မြန်မာအနုပညာရှင် ခြောက်ဦးအဖွဲ့ သြစတြေးလျနိုင်ငံတွင် ဖျော်ဖြေပွဲသုံးပွဲ ဖျော်ဖြေပြီး
ပြန်လည်ရောက်ရှိလာ
ပြန်လည်ရောက်ရှိလာ
မြန်မာအနုပညာရှင် ခြောက်ဦး ပါဝင်သည့် အဖွဲ့သည် သြစတြေးလျ နိုင်ငံတွင် ဖျော်ဖြေပွဲ သုံးပွဲသွားရောက် ဖျော်ဖြေခဲ့ပြီးနောက် အောက်တိုဘာ လကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်ဟု သိရှိရသည်။ မြန်မာအနုပညာရှင်အဖွဲ့တွင် သရုပ်ဆောင်ထွန်းထွန်း (examplez)၊ ခင်လှိုင်၊ ကျော်ထူး၊ ဒိန်းဒေါင်၊ သဇင်နှင့် မိုးပြည့်ပြည့်မောင်တို့ ပါဝင်ပြီး သြစတြေးလျ နိုင်ငံ ဆစ်ဒနီ၊ ပါ့သ်နှင့် မဲလ်ဘုန်းမြို့ တို့တွင် ဖျော်ဖြေပွဲများပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
"ကျွန်တော်တို့ အခုသွားတဲ့ ပွဲလေးက ဖျော်ဖြေရေး သီးသန့်ပွဲလေးပါ။ ပွဲမှာကျွန်တော်တို့ အရင်ရည်ရွယ်ထားတဲ့အတိုင်းပဲ အငြိမ့်ခန်းလေးက ဖြစ်ပါတယ်။ ပြက်လုံးလေးတွေက တော့ သူတို့အရပ် သူတို့ဒေသနဲ့ လိုက် ဖက်တဲ့ ပြက်လုံးကလေးတွေရော၊ ဒီမှာကတည်းက ကြိုတင်စီစဉ်ထားတဲ့ ပြက်လုံးကလေးတွေပါ လုပ်ဖြစ်ပါတယ်။ အငြိမ့်ခန်း အစီအစဉ်လေးတွေအပြင် သီချင်းသီဆို ဖျော်ဖြေမှုလေးတွေလည်း လုပ်ဖြစ်ပါတယ်။ ပရိသတ် အများစုကတော့ မြန်မာတွေများသလိုကျွန်တော်တို့ကို လှိုက်လှိုက်လှဲလှဲ အားပေးကြတာတွေ့ရလို့ ပျော်စရာကောင်းပါတယ်" ဟု ဖျော်ဖြေရေးတွင် ပါဝင်ခဲ့သည့် ထွန်းထွန်းက ပြောပြခဲ့သည်။
သြစတြေးလျ ဖျော်ဖြေရေး ခရီးစဉ်သို့ အောက်တိုဘာလ ဒုတိယပတ်အတွင်း ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ၁၄ရက်နေ့တွင် ပါ့သ်မြို့၊ အောက်တိုဘာလ၂၃ရက်နေ့ တွင် ဆစ်ဒနီမြို့၊ အောက်တိုဘာလ ၂၇ရက်နေ့တွင် မဲလ်ဘုန်းမြို့တို့၌ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရိုက်ကူးရေးမပါရှိဘဲ ဖျော်ဖြေရေးသီးသန့်သာ ဖြစ်သည်ဟု သိရှိရသည်။ ဖျော်ဖြေရေး ခရီးစဉ်များနှင့်အတူ သြစတြေးလျနိုင်ငံ၏ ထင်ရှားသည့် နေရာဒေသများသို့လည်း အလည်အပတ်ခရီးစဉ်များ သွားရောက်ခဲ့ပြီး နိုဝင်ဘာလဆန်းပိုင်းတွင် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်ဟု သိရသည်။
သတင်းရင်းမြစ်
http://www.news-eleven.com
http://www.news-eleven.com
0 comments:
Post a Comment