပေါ့။ ရုံတင်တဲ့စနစ်တွေကလည်း သိပ်ပြီးတော့ စနစ်တကျမဖြစ် သေးဘူးပေါ့လေ။ ကျွန်တော်အခု ရိုက်မယ့် ရုပ်ရှင်ကားကြီးက နောက်သုံးနှစ်ကျမှ ရုံတင်ခွင့်ရမယ်။ အဲဒီအခါ ကျွန်တော်ပေးချင်တဲ့ message ကို အဲဒီအချိန်နဲ့အံဝင်ခွင်ကျ မဖြစ်မှာကို စိုးရိမ်ပါတယ်။ ပရိသတ်တွေက ဟာသကားတွေကြည့်ချင်ရင်ဗီဒီယိုကားမှာလည်း ကြည့်လို့ရတယ်။ ဒါပေမယ့် စူပါမင်းသားတစ်လက်၊ စူပါမင်းသမီးတစ်လက်ကိုပဲ ကြည့်လို့ရမယ်။ ရုပ်ရှင်ကားကြီးမှာကျတော့ စူပါမင်းသားတွေ အများကြီးစု၊ စူပါ မင်းသမီးတွေ အများကြီးစု၊ စူပါ လူရွှင်တော်တွေ အများကြီးစုပြီး ပလော့အသစ်တွေနဲ့ရိုက်ပြတဲ့အခါ လတ်တလောအတွက်ဝင်ငွေကောင်း တဲ့ကားလေးတွေဖြစ်လာတာပေါ့လေ။ ကျွန်တော်တို့အနေနဲ့တော့ လူရွှင် တော်ဘ၀ကလာခဲ့တယ်ဆိုပေမယ့် အတွေးတစ်ခုခုပေးနိုင်တဲ့ ဟာသမျိုးလေးတွေပဲ ဖန်တီးပေးချင်တယ်။ ဒါရိုက်တာတစ်ယောက် တာဝန်ယူ ဖန်တီးရတဲ့ အခန်းကဏ္ဍက အရမ်း အရေးကြီးပါတယ်။
မေး - လူရွှင်တော် တစ်ယောက် အဖြစ် ဖန်တီးရတဲ့အရသာနဲ့ အခု ဒါရိုက်တာတစ်ယောက် အဖြစ် ဖန်တီးရတဲ့အရသာ ဘာကွာခြားလဲ။
ဖြေ - လူရွှင်တော်တစ်ယောက် အဖြစ် ရပ်တည်နေခဲ့တုန်းကလည်း ကျွန်တော်တို့ ညစ်ညမ်းပြက်လုံးတွေချည်းပဲ ပြက်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ အတွေးပါတဲ့ ပြက်လုံးကလေးတွေ ဖန်တီးရင်းနဲ့ ရပ်တည်လာခဲ့တာပါ။ အခုဒါရိုက်တာတစ်ယောက် ဖြစ်လာတော့ ပရိသတ်ကို ဆရာလုပ်သလို မဖြစ်အောင် သတိထား ရတာပေါ့။ ဥပမာပြောရရင် အရက်မသောက်ပါနဲ့လို့ တင်ပြခွင့်မရှိဘူး။ အရက်သောက်ရင် မကောင်းဘူးလို့ပဲ တင်ပြခွင့်ရှိတယ်။ ကိုယ့်ကားကိုကြည့်တဲ့ ပရိသတ်ထဲမှာ ကိုယ့်ထက်မြင့်တဲ့ ပရိသတ်ပါသလို ကိုယ့်ထက်ပညာတတ်တဲ့၊ စဉ်းစားဥာဏ်ရှိတဲ့ပရိသတ်တွေ အများကြီးပါပါတယ်။ ဒါကြောင့် ဒါရိုက်တာတစ်ယောက် ဖြစ်လာတဲ့အခါ တာဝန်တွေက အရမ်း အရေးကြီးသွားပြီ။ ကိုယ့်ကားကို ကြည့်တဲ့လူငယ်တွေ အဆိပ်အတောက် မဖြစ်အောင်ပေါ့လေ။
မေး - ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီးရော ရိုက်ဖြစ်ဖို့ရှိလား။
ဖြေ - လာအပ်ကြတဲ့ ကားလေးတွေတော့ အများကြီးရှိပါတယ်။ သူတို့ ပြောတဲ့ ဇာတ်ဖရိမ်လေးတွေကျတော့လည်း လောလောဆယ်တော့ ကျွန်တော်ရိုက်ဖြစ်လိမ့်ဦးမယ် မထင်သေးဘူး။ ကျွန်တော့်စိတ်ကြိုက် ဇာတ်ကလေး တစ်ခုခုဆိုရင်တော့ ရိုက်ဖြစ်မှာပါ။ မြန်မာမှာ သီးသန့်ရှိနေတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေဖြစ်တဲ့ ရေအိုးစင်တို့ ဇရပ်တို့လို အကြောင်းအရာမျိုးတွေကို အခြေတည်ဖန်တီးခွင့်ရရင် ရိုက်ကူးချင်တဲ့ ဆန္ဒမျိုးတော့ ရှိပါတယ်။
သတင်းရင်းမြစ်
http://www.news-eleven.com/
http://www.news-eleven.com/
0 comments:
Post a Comment